G6PD – Deficiency
G6PD ဆိုတဲ့ ရောဂါကိုအခုနောက်ပိုင်းမှာ တော်တော်များများသိတတ်ကြတယ်။ သွေးရောဂါတစ်မျိုးလို့ပြောလို့ရပါတယ်။ သွေးကင်ဆာတော့ မဟုတ်ပါဘူး၊ သွေးထဲမှာ အင်ဇိုင်းတစ်မျိုးချို့တဲ့တာပါ။ G6PD ရဲ့ အရှည်က Glucose 6 Phosphate Dehydrogenase Deficiency ပါ G6PD အင်ဇိုင်းချို့တဲ့တာပါ၊
ဒီအင်ဇိုင်းက သွေးနီဥဖြစ်တဲ့ Red Blood Cells (RBC) တွေလွယ်လွယ်မပျက်စီးအောင် ထိန်းပေးထားတာပါ၊ ဒီအင်ဇိုင်းနည်းတဲ့အခါ တစ်ခုခုနဲ့ တွေ့တာနဲ့ သွေးနီဥ RBC တွေ လွယ်လွယ်ပျက်စီးပါတယ်။
G6PD Deficiency ရောဂါဟာ မျိုးရိုးလိုက်တတ်ပါတယ်။ ဒီရောဂါက ယောကျ်ားလေးတွေအဓိကဖြစ်ပါတယ်၊ မိန်းကလေးတွေက ရောဂါရဲ့ Carrier အနေနဲ့ပဲ ရှိတတ်ကြတယ်၊ ရောဂါလက္ခဏာ မပြတတ်ကြဘူး၊ G6PD Deficiency ရောဂါက အမေဘက်မှာ ရောဂါရှိတဲ့သူ ရှိတဲ့အခါဖြစ်တတ်တယ်၊အမေကိုယ်တိုင်ကတော့ ရောဂါလက္ခဏာမပြပဲ ရောဂါ Carrier အနေနဲ့ပဲ ရှိနေမှာပါ။
G6PD Deficiency ရောဂါရှိတဲ့သူတွေက ပုံမှန်အားဖြင့် ဘာလက္ခဏာမှ မပြတတ်ဘူး၊ ဒါပေမဲ့ မတည့်တာတစ်ခုခု သုံးမိတဲ့အခါ၊ စားမိတဲ့အခါ၊ သောက်မိတဲ့အခါ သွေးနီဥတွေပျက်စီးလာပါတယ်၊ အဲ့ဒီအခါ သွေးအားနည်းလို့ဖြူဖတ်ဖြူရော်ဖြစ်မယ်၊ သွေးအားနည်းတာအနည်းအများအပေါ် မူတည်ပြီး သွေးအားနည်းတာရဲ့ အခြားရောဂါလက္ခဏာတွေ ခံစားရမယ်။
ဥပမာအားဖြင့် မောနေတတ်တာ၊ ရင်ဘက်အောင့်တာ၊ မလှုပ်ချင်ပဲနုံးနေတတ်တာ၊ အစားအသောက်မစားချင်တာ၊ ရင်တုန်တာကနေ သတိလစ်တာအထိဖြစ်တယ်၊ သွေးနီဥတွေ ပြိုကွဲတော့ သွေးနီဥထဲကနေ Bilirubin တွေထွက်လာပြီး ဝါတာတွေလည်းဖြစ်တတ်ပါတယ်၊ ဒါပေမဲ့ ဖျားတာတွေတော့ မဖြစ်တတ်ပါဘူး။
G6PD Deficiency ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဖြစ်စေတဲ့အရာကို သတိထားရှောင်ရပါမယ်၊ သွေးအားနည်းတာ ဆိုးဆိုးရွားရွားဆိုရင်တော့ သွေးသွင်းဖို့အထိ လိုတတ်ပါတယ်၊ G6PD Deficiency လို့သံသယ ရှိတယ်ဆိုရင် သွေးစစ်ကြည့်လို့ရပါတယ်။ G6PD Deficiency ရောဂါက မျိုးရိုးလိုက်တယ်ဆိုတော့ သူ့ကြောင့်ကိုယ့်ကြောင့် ဖြစ်နေဖို့တော့မဟုတ်ပါဘူး၊ ရှိထားတယ်ဆိုရင်ဂရုစိုက်သတိထားပြီး ကြိုတင်စစ်ဆေးလို့ရအောင်ပါ။
G6PD Deficiency ရောဂါရှိသူတွေက ပုံမှန်အတိုင်းနေထိုင်သွားလို့ရပါတယ်၊ မတည့်တဲ့အရာတွေကိုသာ သတိထားပြီး ရှောင်ကြဉ်ရတာပါ၊ G6PD Deficiency မှာမတည့်တဲ့အစားတွေက တောင်ကြီးပဲ၊ ဆိုးဆေးပါတဲ့မုန့်နဲ့ ဆိုးဆေးပါတဲ့ရေခဲချောင်းတွေပါ၊ မတည့်တဲ့ ပစ္စည်းတွေကတော့ ပရုပ်ပါတဲ့ ပစ္စည်းတွေပါ၊ ဥပမာ- ပရုပ်လုံး၊ ပရုပ်ဆီ၊ ရှူဆေးတွေပါ၊ မတည့်တဲ့ဆေးတွေကတော့ ပိုးသတ်ဆေးအချို့၊ ငှက်ဖျားဆေးအချို့၊ အကိုက်အခဲပျောက်ဆေးအချို့ပါ။
G6PD Deficiency မှာ နေမကောင်းဖြစ်တဲ့အခါ ဘာပဲဖြစ်ဖြစ် ဆေးခန်းသွားပြီး ဆရာဝန်နဲ့တိုင်ပင်ကုသစေချင်ပါတယ်၊ စပ်ဆေးသုံးတာတွေက အန္တရာယ်များပါတယ်၊ မတည့်တဲ့ဆေးသောက်မိခဲ့ရင်သွေးအားနည်းတာတွေ ဖြစ်လာနိုင်ပါတယ်၊ အနည်းအများပေါ်မူတည်ပြီး ကုသတာတွေလည်း လိုအပ်လာပါလိမ့်မယ်။
Author: Dr. CST