ဆေးရုံသွားသင့်တဲ့ တုပ်ကွေး
မိုးရာသီဝင်ရောက်လာတာနဲ့အတူတူ ကျနော်တို့ရွှေပြည်ကြီးကို ဝင်လာမဲ့ပြဿနာတခုက တုပ်ကွေးပြဿနာပါပဲ။တုပ်ကွေးဟာ မြန်မာပြည်ကို မိုးတွင်းတခါ ဆောင်းတွင်းတခါ ဝင်ရောက်ပါတယ်။များသောအားဖြင့် မိုးတွင်းမှာဖြစ်လေ့ရှိတဲ့ တုပ်ကွေးက ပိုမိုပြင်းထန်လေ့ရှိပြီး H1N1 ဝင်တုန်းကဆိုရင် လူအသေအပျောက်ပါများခဲ့တာ တွေ့ရပါတယ်။တုပ်ကွေးရောဂါဟာ ပုံမှန်နှာစေးချောင်းဆိုးဖျားနာကိုက်ခဲအဆင့်လောက်နဲ့ ပြီးသွားနိုင်သလို အခန့်မသင့်ရင် အသက်သေဆုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။တုပ်ကွေးဟာ လေထုထဲမှာ ပျံ့ နှံ့နေတာမို့ ကူးစက်ခံရဖို့ အလွန်လွယ်ကူပါတယ်။အထူးသဖြင့် ကလေးငယ်တွေ ၊ ကျောင်းနေအရွယ်တွေ နဲ့ သက်ကြီးရွယ်အိုအရွယ်တွေဆိုရင် ကူးစက်ခံရနိုင်ချေများပြီး ပြင်းထန်မှုလည်းပိုရှိပါတယ်။တုပ်ကွေးအတွက် ကာကွယ်ဆေး ရှိသလားဆိုရင် ရှိပါတယ်။ဒါပေမဲ့ တနှစ်နဲ့တနှစ် ဝင်ရောက်တဲ့တုပ်ကွေးဗိုင်းရပ်စ်အမျိုးအစားတွေ မတူတာမို့ ကာကွယ်ဆေးလည်း တနှစ်တခါ ထိုးဖို့လိုပါတယ်။
များသောအားဖြင့် တုပ်ကွေးဟာ လေးငါးခြောက်ရက်၊ တပတ်လောက်နေရင် သူ့ဟာသူ ပြန်ပျောက်တတ်တာဖြစ်တဲ့အတွက် ပေါ့ပေါ့လျော့လျော့ နေတတ်ကြတယ်။ဒါပေမဲ့ အထက်မှာပြောခဲ့သလို အသက်သေဆုံးနိုင်တဲ့အထိတောင် ပြင်းထန်တတ်တာမို့ မပေါ့ဆသင့်တဲ့ လက္ခဏာတွေကို ပြောပြချင်ပါတယ်။အထူးသဖြင့် ကလေးငယ်တွေမှာ ဒီလိုလက္ခဏာတွေတွေ့ ရင် အရေးပေါ်အခြေအနေလို့ သတ်မှတ်ပြီး ဆေးရုံကို တန်းသွားသင့်ပါတယ်။
(၁) တချိန်လုံး နုန်းပြီး အိပ်ပျော်နေတာ (ဒါမှမဟုတ်) စကားမေးမရ ၊ ချော့မြူလို့မရလောက်အောင် ဘာမှပြန်မတုံ့ပြန်တော့တာ
(၂) ဂနာမငြိမ်ဘဲ တချိန်လုံး ကဂျီကဂျောင်ကျနေတာ
(၃) ကိုယ်ပူကြီးယုံသာမက အနီစက်အနီကွက်တွေပါထွက်လာတဲ့အခါ
(၄) အစားလုံးဝမစားတော့တဲ့အခါ ၊ ရေသာမက တခြားဘာအရည်မှကောင်းကောင်းတိုက်လို့မရတော့တဲ့အခါ
(၅) ခဏပြန်သက်သာသွားပြီးမှ အစကထက် ပိုဆိုးတဲ့အဖျားတို့ ချောင်းဆိုးတာတို့ ပြန်ဖြစ်လာတဲ့အခါ
(၆) အသားအရေက မူလထက်ပိုပြီး သိသိသာသာ ပြာနှမ်းလာတဲ့အခါ
(၇)အသက်ရှုအရမ်းမြန်တာ ၊ အသက်ရှုရခက်တာ
(၈)အသည်းအသန်ငိုပေမဲ့ မျက်ရည်မထွက်တာ
(၉)ဒိုက်ပါမှာလဲ ပုံမှန်ထက် စိုစွတ်မှု နည်းနေတာ
တုပ်ကွေးရဲ့ ပုံမှန်လက္ခဏာတွေဖြစ်တဲ့ ကိုယ်ပူတာ ၊ ချောင်းဆိုးတာ ၊ နှာချေတာ ၊ နှာရည်ယိုတာ ၊ ကိုယ်လက်ကိုက်ခဲပြီး ပင်ပန်းနွမ်းနယ်တာ စတာတွေအပြင် အထက်ပါလက္ခဏာတွေ ကြုံတွေ့လာရပြီဆိုရင်တော့ သင့်ကလေးအတွက် အရေးပေါ်အခြေအနေဖြစ်တာမို့ ဆေးရုံဆေးခန်းကို မြန်မြန်သွားတာ အကောင်းဆုံးပါလို့ အကြံပြုလိုက်ပါတယ်။ဒါ့အပြင် သားသားမီးမီးတွေကို နှစ်စဉ်တုပ်ကွေးကာကွယ်ဆေးထိုးပေးတာ ၊ အားရှိစေမဲ့ အစားအစာတွေကျွေးမွေးတာ ၊ စနစ်တကျလက်ဆေးတဲ့အကျင့်ကိုလေ့ကျင့်သင်ကြားပေးတာတွေ လုပ်ထားခြင်းကလည်း တုပ်ကွေးကြောင့် ဒုက္ခမရောက်စေနိုင်တဲ့ နည်းလမ်းကောင်းများဖြစ်ပါကြောင်း။
Dr.KG