သားသားမီးမီးလေးတွေဟာ ဖေဖေမေမေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ရတနာလေးတွေ ဖြစ်ပါတယ်။ သားသားမီးမီးလေးတွေ ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးလာပြီး သန်စွမ်းဖျတ်လတ်တဲ့ ကလေးတွေဖြစ်လာဖို့က ဖေဖေမေမေတို့ရဲ့ တာဝန်ပါပဲ။ ဖေဖေတို့က မိသားစုစားဝတ်နေရေးပြေလည်အောင် ကြိုးစားကြတဲ့အတွက် အများအားဖြင့် မေမေတို့ကပဲ သားသားမီးမီးတွေနဲ့ အနေအနီးဆုံး၊ အရင်းနှီးဆုံး ဖြစ်ပါတယ်။ မွေးကင်းစအရွယ်ကစပြီး လမ်းလျှောက်တတ်ခါစအရွယ်အထိ သားသားမီးမီးတို့ နေ့စဥ်ဘဝတစ်လျှောက် မေမေတို့နဲ့ပဲ အချိန်ကုန်ဆုံးရတာ များပါတယ်။
ဒါကြောင့် သားသားမီးမီးတို့ ကျန်းကျန်းမာမာဖွံ့ဖြိုးလာဖို့အပြင် အကျင့်စာရိတ္တကောင်းကောင်းမွန်မွန်နဲ့ လိမ္မာရေးခြားရှိတဲ့ ကလေးငယ်လေးတွေဖြစ်လာစေဖို့က မေမေတို့ရဲ့အရေးကြီးတဲ့တာဝန်ပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်တဲ့ကလေးတွေ ပိုင်ဆိုင်နိုင်စေဖို့ မေမေတို့ရဲ့အခန်းကဏ္ဍကို နားလည်သဘောပေါက်အောင် ဖော်ပြလိုက်ရပါတယ်။
၁။ သားသားမီးမီးတို့အတွက် အာဟာရတာဝန်
ကလေးငယ်တွေ ကျန်းမာသန်စွမ်းစေဖို့ အရေးအကြီးဆုံးအချက်က အာဟာရဓါတ်ပဲ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ ကလေးငယ်မွေးကင်းစအရွယ်ကနေ ကလေးအသက် (၆) လအထိ မိခင်နို့ကိုသီးသန့် တိုက်ကျွေးသင့်ပါတယ်။ တကယ်လို့ မိခင်နို့ချည်း သီးသန့်မတိုက်နိုင်တဲ့ မေမေတို့အတွက်ဆိုရင်တော့ ကလေးငယ်အတွက် စိတ်ချရပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖော်မြူလာနို့မှုန့်ဘူးတွေကို တိုက်ကျွေးသင့်ပါတယ်။ ဖော်မြူလာနို့မှုန့်ဘူးတွေဟာ ကလေးငယ်အတွက် တစ်နေ့တာလိုအပ်တဲ့ အာဟာရဓါတ်တွေအပြင် ရောဂါကာကွယ်စေတဲ့ ဗီတာမင်ဓါတ်တွေနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတိုးတက်စေတဲ့ DHA ဓါတ် စတာတွေ ပါဝင်တာကြောင့် ကလေးငယ် ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်လည်း ထက်စေနိုင်ပါတယ်။
ဖြည့်စွက်စာ စားတဲ့အရွယ်ရောက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ ထမင်း၊ ဟင်း၊ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို နေ့စဥ်အချိုးကျကျ ကျွေးမွေးပေးသင့်ပါတယ်။ အသင့်စားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ အာလူးကြော်ထုတ်၊ ခေါက်ဆွဲထုတ်၊ အဆီကြော်စာ စတာတွေကို ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် အသင့်သောက်အချိုရည်ဘူးတွေကိုလည်း ရှောင်သင့်ပါတယ်။ ဒီလိုမျိုး ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေက ကလေးငယ်အသက်ကြီးလာတဲ့အခါမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ စတဲ့ရောဂါတွေဖြစ်နိုင်ချေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ပုံမှန်ချက်ပြုတ်ကျွေးမွေးဖို့က မေမေတို့အတွက် အရေးကြီးတဲ့အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။
၂။ သားသားမီးမီးတို့ကို အချိန်ပေးပါ
မွေးကင်းစဘဝတည်းက သားသားမီးမီးတို့နဲ့ အရင်းနှီးဆုံးက မေမေတို့ပဲ ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ မိခင်နဲ့ကလေးအကြား သံယောဇဥ်ကို ငယ်စဥ်ဘဝတည်းက အချိန်ပေးပြီး အကောင်းဆုံး တည်ဆောက်သင့်ပါတယ်။ မိခင်နို့တိုက်နေချိန် ဒါမှမဟုတ် မိခင်နို့မတိုက်နိုင်တဲ့အခါ နို့ဘူးတိုက်ရတဲ့ချိန်မှာလည်း ကလေးငယ်ကို နွေးနွေးထွေးထွေး ပွေ့ချီထားသင့်ပါတယ်။ မေမေတို့ရဲ့ ကလေးအပေါ် ပြုစုယုယမှုနဲ့ နွေးနွေးထွေးထွေးပြောဆိုဆက်ဆံမှုက ကလေးငယ်အသက်ကြီးလာတဲ့အခါမှာ ကိုယ့်မိသားစုအပေါ်တင်မက ကလေးရဲ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းအပေါ်မှာပါ ပြန်ထင်ဟပ်စေပါတယ်။ ဒါ့အပြင် မေမေတို့ရဲ့ သားသားမီးမီးလေးတွေအပေါ် စိတ်ရှည်သည်းခံပြီး ကြင်ကြင်နာနာဆက်ဆံခြင်းက ကလေးတွေရဲ့စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့အတွက် စိတ်ကျန်းမာရေးအရလည်း ဖွံ့ဖြိုးတိုးတက်စေနိုင်ပြီး လိမ္မာရေးခြားလည်း ရှိစေနိုင်ပါတယ်။
လုပ်ငန်းခွင်ဝင်ရပြီး အချိန်ရှားပါးတဲ့မေမေတို့အတွက် သားသားမီးမီးတို့နဲ့ သံယောဇဥ်ကို ထိန်းသိမ်းဖို့ ညနေအလုပ်က ပြန်လာတဲ့အခါမှာ သားသားမီးမီးတို့နဲ့ အချိန်ပေးပြီး ဆော့ကစားတာ၊ ညစာကို မိသားစုလက်ဆုံတူတူစားကြတာ၊ ညအိပ်ရာဝင်တဲ့အခါ ပုံပြောပေးတာ၊ သားသားမီးမီးနဲ့ စကားပြောကြတာ စတာတွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ မေမေတို့နဲ့ ပျော်ပျော်ရွှင်ရွှင် နွေးနွေးထွေးထွေး အချိန်တူတူကုန်ဆုံးတာက သားသားမီးမီးတို့အတွက် ယုံကြည်မှုကို တိုးတက်စေနိုင်ပါတယ်။
၃။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထ
သားသားမီးမီးတို့ ကျန်းမာစေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အလေ့အကျင့်လေးတွေ သင်ထားပေးခြင်းကလည်း မေမေတို့ရဲ့ တာဝန်ပဲဖြစ်ပါတယ်။ တစ်နေ့ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ဖို့နဲ့ မျက်နှာသစ်ဖို့ သင်ကြားပေးရပါမယ်။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်ရေချိုးဖို့ သင်ကြားပေးရပါမယ်။ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်ခေါင်းလျှော်ဖို့၊ လက်သည်းခြေသည်းညှပ်ဖို့ သင်ကြားပေးရပါမယ်။ လက်ဆေးခြင်းအလေ့အထကိုလည်း သင်ကြားပေးရပါမယ်။ အစာမစားခင်နဲ့ အစာစားပြီး၊ အိမ်သာတက်ပြီးတိုင်း လက်ဆေးပေးသင့်ပါတယ်။ အပြင်ကပြန်လာတဲ့အချိန်၊ ကစားစရာအရုပ်တွေ ကိုင်ပြီးတိုင်း လက်ဆေးပေးသင့်ပါတယ်။ ကလေးငယ်စဥ်ဘဝမှာ ဒီလိုအလေ့အကျင့်တွေကို မေမေတို့ကတာဝန်ယူ လုပ်ဆောင်ပေးရမှာဖြစ်ပြီး ကလေးငယ် ကိုယ်တိုင်လုပ်ဆောင်နိုင်လာတဲ့အရွယ်ရောက်ရင်လည်း မေမေတို့က သတိထားပြီးတော့ ထိန်းသိမ်းပေးရပါမယ်။
ကိုယ်လက်လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဆောင်ဖို့ကိုလည်း အားပေးရပါမယ်။ မေမေတို့ကိုယ်တိုင် သားသားမီးမီးတို့နဲ့အတူတူ မိသားစုလိုက် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းက သားသားမီးမီးတို့အဖို့ ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်ခန်းကို ပိုလိုက်နာလုပ်ဆောင်စေနိုင်ပြီး အသက်ကြီးပြင်းလာတဲ့အခါမှာ လေ့ကျင့်ခန်းပုံမှန်လုပ်တတ်တဲ့ အလေ့အထကိုလည်း ပိုင်ဆိုင်သွားနိုင်စေပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အိပ်စက်မှုရှိဖို့လည်း သွန်သင်ပေးရပါမယ်။ သားသားမီးမီးတို့ ပုံမှန်အိပ်စက်ချိန်ရှိစေဖို့ မေမေတို့က သတိထားပြီးတော့ သင်ကြားထားသင့်ပါတယ်။ အိပ်စက်မှုလုံလုံလောက်လောက်ရှိမှ ကျန်းမာသန်စွမ်းပြီး ဦးနှောက်ဖွံ့ဖြိုးမှုလည်း ကောင်းမှာဖြစ်ပါတယ်။
၄။ ကာကွယ်ဆေးတွေ ပုံမှန်ထိုးနှံပါ
ကလေးငယ်တွေ ငယ်စဥ်ဘဝမှာဖြစ်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ ပုံမှန်ထိုးနှံပေးဖို့က မေမေတို့အတွက် အရေးကြီးတဲ့တာဝန်တစ်ခုလည်း ဖြစ်ပါတယ်။ မွေးကင်းစကနေ သတ်မှတ်ထားတဲ့အသက်အရွယ်အထိ ထိုးနှံရမယ့် ကာကွယ်ဆေးတွေကို အချိန်မှန်မှန်နဲ့ မပျက်မကွက် ထိုးနှံတိုက်ကျွေးပေးသင့်ပါတယ်။
ကလေးငယ်ကို ရောဂါပေါင်းစုံကနေ ကာကွယ်ဖို့ မေမေတို့ကိုယ်တိုင်လည်း သန့်ရှင်းရေးနဲ့ ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ မေမေတို့ ကိုယ်တိုင်ဖျားနေတဲ့အခါမှာ ကလေးငယ်ဆီ ရောဂါမကူးစက်စေဖို့ သားသားမီးမီးတို့ကို မကိုင်တွယ်ခင်၊ အစားအစာကို မကိုင်တွယ်ခင် လက်ကို ပုံမှန်ဆေးကြောသင့်ပါတယ်။ မေမေတို့ ချောင်းဆိုးနှာစေးနေတဲ့အခါမှာ ကလေးငယ်ဆီ ရောဂါပိုးပါတဲ့အမှုန်အမွှားတွေ မရောက်သွားစေဖို့ နှာခေါင်းစည်းကို တပ်ထားသင့်ပါတယ်။
အထက်က ဖော်ပြခဲ့တာတွေကတော့ ကျန်းမာသန်စွမ်းတဲ့သားသားမီးမီးလေးတွေ ဖြစ်လာစေဖို့ မေမေတို့ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍတွေပဲ ဖြစ်ပါတယ်။ ဒီလိုအခန်းကဏ္ဍတွေကို သေသေချာချာလိုက်နာလုပ်ဆောင်ပြီး နွေးနွေးထွေးထွေးနဲ့ပြုစုပျိုးထောင်ပေးမယ်ဆိုရင် မေမေတို့အတွက် ကျန်းမာပျော်ရွှင်ပြီး လိမ္မာရေးခြားရှိတဲ့ သားသားမီးမီးလေးတွေကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒေါက်တာကောင်း (ဆေး-၂)