ဂရုစိုက် ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ဖြစ်ဖို့ ဘယ်လိုသင်ပေးကြမလဲဆိုတာမပြောခင် ဘာလို့ ကလေးတွေကို ဂရုစိုက်ကြင်နာတတ်စေချင်တာလဲဆိုတာပြောဖို့လိုပါတယ်။
လူကြီးတစ်ယောက်အတွက် ဒါမှမဟုတ် မိဘတွေအတွက် တီတီတာတာပြောတတ်တဲ့ ဂရုစိုက်တတ်တဲ့ ကြင်နာတတ်တဲ့ ကလေးတစ်ယောက်အနားမှာရှိနေရင် အင်မတန်ကြည်နူးစရာကောင်းပါတယ်။
ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့ ကြင်နာခြင်း၊ယုယတတ်ခြင်း၊ ကိုယ်ချင်းစာနာစိတ်ရှိခြင်းတွေဟာ အိမ်ထဲမှာတင်ရပ်မနေပါဘူး။
မွန်မြတ်တဲ့စိတ်နေစိတ်ထားနဲ့ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်ဟာ မိမိပတ်ဝန်းကျင် နဲ့ လူ့အဖွဲ့အစည်းအတွက် ကောင်းကောင်းအကျိုးပြုမဲ့သူတစ်ယောက်ဖြစ်လာစေပါမယ်။
ကလေးတိုင်းသာ ဒီလိုကြီးပြင်းလာခဲ့ရင် ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကိုလည်း ပိုမိုငြိမ်းချမ်းသာယာစေမဲ့ ယုံယုံကြည်ကြည် ဆက်လက်လက်ဆင့်ကမ်းသွားလို့ရမဲ့ လူမွန်လူမြတ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါဆို ကလေးတစ်ယောက် ပိုဂရုစိုက်ကြင်နာတတ်လာအောင် ဘယ်လိုသင်ကြားပေးကြမလဲ ?
ဘယ်အချိန်မှာသင်ပေးမလဲ
အစောဆုံးစတင်ပါ။ ကလေးတစ်ယောက်ကို တစ်ခုခုသင်ကြားဖို့အတွက် ဘယ်တော့မှနောက်ကျသွားပြီလို့မတွေးပါနဲ့။ ဘယ်အသက်အရွယ်ရောက်ရောက် ကြင်နာတတ်ခြင်း၊ ကိုယ်ချင်းစာတတ်ခြင်းနဲ့ ဗြဟ္မစိုရ်တရားတွေကို သင်ကြားပေးဖို့ သင်ယူကြဖို့ လိုပါတယ်။
ဘယ်သူက သင်ပေးရမလဲ
မိဘ၊ ဆရာ၊ အနီးကပ်စောင့်ရှောက်သူအားလုံး အကျုံးဝင်ပါတယ်။ ကလေးတွေဟာ အကောင်းဆုံး ပုံတူကူးသူတွေဖြစ်ပါတယ်။
မိဘ၊ ဆရာ၊ သူငယ်ချင်း စတဲ့ အနီးအနားက လူတွေအကုန်လုံးရဲ့ အမူအကျင့်တွေ စိတ်နေစိတ်ထားတွေက ကလေးတစ်ယောက်ကို တဖြည်းဖြည်းပုံသွင်းသွားတာမို့ ကလေးတစ်ယောက် ပိုကြင်နာတတ်ဖို့ ၊ ပိုဂရုစိုက်တတ်ဖို့ သင်ကြားပေးမဲ့သူတွေကိုယ်တိုင်က ဂရုစိုက်တတ်တဲ့ ကြင်နာတတ်တဲ့ လူကြီးတွေဖြစ်ဖို့လိုပါတယ်။
ဘယ်လိုသင်ကြားပေးမလဲ
- အရင်ဆုံးလုပ်ရမှာက ယုံကြည်မှုပါပဲ။ မိမိကလေးက ဂရုစိုက်တတ်တဲ့ ကြင်နာတတ်တဲ့ ကလေးတစ်ယောက်ဖြစ်တယ်လို့ တကယ်ယုံပါ။
ယုံကြည်ကြောင်းကိုလည်း ကလေးကို ပြပေးပါ။
သားလေးက ကြင်နာတတ်တယ်၊ သမီးလေးဂရုစိုက်ခံရတာ ပျော်တယ်ဆိုတာမျိုး စကားတွေနဲ့ သူတို့ကို အသိအမှတ်ပြုပေးပါ။ - ကလေးရှေ့မှာ ရက်စက်ကြမ်းကြုတ်မှုတွေ မပြပါနဲ့။ အနိုင်ကျင့်တာ၊ ညှင်းဆဲတာ စတဲ့ ဆန့်ကျင်ဖက် အမူအကျင့်တွေကို ကိုယ်တိုင်လည်း မလုပ်ပါနဲ့။
ကလေးက တနည်းနည်းနဲ့ မြင်ခဲ့ရင်တောင် ဒီအမူအကျင့်မကောင်းကြောင်း ဆိုးကြောင်း သေချာရှင်းပြပါ။
- မိမိရဲ့ အပြုအမူတွေက တစ်ဖက်လူကို ပျော်စေနိုင်သလို၊ နာကျင်ဝမ်းနည်းခြင်းတွေလည်း ဖြစ်စေနိုင်ကြောင်း အမြဲပြောပြပါ။
သူ့အပြုအမူကောင်းတွေမှာ ပျော်ကြောင်း ကျေနပ်ကြောင်း ထုတ်ဖော်ပြသပါ။ - လူတွေရဲ့ မျက်နှာ အမူအရာတွေကို လေ့လာတဲ့ ကစားနည်းတွေ ကစားပေးပါ။
ပြုံးနေတာလား၊ မဲ့နေတာလား၊ စိတ်ဆိုးနေတာလား အကဲဖြတ်တတ်အောင် သင်ပေးပါ။
ဘယ်အပြုအမူကြောင့် ဒီအမူအရာဖြစ်စေလည်း အမြဲပြန်စဉ်းစား အဖြေရှာခိုင်းပါ။ - ပြိုင်ဆိုင်ခြင်း အသားပေးတဲ့ အနိုင်ရလိုစိတ်ပဲ မြင့်တက်စေတဲ့ ကစားနည်းမျိုးထက် အသင်းအဖွဲ့နဲ့ ကစားရတဲ့ ကစားနည်းမျိုးတွေကို ဆော့ကစားခိုင်းပါ။
ကျန်းမာပျော်ရွှင်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ ကလေးတွေဖြစ်ကြပါစေ…
Dr ဖြိုးဝေလင်း