ဘေဘီလေးတွေ တနေ့တခါ ဝမ်းမသွားရင် စိုးရိမ်ရသလား။
မိဘအတော်များများအနေနဲ့ မွေးကင်းစလေးတွေ၊ ကလေးငယ်လေးတွေ အရိပ်တကြည့်ကြည့်နဲ့ ကြည့်ပြီး ဂရုစိုက်ကြပါတယ်။
ကလေးငယ်တွေ ဝမ်းသွားတာများရင်လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်နေလားလို့ စိုးရိမ်တတ်ကြသလို ဝမ်းမသွားဘဲနေရင်လည်း ဝမ်းချုပ်နေလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။
ဆေးပညာအရ သတ်မှတ်ထားတာကတော့ လူတယောက်ဟာ တပတ်မှာ အနည်းဆုံး ဝမ်းသုံးကြိမ် သွားရပါမယ်။ အဲ့လိုမှ မသွားဘူးဆိုရင်တော့ ဝမ်းချူပ်တယ်လို့ သတ်မှတ်ပါတယ်။
သို့သော် ဝမ်းချူပ်ခြင်းဆိုတဲ့ အနက်အဓိပ္ပာယ်က တော်တော်ကျယ်ပြန့်ပါတယ်။ သွားတဲ့ဝမ်းဟာ ခြောက်ကပ်မာခဲနေပြီး ဝမ်းသွားဖို့တအားညှစ်နေရတာကိုလည်း ဝမ်းချူပ်တယ်လို့ ပြောနိုင်သလို ဝမ်းသွားပြီးနောက် အထဲမှာ ဝမ်းကျန်နေသလိုမျိူး ခံစားရရင်လည်း ဝမ်းချူပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။
ဝမ်းချုပ်ခြင်းဟာ ကလေးငယ်တွေမှာအဖြစ်များတဲ့ကိစ္စတခုဖြစ်ပါတယ်။
ကလေးငယ်တွေဟာ
– အမျှင်ဓါတ်ပါတဲ့ အစားစာတွေကို (ဟင်းသီးဟင်းရွက်) အစားနည်းတာ
– အရည်သောက်နည်းတာ
– နို့စို့ကလေးငယ်တွေဆိုပါက သူတို့ရဲ့မိခင်တွေအနေနဲ့ ဟင်းသီးဟင်းရွက်အစားနည်းပြီး ကောက်ညှင်းလိုမျိုး ဝမ်းမာစာတွေ အစားများတာ
– မိဘတွေက အိမ်သာသွားတတ်အောင် သေချာမလေ့ကျင့်ပေးတာတွေကြောင့် ဝမ်းချုပ်ခြင်းဖြစ်နိုင်ပါတယ်။
မိခင်နို့ကနေ နို့ဗူးပြောင်းတိုက်တဲ့အခါ၊ ခြောက်လပြည့်လို့ ဖြည့်စွက်စာစကျွေးတဲ့အခါ၊ ခရီးသွားတဲ့အခါ၊ ကျောင်းစတက်တဲ့အခါ၊ စိတ်ဖိစီးစရာများတဲ့ အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။
ဒါ့အပြင် အူလမ်းကြောင်းကြွက်သားတွေနဲ့ အာရုံကြောတွေကို ထိခိုက်စေတဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတခုခုရှိတာ၊ သိုင်းရွိုက်ဟော်မုန်း အားနည်းတာ၊ ကျောရိုးအာရုံကြောမကြီးမှာ မွေးရာပါချို့ယွင်းချက်တခုခုရှိတာ စတဲ့အခြေအနေတွေကြောင့်လည်း ဝမ်းချုပ်ခြင်းဖြစ်နိုင်ပါတယ်။
သို့သော် ကလေးငယ်လေးတွေရဲ့အူလမ်းကြောင်းကြွက်သားတွေဟာ မွေးစကနေ တနှစ်အရွယ်ထိ ဖွံ့ဖြိုးဆဲကာလမှာပဲ ရှိသေးတဲ့အတွက် ကလေးငယ်တွေဟာ အသက်တနှစ်ထိကို ဝမ်းသွားပုံက ပုံမှန်မဟုတ်တတ်ပါ။
အကြမ်းဖျင်းအနေနဲ့ပြောရရင် ကလေးငယ်အများစုဟာ တနေ့ကို နှစ်ကြိမ် လောက် သွားတတ်ပါတယ်။ သို့ပေမယ့် တခါတရံမှာ တရက်ကို လေးငါးကြိမ်လောက်သွားတာမျိုးလည်းရှိသလို တပတ်လောက်ထိကို ဝမ်းမသွားတာမျိုးလည်းရှိပါတယ်။
တရက်ကို လေးငါးကြိမ်သွားတိုင်း ဝမ်းလျှောတယ်ပြောမရသလို တပတ်လောက်ထိ ဝမ်းမသွားတိုင်းလည်း ကလေးငယ်ဝမ်းချုပ်နေပြီလို့သတ်မှတ်မရပါ။
ဒီအထိဖတ်ပြီး မိခင်တွေအနေနဲ့ ဒါဆို ကလေးက သုံးလေးရင် ဝမ်းမသွားရင် တပတ်လောက်ဝမ်းမသွားရင်လည်းမစိုးရိမ်ရဘူးလား၊ ဆေးခန်းပြဖို့မလိုဘူးလားလို့ မေးစရာရှိပါတယ်။
ဝမ်းမသွားတာနဲ့အတူ ကလေးငယ်ဟာ မလန်းတာ၊ မှိန်းတာ သို့မဟုတ် ဂဏှာမငြိမ်ဖြစ်ပြီး အီနေတာ၊ ဗိုက်ကြီးဖောင်းလာတာ၊ အစားကောင်းကောင်းမစားတာ၊ နို့ကောင်းကောင်းမစို့တာ၊ ဝမ်းထဲသွေးပါတာ တွေဖြစ်လာရင်တော့ စိုးရိမ်ရပြီး နီးစပ်ရာဆေးရုံဆေးခန်း ပြဖို့လိုပါတယ်။
ငါးရက် ဆယ်ရက်အကြာမှ ဝမ်းတခါသွားတာမျိုး မကြာခဏဖြစ်နေရင်လည်း ဆေးခန်းပြဖို့လိုပါတယ်။
မိဘတွေအနေနဲ့ ဝမ်းချုပ်နေတဲ့ကလေးကို မိမိသဘောနဲ့မိမိ ဝမ်းချူတာ၊ ဝမ်းနုတ်ဆေးတွေတိုက်တာမျိုး လုံးဝမလုပ်ပါနဲ့လို့ အဆုံးသတ်အနေနဲ့မှာချင်ပါတယ်။
Dr 528