ကလေးတွေမှာအဖြစ်များတဲ့ မျက်စိစွေခြင်း
ပုံမှန်အားဖြင့်ဆိုရင် ကျွန်တော်တို့ တစုံတခု တစုံတယောက်ကို ကြည့်တဲ့အခါ ကျွန်တော်တို့ရဲ့မျက်စေ့နှစ်လုံးလုံးဟာ လိုက်လျောညီထွေ လိုက်ရွေ့ကြည့်ရပါတယ်။
ဥပမာ ဘယ်ဘက်မှာရှိတဲ့ အရာဝတ္ထုကိုကြည့်ရင် ဘယ်မျက်စေ့ရော၊ ညာမျက်စေ့ရောဟာ ဘယ်ဘက်ကို ရွေ့လျားကြပါတယ်။
ထို့အတူ ညာဘက်မှာရှိတဲ့ အရာဝတ္ထုကိုကြည့်ရင်လည်း ဘယ်မျက်စေ့ရော၊ ညာမျက်စေ့ရောဟာ ညာဘက်ကို ရွေ့လျားကြပါတယ်။
မျက်စိစွေတယ်ဆိုတာဟာ တစုံတခု တစုံတယောက်ကို ကြည့်တဲ့အခါ မျက်စေ့နှစ်လုံးမှာ တလုံးကပဲလိုက်ရွေ့ကြည့်ပြီး ကျန်တဲ့တလုံးက လိုက်လျောညီထွေ လိုက်မရွေ့ကြည့်နိုင်ဘဲ အပေါ်၊ အောက်၊ အတွင်း၊ အပြင် စတဲ့နေရာတွေ ရောက်နေခြင်း ဖြစ်ပါတယ်။
မျက်စိတလုံးနဲ့တလုံး အလိုင်းမင့် (alignment) မညီတာပါ။
မျက်စိစွေတာကို ဆေးပညာအရ squint သို့မဟုတ် strabismus လို့ခေါ်ပါတယ်။
မျက်စိစွေခြင်းဟာ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပါတယ်။
ကလေးငယ်လေးတွေမှာပိုပြီး အဖြစ်များတတ်ပါတယ်။
မျက်စိစွေခြင်းဖြစ်တဲ့အခါမှာ ဖြစ်နိုင်တဲ့လက္ခဏာတွေကတော့
– မျက်စိနှစ်လုံးက မညီတာ
– တစုံတခု တစုံတရာကိုကြည့်ရင် မျက်လုံးနှစ်လုံးက လိုက်လျောညီထွေမရွေ့ဘဲ ဖြစ်နေတာ
– နှစ်ရိပ်နှစ်ထပ်မြင်တာ
– အမြင်အာရုံလျော့နည်းလာတာ၊ ဝေဝါးလာတာ
– မိမိနဲ့ အရာဝတ္ထုတွေအကြား အကွာအဝေးကို မခန့်မှန်းနိုင်တာ စသဖြင့်ပါ။
ဒီလက္ခဏာတွေက အမြဲဖြစ်နေတာမျိုးလည်းရှိသလို တချို့တွေမှာဆိုရင် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာမျိုးလည်းရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလက္ခဏာတွေ မိမိကလေးမှာဖြစ်နေပြီဆိုပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းပြသပြီး မျက်စိစွေခြင်းဟုတ်မဟုတ် စမ်းသပ်စစ်ဆေးကြည့်ဖို့လိုပါတယ်။
စမ်းသပ်စစ်ဆေးကြည့်လို့ မျက်စိစွေခြင်းဖြစ်နေတယ်ဆိုရင် အချိန်မဆွဲဘဲကုသဖို့လိုပါတယ်။
ဘာလို့လဲဆိုတော့ မျက်စိစွေနေပါက တစုံတခု တစုံတရာကို ကြည့်တဲ့အခါ မျက်စိနှစ်လုံးက လိုက်လျောညီထွေလိုက်မရွေ့တဲ့အတွက် ဦးနှောက်က ပုံရိပ်နှစ်မျိုးကို လက်ခံရရှိပါတယ်။
အဲ့ဒီအခါမှာ ဦးနှောက်အနေနဲ့ ရှုပ်ထွေးသွားကာ ရှုပ်ထွေးမှုကို ကုစားတဲ့အနေနဲ့ လက်ခံရရှိတဲ့ ပုံရိပ်နှစ်မျိုးထဲက အားကောင်းတဲ့ မျက်လုံးဖက်က ပို့တဲ့ပုံရိပ်ကိုပဲ ဦးစားပေးယူပြီး ကျန်တဲ့ အားနည်းတဲ့ အလိုင်းမင်းမမှန်တဲ့ မျက်လုံးဖက်က ပုံရိပ်ကို လျစ်လျူရှုလိုက်ပါတယ်။
ကြာလာတဲ့အခါ ဦးနှောက်လျစ်လျူရှုတာခံရတဲ့ အားနည်းတဲ့မျက်လုံးဟာ ပိုအားနည်းလာပြီး အမြင်အာရုံဖွံ့ဖြိုးမှုနှေးကွေးတာ၊ ကောင်းကောင်းမမြင်ရတော့တာ၊ အမြင်အာရုံချွတ်ယွင်းတာတွေကို ကလေးက ခံစားရနိုင်ပါတယ်။
ဒီလိုမျိုးအခြေအနေကို ဆေးပညာအရ Amblyopia သို့မဟုတ် lazy eye လို့ခေါ်ပါတယ်။
မျက်စိစွေခြင်းကိုဖြစ်နိုင်တဲ့အကြောင်းတွေကတော့
– မျိုးရိုးလိုက်တာ
– မွေးရာပါဖြစ်တာ
– မျက်လုံးကြွက်သားတွေအားနည်းတာ သို့မဟုတ် မျက်လုံးကြွက်သားတွေကို ထိန်းချုပ်တဲ့အာရုံကြောတွေမှာ ရောဂါပြဿနာရှိတာ
– မျက်လုံးထိခိုက်ဒဏ်ရာရတာ
– အတွင်းတိမ်၊ ရေတိမ်ရောဂါဖြစ်တာ၊ မျက်လုံးအတွင်း အဖုအကျိတ်တည်တာ
မျက်လုံးမှာ အလင်းချိန်ညှိမှုဆိုင်ရာ ပြဿနာရှိတာ (အဝေးမှုန်၊ အနီးမှုန်) စသဖြင့် အများကြီးရှိပါတယ်။
ကုသမှုအနေနဲ့ကတော့ ရောဂါအခြေအနေရယ်၊ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး မျက်မှန်တပ်ရတာ၊ မျက်စိတဖက်အုပ်ထားရတာ၊ မျက်စိတိမ်ရှိရင် ဖယ်ရှားရတာ၊ မျက်စိကြွက်သားတွေကို ခွဲစိတ်ကုသရတာ၊ မျက်စိလေ့ကျင့်ခန်းလုပ်ရတာ စသဖြင့် ကုသမှုနည်းလမ်းအမျိုးမျိုးရှိပါတယ်။
အဆုံးသတ်အနေနဲ့ မှာချင်တာကတော့ ကလေးတွေမှာ မျက်စိစွေခြင်းဖြစ်ရင် အချိန်မဆွဲဘဲ ချက်ချင်းကုသပေးဖို့ မှာချင်ပါတယ်။ အပေါ်မှာလည်း တခါပြောခဲ့ပါတယ်။
အချိန်မဆွဲဘဲကုသရင် အရှင်းပျောက်ကင်းနိုင်ကာ ကောင်းမွန်တဲ့ အမြင်အာရုံလည်းရနိုင်ပါတယ်။
အချိန်လွန်မှကုရင်ကျ တချို့တွေမှာ မျက်လုံးပြန်တည့်သွားသည့်တိုင်အောင် ဘဝတလျှောက်လုံး ကောင်းမွန်တဲ့ အမြင်အာရုံမရနိုင်တော့တာမျိုး ဖြစ်နိုင်ပါတယ်။
Dr. 528