မွေးစမိခင် နို့လှိုင်လှိုင်ထွက်ဖို့
ကလေးမွေးပြီးစ သားဦးမိခင်များအတွက်သာမက နို့တိုက်မိခင်များအားလုံးအတွက် စိတ်ပူပန်ရတတ်သည့် အကြောင်းအရာတရပ်မှာ မိခင်နို့အထွက်နည်းခြင်း ပြဿနာပင် ဖြစ်သည်။ မွေးစမှ ၆ လအထိ မိခင်နို့တမျိုးတည်းကိုသာ တိုက်ကျွေးရမည်ဖြစ်ကြောင်း မွေးစမိခင်တိုင်း သိရှိထားကြသော်လည်း မိခင်နို့အထွက်နည်းနေသည်ဟု ထင်မိခဲ့လျှင်တော့ ကလေးဗိုက်မပြည့်ဖြစ်မည်၊ အဟာရမပြည့်ဝမည်ကို စိုးရိမ်၍ နို့မှုန့်များ၊ ဖြည့်စွက်စာများ တိုက်ကျွေးရန် စဉ်းစားကြမည်မှာ အမှန်ပင်ဖြစ်သည်။
သာမန်အားဖြင့် ကလေးမီးဖွားပြီးချိန်မှစ၍ ဟော်မုန်းများ၏ ပြုပြင်မှုကြောင့် ကလေး နို့စို့ချိန်တွင် ရင်သားရှိ နို့ထွက် ဂလန်းများမှ နို့ရည်များသည် မိခင်၏ နို့သီးခေါင်းမှတဆင့် ထွက်လာမည်ဖြစ်သည်။ အချို့သောနို့တိုက်မိခင်များ (အထူးသဖြင့် သားဦးမိခင်များ) အနေနှင့် မိမိ၏ကလေး နို့မဝမည်ကို စိုးရိမ်သည့်စိတ်ကြောင့် မိမိကိုယ်မိမိ နို့အထွက်နည်းနေသည်ဟု ထင်မိ တတ်ကြသော်လည်း မိခင်နို့စို့နေသည့် ကလေးငယ်တဦးအနေနှင့် ပုံမှန်အတိုင်း ရှိသင့်သည့် ကိုယ်အလေးချိန် တက်လာလျှင် မိခင်နို့လုံလောက်စွာ ထွက်သည်ဟု ယူဆနိုင်ကြောင်း နို့တိုက်မိခင်တိုင်း သိရှိထားကြ သင့်သည်။
သို့ရာတွင်လည့် ကလေး ကိုယ်အလေးချိန်တက်မလာခြင်း၊ ကျသွားခြင်းနှင့် မိခင်နို့ မဝသဖြင့် ကလေးငိုနေတတ်ခြင်း စသည့် အခြေအနေများ ရှိနေလျှင်တော့ မိခင်နို့ အထွက်နည်းနေသည်၊ ကလေးပါးစပ်ထဲ အဝင်နည်းနေသည်ဟု မှတ်ယူနိုင်သည်။
မိခင်နို့အထွက်နည်းခြင်း ဖြစ်နိုင်သည့်အခြေအနေများ
မိခင်နို့ထွက်ခြင်း မထွက်ခြင်းနှင့် ကလေး နို့စို့ခြင်း မစို့ခြင်းသည့် စပ်ဆက်လျက် ရှိပြီး ကလေးနို့စို့လေ မိခင်နို့ထွက်လေဖြစ်သည်။ သို့ဖြစ်၍ မိခင်နို့ များများထွက်ရန် အတွက် ကလေးကို သဘာဝအတိုင်း အကြိမ်ရေများများ နို့တိုက်ပေးရန် လိုသလို ကလေး၏ ကျန်းမာရေးကောင်းစွာနှင့် နို့ကောင်းကောင်း စို့ရန်လည်းလိုသည်။
မိခင်နို့ အထွက်နည်းခြင်းကို ဖြစ်စေသည့် အကြောင်းအရာများ များစွာ ရှိသော်လည်း အဓိက ဖြစ်ပွားစေသော အကြောင်းအရာအနေနှင့် ကလေးနို့ဆာချိန်တွင် လုံလောက်စွာ မတိုက်ခြင်းနှင့် မိခင်နှင့်ကလေး ထိတွေ့မှုနည်းသည့် အခြေအနေများ ကြောင့် မိခင်နို့အထွက်နည်းခြင်းတို့ အများဆုံး ဖြစ်ပွားရတတ်ပြီး အခြားသော မိခင်နို့ အထွက်နည်းခြင်း ဖြစ်ပွားရသည့် အကြောင်းအရာများအနေနှင့်
– ကလေးမွေးပြီးပြီးခြင်း နို့ဦးရည် ကောင်းစွာမတိုက်ရသည့် အခြေအနေများရှိခဲ့ခြင်း
– မိခင်၏ကျန်းမာရေးအခြေအနေ (သို့မဟုတ်) မွေးကင်းစကလေး၏ ကျန်းမာရေး အခြေအနေတခုခုကြောင့် မိခင်နှင့် ကလေး ခွဲ၍ နေနေရခြင်း
– မွေးကင်းစကလေး အသားဝါခြင်းနှင့် အခြားသော နာမကျန်းမှုများ ဖြစ်သည့် အခြေအနေတွင် ကလေးမှိန်းနေခြင်းနှင့် ကောင်းစွာ နို့မစို့ခြင်းများကြောင့် မိခင်နို့ ကောင်းစွာ မထွက်ခြင်း
– မိခင်၏ နို့သီးခေါင်း ကောင်းစွာမဖွံ့ဖြိုးမှုကြောင့် နို့စို့ရာတွင် အခက်အခဲဖြစ်စေခြင်း
– ဖြည့်စွက်စာများ တွဲ၍ကျွေးခြင်းကြောင့် ကလေးနို့ကောင်းကောင်း မစို့တော့ခြင်း
– ကလေးအားမိခင်နို့ တိုက်ရိုက်တိုက်ခြင်းထက် နို့ညှစ်၍ ဘူးဖြင့်တိုက်ခြင်းကြောင့် မိခင်နှင့်ကလေး ထိတွေ့မှု နည်းပါးခြင်းနှင့် ကလေးအနေနှင့် မိခင်နို့စို့ရာတွင် အကျင့် မရှိတော့ခြင်း
– ကလေးငြိမ်စေရန် ချိုလိမ်များပေး၍ စို့စေခြင်းကြောင့် နို့စို့ချိန်တွင် ကောင်းကောင်း မစို့နိုင်တော့ခြင်း
– ကလေးနို့ဆာချိန်တိုင်း နို့တိုက်ခြင်းမျိုးထက် အချိန်နှင့်ခွဲ၍ ကလေးနို့တိုက်ခြင်း
– ကလေးကို နို့ဝအောင် မတိုက်ပဲ နို့သက်ခံစို့ချိန်တွင်ပင် ကလေးဝပြီအထင်နှင့် ဖယ်၍ သိပ်လိုက်ခြင်း
– နို့တိုက်လျှင် မိမိသန်ရာ တဖက်တည်းကို စွဲ၍ တိုက်ခြင်း၊
– မိခင်နို့အထွက်နည်းခြင်းမဟုတ်သော်လည်း ကလေးလျှာခင်တွဲနေခြင်းနှင့် အစာချေ လမ်းကြောင်း ပြဿနာတခုခုကြောင့် နို့ကောင်းကောင်း မစို့နိုင်ခြင်း
– နို့တိုက်မိခင် အစားရှောင်ခြင်းကြောင့် အဟာရမပြည့်ဝခြင်း၊ သွေးအားနည်းခြင်း၊ သိုင်းရွိုက်ဟော်မုန်း အားနည်းခြင်း၊ မီးဖွားပြီး သွေးသွန်ခြင်း၊ အချင်းကျန်ခြင်း၊ ရင်သား ခွဲစိတ်မှု ပြုလုပ်ထားခြင်း၊ မွေးရာပါ ‘မ’ဟော်မုန်းနှင့်ဆိုင်သည့်ရောဂါများ ခံစားနေရခြင်း၊ ကိုယ်ဝန်မရအောင်တားသည့် နေ့စဉ်သောက် လက်ညှိုထိုး ဆေးကတ်များ သောက်သုံး နေခြင်း၊ ဆေးလိပ်သောက်ခြင်း စသည့်အခြေအနေများ ကြောင့်လည်း မိခင်နို့ အထွက်နည်းခြင်း ဖြစ်စေနိုင်သည်။
မိခင်နို့အထွက်များစေရန်အတွက်
ပုံမှန်အတိုင်း နို့တိုက်နေသော်လည်း နို့မဝသည့် လက္ခဏာများတွေ့ရှိရလျှင် (သို့မဟုတ်) မိခင်နို့ အထွက်နည်းသည်ဟု ထင်နေသည့် နို့တိုက်မိခင်များအနေနှင့် အထက်ဖော်ပြပါ နို့အထွက်နည်းစေသည့် အခြေအနေများ မရှိစေရန်အထူး ဂရုပြု သင့်ပြီး လိုအပ်လျှင် ကုသမှုခံယူသင့်သည်။ ထို့အပြင် အောက်ပါအကြောင်းအရာ များကို ဂရုပြု လုပ်ဆောင်ခြင်းဖြင့်လည်း မိခင်နို့ အထွက်များ စေနိုင်မည်ဖြစ်သည်။
(၁) ရေဓာတ်ပြည့်ဝအောင်နေပါ
နို့တိုက်မိခင်များ မိခင်နို့များများထွက်စေရန်အတွက် ရေဓာတ်ပြည့်ဝနေစေရန် အလွန်အရေးကြီးသည်။ တနေ့လျှင် အနည်းဆုံး သောက်ရေသန့် သုံးဘူးခန့် သောက်ပေးရန် လိုအပ်သလို အခြားသော လတ်ဆတ်သည့် သစ်သီးဖျော်ရည်များ၊ ဟင်းချို၊ စွပ်ပြုတ်များလည်း များများသောက်ပေးသင့်သည်။
(၂) အဟာရဓာတ်ပြည့်ဝအောင်စားပါ
နို့တိုက်မိခင်တဦးအနေနှင့် နို့လှိုင်လှိုင်ထွက်စေရန်သာမက မိခင်နို့အတွင်း လုံလောက်သော အဟာရဓာတ်များ ပြည့်စုံစွာပါဝင်စေရန်နှင့် ကလေးမွေးပြီးနောက်ပိုင်း ဖြစ်သော ဇီဝကမ္မဖြစ်စဉ်များ ပုံမှန် အတိုင်းဖြစ်စေရန်အတွက် အဟာရဓာတ်များ ပုံမှန် ထက် ပို၍လိုအပ်သည်။ အထူးသဖြင့် အသားဓာတ်ပြည့်ဝသည့် အစားအစားများ ဖြစ်သည့် အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့နှင့် နို့ထွက်ပစ္စည်းများ စသည်တို့ကို ပုံမှန် ထက် ပိုမိုစားသုံးပေးသင့်သည်။
အထူးဂရုပြုရန်မှာ နို့တိုက်မိခင်များအနေနှင့် ကလေး လေပွမည်၊ ဗိုက်နာမည်စိုး၍ အစားစုံအောင်မစားပဲ အစားရှောင်ခြင်းကြောင့် မိခင်နို့တွင် လိုအပ်သော အဟာရဓာတ် မပါဝင်ရုံသာမက မိခင်နို့ အထွက် နည်းခြင်းကြောင့် ကလေးကိုယ်အလေးချိန် ကျဆင်းခြင်းနှင့် အဟာရချို့တဲ့ခြင်းများပါ တွဲ၍ ခံစားရ တတ်ကြောင်း သတိပြုသင့်သည်။
(၃) ဖြည့်စွက်စာများ၊ အားဆေးများ သောက်သုံးပေးပါ
နို့တိုက်မိခင်များအနေနှင့် နီးစပ်ရာဆရာဝန်၊ သူနာပြုဆရာမများနှင့် တိုင်ပင်ပြီး ကယ်လဆီယမ်ဓာတ်၊ သံဓာတ်၊ ဖောလစ်အက်ဆစ်နှင့် ဗိုက်တာမင် “D” ပါဝင်သော အားဆေးများ၊ ဖြည့်စွက်စာများ သောက်သုံးပေးခြင်းဖြင့် နို့တိုက်မိခင်ကော ကလေးပါ လိုအပ်သော အဟာရဓာတ်များ ရရှိစေနိုင်ရုံသာမက မိခင်နို့လည်း အထွက်များစေ နိုင်သည်။
(၄) ကလေးနို့စို့လေ နို့အထွက်များလေဖြစ်သဖြင့် ကလေးနို့ဆာချိန်တိုင်း မကြာခဏ နို့တိုက်ပေးပါ
ကလေးငယ်အနေနှင့် နို့ဆာနေကြောင်း မပြောပြတတ်သလို ကလေးနို့ဆာချိန် သည် အချိန်အတိအကျ မဟုတ်နိုင်သဖြင့် နာရီဘယ်လောက် ဘယ်မျှ သတ်မှတ်၍ တိုက်ခြင်းမျိုးထက် ကလေးငိုချိန်တိုင်း ဗိုက်ဆာသည်ဟု ယူဆ၍ တိုက်ပေးရမည် ဖြစ်သည်။ သာမန်အားဖြင့် ကျန်းမာနေသော မွေးကင်စ ကလေးငယ်တဦးအား နေ့ပိုင်းအချိန်များတွင် တနာရီခွဲ / နှစ်နာရီခန့်ကြာတိုင်း နို့တိုက်ပေးသင့်သလို ညပိုင်း အချိန်များတွင်လည်း ၄နာရီ ကြာလျှင် တကြိမ်ခန့် နှိုး၍ နို့တိုက်ပေးသင့်သည်။
မိခင်၏ အလုပ်အကိုင်ကြောင့် ရုံး/အလုပ်သွားရချိန်များတွင် မိခင်နို့ကို ၅နာရီခြားလျှင် တခါ ညှစ်၍ ဘူးအတွင်းထည့်၍ တိုက်ပေးနိုင်သော်လည်း သာမန်အားဖြင့် မွေးကင်းစ ကလေး မိခင်များအနေနှင့် မလိုအပ်ပဲ နို့ဘူးများဖြင့် နို့တိုက်စေခြင်းကို ရှောင်ကျဉ် သင့်သည်။
(၅) ကလေးဗိုက်ဝသည်အထိ နို့တိုက်ပေးပါ
ကလေးနို့များများစို့လေ မိခင်နို့ များများထွက်လေ ဖြစ်၍ ကလေးနို့ဝ၍ အိပ်ပျော် သွားချိန်အထိ နို့တိုက်ပေးရမည်ဖြစ်သည်။ နို့တိုက်ရာတွင်လည်း တဖက်တည်း အားပြု၍ တိုက်ခြင်းမျိုးထက် ၁၅မိနစ်လျှင် တကြိမ်ခန့် ဘက်ပြောင်း၍ ကလေးဗိုက်ပြည့် သည်အထိ တိုက်ပေးခြင်းဖြင့် မိခင်နို့ပိုထွက်စေနိုင်သလို နို့ကြောင်းပိတ်ခြင်းကြောင့် ရင်သားတင်းခြင်းနှင့် ရင်သားကင်ဆာကဲ့သို့ ကင်ဆာရောဂါများကိုလည်း ကာကွယ် နိုင်မည် ဖြစ်သည်။ တနေ့လျှင် အနည်းဆုံး၈ကြိမ်မှ ၁၂ကြိမ်အထိ နို့တိုက်ပေးသင့်သည်။
(၆) သင့်တော်သော အနေအထားဖြင့် နို့တိုက်ပေးပါ
နို့တိုက်ရာတွင် ပုံစံမကျခြင်းကြောင့် ကလေးကော မိခင်ပါ အဆင်မပြေ ဖြစ်နိုင်ပြီး သင့်တော်သော အနေအထား ပြင်ဆင်ပြီးမှ နို့တိုက်ပေးခြင်းဖြင့် ကလေးနို့ဝသည်အထိ အချိန်အတော်ကြာအောင် နို့တိုက်ပေးနိုင်မည်ဖြစ်သည်။ နို့တိုက်ရာတွင် နို့သီးခေါင်း တခုလုံး ကလေးပါးစပ်အတွင်းဝင်စေရန်အတွက်ကိုလည်း အထူးဂရုပြု ပေးသင့်သည်။
(၇) နို့တိုက်နေစဉ်တွင် လက်တဖက်ဖြင့် ရင်သားကို နှိပ်နယ်ပေးပါ
(၈) နို့သီးခေါင်း သေးငယ်သူများနှင့် နာကျင်မှုခံစားရသူများအနေနှင့် မိမိကလေး နို့စို့ရာတွင် အဆင်ပြေစေရန်အတွက် ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူနိုင်သည့် နို့သီးခေါင်းအကာအကွယ်များ အသုံးပြုပေးပါ
(၉) နို့တိုက်မိခင်များ ကောင်းကောင်းအနားယူပါ
စိတ်ဖိစီးမှုမှ သက်သာစေရန်နှင့် လုံလောက်သော အနားရစေအတွက် ကလေး အိပ်ချိန်များတွင် ကလေးနှင့်အတူ လိုက်၍ အိပ်ပေးသင့်ပြီး နို့အထွက်နည်းနေသည်ဟု သတိထားမိလျှင် အိပ်ချိန်စားချိန်ကို ပိုမို ဂရုစိုက်ပေးသင့်သည်။
(၁၀) လိုအပ်လျှင် Breast Pump ခေါ် နို့ညှစ်စက်များအသုံးပြုပေးပါ
အကယ်၍ သင့်ကလေးငယ်သည် နို့တဖက်တည်းစို့ကာ ဗိုက်ပြည့်သွားလျှင် (သို့မဟုတ်) တဖက်တည်းကိုသာ အားပြု၍ တိုက်တတ်သော မိခင်များအနေနှင့် ရင်သားတင်းခြင်းမှ ကာကွယ်ရန်နှင့် ရင်သားနှစ်ဖက်စလုံး နို့အထွက် ညီစေရန်အတွက် Breast Pump များအသုံးပြုပေးနိုင်သည်။ သို့ရာတွင် လိုအပ်မှသာ အသုံးပြုပေးသင့်ပြီး ကလေးကိုယ်တိုင် စို့စေခြင်းကိုသာ အဓိက အားပြုလုပ်ဆောင်သင့်သည်။
(၁၁) အဆင်မပြေလျှင် နီးစပ်ရာဆရာဝန်နှင့်တိုင်ပင်ပြသ ကုသမှုခံယူပါ
အထက်ဖော်ပြပါ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သော်လည်း နို့အထွက် နည်းနေသေးသည့် နို့တိုက်မိခင်များအနေနှင့် နီးစပ်ရာဆရာဝန် (သို့မဟုတ်) သားဖွားမီးယပ်ပါရဂူများနှင့် တိုင်ပင်၍ လိုအပ်သော ဆေးဝါးများဖြင့် ကုသမှု ခံယူသင့်သည်။
ကလေးမွေးစမိခင်တိုင်း မိခင်နို့လှိုင်လှိုင်ထွက်၍ စိတ်ချမ်းသာကြပါစေ။
Dr. Tint Tal