ယခုလို တိုးတက်နေတဲ့ခေတ်ကာလမှာ အပြိုင်အဆိုင်တွေဟာလည်း များပြားလာပါတယ်။ စီးပွားရေး၊ အလုပ်အကိုင်၊ နေထိုင်မှုတွေသာမက ပညာရေးကိုလည်း တစ်ယောက်ထက်တစ်ယောက် သာနိုင်အောင် ကြိုးစားနေကြပါတယ်။ သည်လိုခေတ်ကာလမှာ မိဘတွေဟာ မိမိသားသမီးတွေကိုလည်း သူများထက်သာစေချင်တာဟာ မဆန်းပါဘူး။ အရာရာပြိုင်ဆိုင်နေကြတဲ့ အချိန်မှာ မိမိကလေးဟာလည်း ဉာဏ်ရည်ထက်မြက်နေမှသာ သူများထက်သာနိုင်ပါလိမ့်မယ်။
ဒါကြောင့် မိမိကလေး ဉာဏ်ရည်ထက်မြက်အောင် ဘယ်လိုပြုစုပျိုးထောင်ရမလဲ ဆိုတာ မိဘတိုင်း သိချင်နေကြတဲ့ မေးခွန်းတစ်ခုဖြစ်လာပါတယ်။
ကလေးနှင့် ဦးနှောက်ဖွံဖြိုးမှု
ကလေးတွေရဲ့ ဦးနှောက်ဟာ မွေးမွေးပြီးချင်းမှာ လူကြီးဦးနှောက်ရဲ့ လေးပုံတစ်ပုံခန့်ရှိပါတယ်။ အသက်သုံးနှစ်မှာ ၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာပြီး ငါးနှစ်အရွယ်မှာတော့ လူကြီးဦးနှောက်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ရှိနေပါပြီ။ ဒါကြောင့် ကလေးတွေဟာ မွေးစကတည်းက လေ့လာသင်ယူနိုင်တယ်လို့ ဆိုလို့ရပါတယ်။ ဦးနှောက်ဆဲလ် (Neurons)တွေဟာ တစ်ခုနှင့်တစ်ခု ဆက်နွယ်ပြီး ဦးနှောက်ရဲ့ စွမ်းရည်တွေဖြစ်တဲ့ စကားပြောဆိုခြင်း၊ ဘာသာစကားသင်ယူမှု၊ ကိုယ်ခန္ဓာ လှုပ်ရှားမှု နှင့် တွေးခေါ်နိုင်မှုတွေကို လုပ်ဆောင်ပေးပါတယ်။ ဒီလို ငယ်ရွယ်စဉ်ကလေးဘဝဟာ ဦးနှောက်ဆဲလ်တွေ တစ်ခုနှင့်တစ်ခု ဆက်နွယ်ပြီး ဖွံ့ဖြိုးလာရန်အတွက် အရေးကြီးဆုံး အသက်အပိုင်းအခြားဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ကလေးကို သေသေချာချာ ပြုစုပျိုးထောင်မှသာ ဉာဏ်ရည်ထက်မြက်နိုင်တဲ့ သားသမီးတွေ ဖြစ်လာနိုင်မှာပါ။
ကလေးတစ်ယောက် ဉာဏ်ရည်ထက်မြက်ဖို့ဆိုတာ မိမိကလေးကိုဘယ်လိုပြုစုပျိုးထောင်လဲ ဆိုတဲ့ အချက်ပေါ် အများကြီးမူတည်နေပါတယ်။ မျိုးရိုးဗီဇနဲ့ ဉာဏ်ရည်ဟာ သက်ဆိုင်တယ် ဆိုပေမယ့် ကလေးတစ်ယောက် ထက်မြက်ဖို့က မျိုးရိုးဗီဇအပြင် မိဘနဲ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းရဲ့ ကလေးအပေါ် ဆက်ဆံပုံတွေပေါ်လည်း မူတည်နေပါတယ်။ မိမိ ဆက်ဆံပုံ နှင့် မိမိသားသမီးရဲ့ ဉာဏ်ရည်ဖွံဖြိုးမှုဟာ တိုက်ရိုက်အချိုးကျ နေပါတယ်။ ဒါကြောင့် မိမိသားသမီးဉာဏ်ရည်ထက်မြက်ဖို့ဆိုရင်…
- ကလေးကို နွေးနွေးထွေးထွေးဆက်ဆံပေးပါ။
မွေးကင်းစကလေးအရွယ်ကတည်းက ကလေးကို ခဏခဏထွေးပွေ့ပေးတာ၊ စကားပြောပေးတာ၊ မြူတာလေးတွေကလည်း အသေးအဖွဲလို့ထင်ရပေမယ့် ကလေးဉာဏ်ရည်ဖွံဖြိုးဖို့အတွက် လိုအပ်ပါတယ်။ မွေးစအရွယ်ကတည်းက ကလေးကို စကားပြောပေးခြင်းဟာ ဦးနှောက်ကောင်းမွန်စွာ ဖွံဖြိုးစေပါတယ်။ စကားနားလည်နေပြီဖြစ်တဲ့ကလေးတွေကိုတော့ သူတို့ကို မေးခွန်းလေးတွေမေးတာ၊ စိတ်ဝင်စားစေမယ့်အကြောင်းအရာ တစ်ခုခု ပြောပြတာလေးတွေ လုပ်သင့်ပါတယ်။
- ကလေးကို စာဖတ်ပြပါ။
စာမဖတ်နိုင်သေးတဲ့ကလေးအရွယ် ဖြစ်စေကာမူ ကလေးတွေဟာ မှတ်သားနိုင်စွမ်းရှိတဲ့အတွက် သူတို့ရဲ့ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်လာစေနိုင်ပါတယ်။ ဒါ့အပြင် ငယ်စဉ်ကတည်းက စာအုပ်တွေနဲ့ ရင်းနှီးနေခဲ့ရင် စာဖတ်နိုင်တဲ့အရွယ်ရောက်တဲ့အခါ သူများထက် ပို၍ စာဖတ်နှုန်းအားကောင်းလာပါလိမ့်မယ်။
- ဝါသနာကို ပျိုးထောင်ပေးပါ။
မိမိကလေး နှစ်သက်တဲ့ ဝါသနာ တစ်ခုခု ဥပမာ- ပန်းချီဆွဲခြင်း၊ သီချင်းဆိုခြင်း စတာလေးတွေကို ရှာဖွေဖော်ထုတ်ပြီး သူတို့လေးတွေ စိတ်ကြိုက်လက်ရာတွေ ဖန်တီးနိုင်အောင် ပြုလုပ်ပေးပါ။ ကလေးဆော့လို့ရတဲ့ ကစားစရာ ဂစ်တာ၊ စန္ဒရား၊ ဆေးရောင်ခြယ်စာအုပ်စတဲ့ ကစားစရာလေးတွေဟာ ကလေးဉာဏ်ရည်ထက်မြက်လာဖို့အတွက် အထောက်အကူပြုပါတယ်။ ကလေးတွေ အနုပညာ တစ်ခုခုကို လေ့လာလိုက်စားခြင်းဟာလည်း ဉာဏ်ရည်ထက်မြက်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုပါပဲ။
- ကလေးနှင့် ဆော့ကစားပေးပါ။
ဆော့ကစားနည်းတွေထဲမှာ ဉာဏ်ရည်တိုးတက်မှုကို အထောက်အကူဖြစ်စေတဲ့ ကလေးကစားစရာ တွေဖြစ်တဲ့ ဘလောက်တုံးများနှင့် ဆော့ပေးခြင်း၊ အရုပ်ဆက်ခြင်း စတဲ့ ကစားနည်းလေးတွေကို ကလေးနဲ့အတူ ဆော့ကစားပေးသင့်ပါတယ်။
- ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပေးပါ။
မိမိကလေး ဘာလုပ်လုပ်ဝင်ကူပေးစရာ မလိုပဲ သူ့ဘာသာသူ အားကိုးနိုင်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ အမှား၊ အမှန် ခွဲခြားသိအောင်တော့ သင်ပေးသင့်ပါတယ်။ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးပေးတာဟာ ဉာဏ်ရည်(IQ) အပြင် စိတ်ခံစားချက်ဖွံဖြိုးမှု (EQ) ကိုပါ မြင့်လာစေပါတယ်။
- စူးစမ်းချင်စိတ်ကို အားပေးပါ။
ကလေးတွေဟာ စကားတီတီတာတာစပြောတတ်တဲ့ အရွယ်တွေမှာ မေးခွန်းတွေပိုမေးတတ်ကြတာ သတိထားမိကြမှာပါ။ သည်လို အရွယ်တွေမှာ စူးစမ်းချင်စိတ်ရှိတာဟာ သဘာဝပါ။ ဒါကြောင့် သူတို့သိချင်တာလေးတွေ မေးခဲ့ရင် စိတ်ရှည်ရှည်ထားပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြပေးသင့်ပါတယ်။ သူတို့ရဲ့ အတွေးအခေါ်လေးတွေ ရင့်သန်လာအောင် သူတို့ထင်မြင်ချက်တွေကိုမေးတာ၊ ကိုယ်ရဲ့ အတွေ့အကြုံတွေကို ပြောပြပေးတာ စသည့်အလေ့အထကို ကျင့်သုံးပေးသင့်ပါတယ်။
- တက်တက်ကြွကြွ လုပ်ဆောင်တတ်စေရန် လေ့ကျင့်သင်ကြားပေးပါ။
ကလေးတွေကို ကျောင်းသင်ခန်းစာတွေအပေါ်ပဲ အာရုံမစိုက်စေဘဲ ကျောင်းပြင်ပ လှုပ်ရှားမှု တစ်ခုခုပါ ပါဝင်ခိုင်းတာဟာ ကလေးကို သွက်လက်ပြီး လူမှုဆက်ဆံရေး တိုးတက်လာစေနိုင်ပါတယ်။
- ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်စေခြင်း
လေ့ကျင့်ခန်း လုပ်ခြင်းဟာ ကိုယ်ခန္ဓာအတွက်ပါ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ တိုးတက်စေနိုင်ပါတယ်။
- ဦးနှောက်ဖွံ့ဖြိုးစေသည့် အစားအစာများကို များများကျွေးပါ။
ဦးနှောက် ကောင်းမွန်စွာဖွံဖြိုးမှလည်း ဉာဏ်ရည်ထက်မြက်နိုင်မှာ ဖြစ်တာကြောင့် ဦးနှောက်အတွက် လိုအပ်တဲ့ ငါးကြီးဆီ (omega-3)၊ ကြက်ဥ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ Zinc ဓာတ်နှင့် သံဓာတ်ကြွယ်ဝသော အစားအစာများဖြစ်သည့် ပဲအမျိုးမျိုး၊ မှိုနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စသည်တို့ကို စုံလင်မျှတအောင် ကျွေးပေးသင့်ပါတယ်။
ကလေးတိုင်းဟာ အနာဂတ်မှာ အောင်မြင်ဖို့အတွက် ထိုက်တန်ပါတယ်။ ဉာဏ်ရည်ထက်မြက်မှသာ အောင်မြင်မှုကို လွယ်လွယ်ကူကူရယူနိုင်တာဖြစ်လို့ မွေးစကတည်းက ဂရုစိုက်ပျိုးထောင်ပေးသင့်ကြောင်း တင်ပြလိုက်ပါတယ်။