အချိုရည်ပုလင်းများကို ဘယ်နေရာ၊ဘယ်အချိန်၊ဘယ်လိုအခြေအနေမှာမဆို အလွယ်တကူ၀ယ်လို့ရနိုင်တဲ့အနေအထားမှာရှိပါတယ်။ ဒီတော့လည်းကလေးတွေဟာ အချိုရည်ပုလင်းတွေကိုငယ်ငယ်တည်းကသောက်တတ်လာတာသူတို့အပြစ်တော့မဟုတ်နိုင်တော့ပါ။ လက်လှမ်းမီတဲ့နေရာမှာ ပေါပေါများများရနိုင်တဲ့အရာကိုမထိမတွေ့စေဖို့ တားဆီးရခြင်းဟာမိဘတွေအတွက်ခက်ခဲသလို ဒါတွေကိုရှောင်ရှားရတာကလေးတို့အတွက်လည်းမလွယ်ကူပါ။ ထိုကြောင့်ကလေးတို့ကျန်းမာရေးအတွက်ရှောင်ရှားရမည့်အချိုရည်တို့ဟာ မိဘတို့အတွက်စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။
အချိုရည်တွေဆိုတာဘာလဲ?
အချိုရည်တွေဆိုတာ…………..
- Carbonated drinks လို့ခေါ်တဲ့ ဂတ်စ်ပါတဲ့အချိုရည်များ
- Energy drinks များ
- Soda နဲ့ sodaပါတဲ့ အချိုရည်များ
- ဓါတုဆေးဝါးပါဝင်သော ဖျော်ရည်များ
- သကြားဓါတ်အများအပြားပါတဲ့ အချိုရည်များ
- Caffeine ပါဝင်သော ဖျော်ရည်များ
- လက်ဖက်ရည်၊ ကော်ဖီများ စသည်တို့ကိုဆိုလိုပါတယ်။
အချိုရည်များမှာ ရေ၊သကြား၊ အနံ့အရသာအတွက်ဓါတုပစ္စည်းများ၊ အရောင်အတွက်ဓါတုပစ္စည်းများ၊ ကြာရှည်ခံရန်သုံးသောဓါတုပစ္စည်းများ ပါဝင်တတ်ပါတယ်။ တချို့မှာတော့ caffeine ဓါတ်များ၊တက်ကြွစေသောဓါတုဆေးဝါး များပါဝင်ပါတယ်။
ဒီအချိုရည်တို့ဟာကလေးတို့ကျန်းမာရေးကိုအလွန်ဒုက္ခပေးနိုင်ပါတယ်။
အချိုရည်များက ကလေးများအပေါ်ဖြစ်ပေါ်စေတဲ့ဆိုးကျိုးတွေကတော့ …………
- ဘာအဟာရမှမရရှိစေပဲ ဗိုက်ဝသွားတဲ့ခံစားချက်မျိုး ရရှိသွားစေနိုင်ပါတယ်။
- အဝလွန်စေနိုင်ပါတယ်။
- သွားပိုးစားခြင်းကို ဆိုးဝါးစေနိုင်ပါတယ်။
- Calcium ချို့တဲ့မှုကိုဖြစ်စေနိုင်တဲ့အတွက် အရိုးပွခြင်း၊ အရိုးကျိုးခြင်းတို့ကို အားပေးပါတယ်။
- ကလေးတို့ရဲ့အပြုအမူပိုင်းဆိုင်ရာပြသနာများနဲ့လည်း အချိုရည်သောက်သုံးမှုလွန်ကဲခြင်းဟာ ဆက်စပ်နေပါတယ်။
- နောင်ရေရှည်မှာ နှလုံး၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာနှင့် သူငယ်ပြန်ခြင်းရောဂါများ ဖြစ်ပွားခြင်းနဲ့လည်းဆက်စပ်နေပါတယ်။ အဓိကကတော့ ဆီးချိုရောဂါကိုဖြစ်ပွားစေနိုင်ပါတယ်။
ဒီလိုဒုက္ခပေးနိုင်တဲ့အချိုရည်တွေအစားကလေးတို့ကို
- နို့များ
- ရေ
- သစ်သီးဖျော်ရည် စသည်တို့ အစားထိုးတိုက်နိုင်ပါတယ်။
တကယ်တော့အချိုရည်တို့ကို ဥပဒေနဲ့ကန့်သတ်သင့်ပေမယ့်လည်း ဆေးလိပ်ကိုတောင်အပြည့်အဝမတားဆီးနိုင်သေးတာကြောင့် ကလေးတို့ကျန်းမာရေးအတွက်အချိုရည်ပုလင်းများရဲ့အန္တရာယ်ကို မိဘများသတိပြုနိုင်ကြရန်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
Author : Dr. ဖြိုးဆုရည်မွန်