မိဘရယ်လို့ဖြစ်လာရင် မိမိကလေးကို ထူးချွန်စေချင်တာ မေတ္တာအရင်းခံတဲ့ ချစ်စရာလောဘတစ်ခုဖြစ်ပါတယ်။
ဒီနေရာမှာအရေးကြီးတဲ့ အချက်တစ်ချက်ကတော့ မိဘတွေအနေနဲ့ မိမိသားသမီးရဲ့ ထူးချွန်မှုကို ကျောင်းပညာရေးပေါ်ပဲ အခြေခံပြီး ထူးချွန်တယ် မထူးချွန်ဘူး သတ်မှတ်တတ်သလို ဖိအားလည်းပေးကြလေ့ရှိပါတယ်။
ဒါဟာအမှားတစ်ခုလို့တော့ ဆိုလို့မရပေမဲ့ အပြည့်အဝမှန်တဲ့ အချက်တစ်ချက်တော့ မဟုတ်ပါဘူး။
ရှေးကျတဲ့ အုပ်ထိန်းမှုပုံစံတွေ၊ ပညာရေးစနစ်တွေနဲ့ လူနေမှုစနစ်တွေမှာ ကလေးတစ်ယောက်ရဲ့ ထူးချွန်မှုကို academic point of view လို့ခေါ်တဲ့ ကျောင်းစာမှာ ဘယ်လောက်ထူးချွန်လဲ ၊ စာမေးပွဲတွေမှာ ဘယ်လို အဆင့်တွေရလဒ်တွေရလဲဆိုတဲ့ အချက်တွေကို အဓိကထားပြီး အကဲဖြတ်တိုင်းတာခဲ့ပါတယ်။
ယနေ့ခေတ်အခါမှာတော့ တကယ်ထူးချွန်တဲ့ကလေး ဆိုတာကို ဘက်စုံထူးချွန်ခြင်းဟုတ်မဟုတ် – (well rounded ဖြစ်မဖြစ် )ဆိုတဲ့အချက်နဲ့ပဲတိုင်းတာလာကြပါပြီ။
ဘက်စုံထူးချွန်ခြင်းဆိုတာဘာလဲ
ကျောင်းစာအပြင် တခြားပညာရပ်တွေပါ တစ်ဖက်ကမ်းခပ်အောင်တော်နေပါစေ၊ ဒါကို ဘက်စုံထူးချွန်တယ်လို့ မခေါ်နိုင်သေးပါဘူး။ ဘက်စုံထူးချွန်ခြင်းမှာ အကောင်အထည်ဆုပ်ကိုင်မပြနိုင်တဲ့ ခံစားမှုပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ကိုယ်ရည်ကိုယ်သွေးတွေပါ ပါဝင်ပါတယ်။
ဘက်စုံထူးချွန်တဲ့ ကလေးတစ်ယောက်ဟာ မိဘရှေ့မှာပဲ အဆင်ပြေပျော်ရွှင်နေတာမျိုးမဟုတ်ဘဲ မိဘကွယ်ရာမှာလည်း ကိုယ့်ကိုယ်ကိုကောင်းစွာထိန်းကျောင်းနိုင်တဲ့၊ လူမှုဆက်ဆံရေးပိုင်းမှာလည်း ဘယ်သူနဲ့မဆိုအဆင်ပြေအောင် နေထိုင်တတ်တဲ့ သနားကြင်နာတတ်တဲ့ ကိုယ်ချင်းစာနာစိတ်ရှိတဲ့ အလိုက်သိတတ်တဲ့ ကလေးမျိုးတွေကို ဘက်စုံထူးချွန်တဲ့ ကလေးတစ်ယောက်လို့ ခေါ်နိုင်ပါတယ်။
ဘက်စုံထူးချွန်ဖို့ လေ့ကျင့်ပေးလို့ရလား
ရပါတယ်။ တကယ်တော့ လေ့ကျင့်လို့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကလေးတွေကို ဘက်စုံထူးချွန်တဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေပြီး ဒီကမ္ဘာကြီးအတွက် ကောင်းကောင်းအကျိုးပြုနိုင်တဲ့ တန်ဖိုးရှိသူတွေဖြစ်စေဖို့ဆိုတာက မိဘတိုင်းရဲ့တာဝန်ဖြစ်ပါတယ်။ အမှန်တော့ ဘက်စုံထူးချွန်တဲ့ ကလေးတစ်ယောက်ဖြစ်စေဖို့ နည်းလမ်းတွေဆိုတာ ကလေးတိုင်းရသင့်တဲ့ ပြုစုစောင့်ရှောက်ရေးနည်းလမ်းတွေပဲဖြစ်ပါတယ်။
ဘက်စုံထူးချွန်တဲ့ကလေးတစ်ယောက်ဖြစ်အောင် ဘယ်လိုပျိုးထောင်မလဲ
– မိမိကစ စံနမူနာဖြစ်ပါစေ
ကလေးတစ်ယောက်ရဲ့ လက်ဦးဆရာဟာ မိဘနှစ်ပါးနဲ့ အနီးဆုံးစောင့်ရှောက်သူတွေဖြစ်ပါတယ်။ မိဘတွေကိုယ်တိုင်က ကလေးတစ်ယောက် လေးစားလောက်စရာ စံပြုစရာ အမူအကျင့်တွေရှိနေဖို့ လိုပါတယ်။
ရှောင်ရမဲ့အချက်တွေကို အရင်ပြောရရင် အန္တရာယ်အရှိဆုံးက အိမ်တွင်းဆူပူအကြမ်းဖက်မှုတွေပဲဖြစ်ပါတယ်။ Domestic Violence လို့ခေါ်တဲ့ အိမ်တွင်းဆူပူအကြမ်းဖက်မှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ Abuse လို့ခေါ်တဲ့ ညှင်းပန်းမှုတွေက ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုအတွက် သိပ်ဆိုးတဲ့ အဆိပ်အတောက်တွေပဲဖြစ်လို့ သတိထားဖို့ လိုပါတယ်။
မိဘတွေရဲ့ ကိုယ်ချင်းစာနာစိတ်၊ လူသားဆန်မှုနဲ့ လောကကို အကျိုးပြုလိုစိတ်တွေကပဲ ကလေးတစ်ယောက်ကို စံထားစရာလူသားတွေအဖြစ်မြင်နေစေပြီး အမြဲလမ်းကြောင်းမှန်ပေါ်ရပ်တည်စေမှာဖြစ်ပါတယ်။
– မိမိကလေးရဲ့ စွမ်းဆောင်ရည်ကို တကယ်သိအောင်ကြိုးစားပါ
Nature လို့ခေါ်တဲ့ မိဘမျိုးရိုးဗီဇရဲ့လွှမ်းမိုးမှုတွေချင်း ကွာခြားနိုင်တာမို့ ကလေးတိုင်းဟာ ဉာဏ်ရည်မတူနိုင်တာကို လက်ခံထားဖို့လိုပါတယ်။
မိမိကလေးရဲ့ ပိုအားသာတဲ့အစိတ်အပိုင်းတွေ၊ ပိုစိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို လေ့လာသိရှိပြီး ပံ့ပိုးမှုပိုပေးခြင်းက ကလေးရဲ့ စိတ်ပျော်ရွှင်မှု ပိုရစေသလို မိဘနဲ့ သားသမီးကြားဆက်ဆံရေးကိုလည်း ပိုကောင်းသွားစေပါတယ်။
အိမ်တွင်းဆက်ဆံရေး အဆင်ပြေမှုတွေက ပြင်ပပတ်ဝန်းကျင်မှာ ကလေးတစ်ယောက်အတွက် ပိုအဆင်မပြေမှုတွေပဲ ပိုဖြစ်စေပါလိမ့်မယ်။ သူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ ပတ်ဝန်းကျင်က ကလေးတွေနဲ့ နှိုင်းယှဉ်ဖိအားမပေးမိစေဖို့ လိုပါတယ်။
– ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို အလေးထားပါ
ဒီအချက်ကတော့ အထူးတလည် ပြောဖို့မလိုလှတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ မိမိသားသမီးကျန်းမာနေစေဖို့ မိဘတိုင်း ဂရုစိုက်လေ့ရှိပါတယ်။ မကြာခဏနေမကောင်းဖြစ်နေတဲ့ ကလေးတစ်ယောက်၊ ကျောင်းပျက်ရက်တွေများနေတဲ့ ကလေးတစ်ယောက်ဟာ အတန်းဖော်တွေကြားမှာ သိမ်ငယ်စိတ်ဝင်လာစေတတ်ပါတယ်။ ဒီတော့ ကလေးတစ်ယောက်ရဲ့ ကိုယ်ခံအားကောင်းနေစေဖို့ နဲ့ အသက်အလိုက် ဖွံ့ဖြိုးမှုတွေ တကယ်ရှိမရှိ သတိထားကြည့်ဖို့ လိုပါတယ်။ လိုအပ်ရင် ကလေးဆရာဝန်တစ်ယောက်နဲ့ တိုင်ပင်ဖို့လိုပါတယ်။ နေမကောင်းဖြစ်မှ ဆေးကုသတာမျိုးထက် အမြဲကျန်းမာနေစေဖို့ ကိုယ်ခံအားကောင်းနေစေဖို့ အတွက် အစာအာဟာရအုပ်စုတွေအားလုံး စုံလင်မျှတအောင် ကျွေးနေဖို့လိုပါတယ်။ လှုပ်လှုပ်ရှားရှားတက်တက်ကြွကြွနေစေဖို့ ၊ အားကစားတစ်ခုခုလုပ်စေဖို့ တိုက်တွန်းရပါမယ်။
ကျန်းမာပျော်ရွှင်ပြီး ဘက်စုံထူးချွန်တဲ့ ကလေးတွေဖြစ်ကြပါစေ..
Dr ဖြိုးဝေလင်း