ဟယ်လီကော်ပတာမိဘ နဲ့ အသည်းမာတဲ့မိဘ
ကလေးငယ်တွေကို ထိန်းကျောင်းပဲ့ပြင်တာဟာ ပန်းကလေးတွေကို ပြုစုပျိုးထောင်ရသလိုပါပဲ။အလွန်သိမ်မွေ့နူးညံ့ပါတယ်။တခုခု မှားခဲ့ရင် ပန်းကလေးတွေဟာ ဝေဝေဆာဆာ မပွင့်လန်းနိုင်ဘဲ ညှိုးနွမ်းသွားနိုင်သလို သားသားမီးမီးလေးတွေရဲ့ တောက်ပတဲ့အနာဂတ်လေးတွေဟာလည်း ပဲ့ပြင်ထိန်းကျောင်းပုံ မှားခဲ့ရင် အရွယ်မတိုင်ခင်ကတည်းက မှေးမှိန်သွားနိုင်ပါတယ်။ဒါကြောင့် ဆင်ခြင်သုံးသပ်နိုင်ဖို့ရာ မှားယွင်းတဲ့ပဲ့ပြင်ထိန်းကျောင်းနည်း ၂ ခုကို ဖော်ပြပေးလိုက်ပါတယ်။
ဟယ်လီကော်ပတာ မိဘ (Helicopter Parent)
ဒီနေ့ခေတ် ကလေးငယ်များပဲ့ပြင်ထိန်းကျောင်းခြင်းကိစ္စတွေကို ပြောတဲ့အခါမှာ Helicopter Parenting ဆိုတဲ့စကားလုံးဟာ သိပ်ခေတ်စားပါတယ်။ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးကြတဲ့အတိုင်း အန္တရာယ်ကြီးတဲ့လူဆိုးတွေကို ဖမ်းတဲ့အခါ ၊ အထူးလုံခြုံရေးပေးဖို့လိုအပ်တဲ့အခါ၊ နေရာတခုခုကို သေချာစောင့်ကြည့်ဖို့လိုအပ်တဲ့အခါတွေမှာ ဟယ်လီကော်ပတာတွေကို မိုးပေါ်မှာ တဝီဝီနဲ့နေအောင်ကို အများအပြားအသုံးပြုတတ်ကြပါတယ်။သားငယ်သမီးငယ်များကို ထိန်းကျောင်းပဲ့ပြင်တဲ့အပိုင်းမှာတော့ လိုတာထပ်ပိုပြီး ဂရုတစိုက်ရှိတတ်တဲ့ ၊ မျက်စိအောက်က အပျောက်မခံလောက်အောင်ကို စောင့်ကြည့်ထိန်းသိမ်းတတ်တဲ့ မိဘတွေကို ဟယ်လီကော်ပတာနဲ့တူတဲ့ မိဘတွေလို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ဒီနေ့ခေတ်မှာ ဟယ်လီကော်ပတာလို ကလေးထိန်းတဲ့နည်းကို အသုံးမပြုသင့်ဘူးလို့ ဝေဖန်ပြောဆိုသူအများအပြား ရှိပါတယ်။အကြောင်းကတော့ ကလေးတွေရဲ့ လွတ်လပ်စွာ စူးစမ်းလေ့လာခွင့်တွေကို ပိတ်ပင်သလို ဖြစ်တာကြောင့်လို့ ပြောလို့ရပါတယ်။
ဟယ်လီကော်ပတာ မိဘတွေရဲ့ အမူအကျင့်တွေ
– ကလေးငယ်တွေကို တချိန်လုံး သူတို့အပေါ် မှီခိုစေချင်ကြတယ်
– ကလေးငယ်က သူ့ဘာသာသူ တယောက်တည်း လုပ်ချင်တဲ့ဆန္ဒရှိနေတာတောင်မှ လက်မခံချင်ဘူး။သူတို့ကိုယ်တိုင်လိုက်လုပ်ပေးရမှ စိတ်ချကျေနပ်ကြတယ်။
– ကိစ္စတစ်ခုခုမှာ ကိုယ့်သားသမီး မအောင်မြင်မှာ ဆုံးရှုံးမှာကို တွေးပူပြီး ကိုယ်တိုင်ဝင်ဆောင်ရွက်ပေးတတ်ကြတယ်။
– ကလေးရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အမြဲလိုလို သံသယရှိနေတတ်ပြီး လက်မခံချင်တတ်ကြဘူး
– ကလေးအတွက် ကြီးထွားရင့်ကျက်စေမဲ့ ပတ်ဝန်းကျင် အခြေအနေမျိုး မဖန်တီးပေးနိုင်ကြဘူး
– တချိန်လုံး ထိန်းချုပ်ဖို့ ၊ အမိန့်ပေးဖို့ နဲ့ စီမံဖို့ ကြိုးစားနေတတ်လို့ ကလေးငယ်တွေအဖို့ လှောင်ပိတ်ခံရတဲ့ ခံစားချက်မျိုး ၊မွန်းကြပ်တဲ့ခံစားချက်မျိုး ဖြစ်ပေါ်စေတယ်။
ဘယ်တော့မှ လာမကယ်မဲ့ မိဘ (or) အသည်းမာတဲ့မိဘ (No-Rescue Parent)
ဒီလို မိဘတွေကြတော့ ရှေ့က ဟယ်လီကော်ပတာမိဘတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တယ်။သူတို့အယူအဆက ကလေးတွေဟာ ခပ်ကြမ်းကြမ်းအတွေ့အကြုံတွေကို ဖြတ်သန်းဖူးမှ အကောင်းဆုံးသင်ယူနိုင်မယ်လို့ ထင်ကြတယ်။ခွေးစားစား ဝဲစွဲစွဲ ဒီအတိုင်း ပစ်ထားပြီး ကြည့်နေမယ့် မိဘမျိုးတွေပေါ့။သူတို့ကြပြန်တော့လည်း အစွန်းရောက်တယ်လို့ ပြောလို့ရပါတယ်။
ဘယ်တော့မှ လာမကယ်မဲ့ မိဘတွေရဲ့ အမူအကျင့်တွေက
– ဘယ်ကိစ္စမဆို မှားနေလည်း အမှန်ကို မပြောပြဘဲ အမှားလုပ်နေတာကိုပဲ မှန်လာနိုးနိုးနဲ့ စိမ်ပြေနပြေ ထိုင်ကြည့်နေတတ်တယ်
– ကလေးရဲ့ အခြေခံလိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးလေ့မရှိကြဘူး
– ကလေးဆိုတာ တဖြည်းဖြည်းချင်း တဆင့်ချင်း ဖွံ့ဖြိုးကြီးထွားလာတယ်ဆိုတာကို မေ့နေတတ်ကြပြီး ဘာမဆိုလုပ်နိုင်မှာပဲလို့ ထင်နေတတ်ကြတယ်
– ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကို လျစ်လျူရှုထားတတ်ကြတယ်
– ကလေးအပေါ်မှာ ညှာတာစိတ်မရှိတတ်ကြဘူး
ကိုကောင်း (ဆေး ၁)