မိမိတို့သားသမီးများကို အကျန်းမာဆုံးဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့ချစ်ခြင်းမေတ္တာပါ။ သားသားမီးမီးတို့ဟာ ငယ်ရွယ်ပြီးအပြည့်အဝ နားလည်နိုင်စွမ်းမရှိသေးတာကြောင့် သားသားမီးမီးတို့ အစာစားခြင်း၊ မစားခြင်းဟာလည်း မိဘတွေအပေါ်မှာ အများကြီးမူတည်ပါတယ်။ ဒါ့အပြင် အစာစားတယ် ဆိုရုံနဲ့မလုံလောက်ဘဲ သားသားမီးမီးတို့ရဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးဖို့၊ ကျန်းကျန်းမာမာရှိဖို့ဟာ အစားအစာ ရွေးချယ်မှုအပေါ် အဓိကကျလို့နေပါတယ်။ ကလေးများရဲ့အစာချေစနစ်ဟာ လူကြီးတွေနဲ့မတူဘဲ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် အစာရွေးချယ်မှုဟာ စနစ်ကျမှန်ကန်ဖို့လိုအပ်ပါတယ်။
အစာချေစနစ်အကြောင်း
အစာချေစနစ်ဆိုတာဟာ ပါးစပ်မှစားလိုက်သောအစာလေးများကို အစာအိမ်နှင့် တခြားအင်္ဂါများမှ အင်ဇိုင်းများဖြင့် မော်လီကျူးလေးများ ဖြစ်အောင် ကြိတ်ချေပြီး၊ ထိုအစာမှုန် မော်လီကျူးလေးများအား အူနံရံများ၊သွေးကြောများမှ စုပ်ယူကာ ခန္ဓာကိုယ်အနှံ လိုအပ်သောနေရာများသို့ အစာအာဟာရကိုပို့ဆောင်တဲ့လုပ်ငန်းဖြစ်ပါတယ်။ မစုပ်ယူနိုင်သော၊ မချေဖျက်နိုင်သော မော်လီကျူးလေးများကိုတော့ စအိုမှတဆင့် စွန့်ပစ်ရပါတယ်။
သားသားမီးမီးတို့ရဲ့အစာချေစနစ်အကြောင်းအနည်းငယ်ဖော်ပြရတာကတော့ အမျှင်ဓာတ်အလုပ်လုပ်ပုံ သားသားမီးမီးတို့အတွက်အရေးပါပုံတို့ကို မေမေဖေဖေတို့ နားလည်စေဖို့အတွက်ပါ။ ကလေးများဟာ အမျှင်ဓာတ်အလုံအလောက်မစားမိတာမျိုးဖြစ်တတ်တာကြောင့် သတိထားပြီးကျွေးစေလိုပါတယ်။ သားသားမီးမီးတို့အား ငယ်စဉ်ထဲက အမျှင်ဓာတ်ကျွေးတဲ့အကျင့်မျိုးပြုလုပ်ပေးပါက အသက်အရွယ် ကြီးလာလျှင်လည်း ကိုယ်ခံအားတက်စေပြီးရောဂါဖြစ်နှုန်း လျော့ကျကာ ကျန်းမာဖို့အထောက်အကူ ပြုစေပါတယ်။
အမျှင်ဓာတ်ဆိုတာဘာလဲ?
အပင်မှရသော ကစီဓာတ်တစ်မျိုးဖြစ်ပြီး သူ့ကိုတော့ ခန္ဓာကိုယ်မှမချေဖျက်နိုင်ပါဘူး။ ပျော်ဝင်တဲ့အမျှင်နဲ့ မပျော်ဝင်တဲ့အမျှင်ဓာတ်ဆိုပြီး၂ မျိုးရှိရာမှာ ပျော်ဝင်တဲ့အမျှင်ဓာတ်ဟာ သွေးတွင်းအဆီကျစေပြီး သကြားဓာတ်ကိုထိန်းသိမ်းနိုင်စွမ်းရှိပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်ကတော့ ဝမ်းချုပ်ခြင်းမှကာကွယ်ပေးပါတယ်။
အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများမှာတော့…
ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ မုယောစပါး၊ အုတ်ဂျုံမှုန့်၊ ပဲ၊ အခွံမာအသီး၊ သဘာဝ အစေ့အဆံ၊ ဂျုံ၊ နှံစားပြောင်း စသည်ဖြင့်ဖြစ်ပါတယ်။ အသီးဖျော်ရည်ထက် အသီးလေးများ ကျွေးခြင်းဟာ အမျှင်ဓာတ်ပိုရစေပါတယ်။ မေမေတို့ထမင်းဝိုင်းထဲ ဟင်းရွက်တစ်ခွက် နေ့စဉ်ချက်ပြီးလည်း အမျှင်ဓာတ်ရရှိအောင်လည်း ပြုလုပ်နိုင်ပါတယ်။
အမျှင်ဓာတ်၏ကောင်းကျိုးများမှာ..
– ဝမ်းမှန်မှန်သွားခြင်း
– ကလေးများအဝလွန်ခြင်းမှကာကွယ်ခြင်း
– ကိုလက်စ်တရောဓာတ်ကို လျော့ကျစေခြင်း
– နှလုံးရောဂါနှင့် ဆီးချိုရောဂါကိုကာကွယ်ပေးခြင်း
– ကင်ဆာရောဂါဖြစ်ပွါးနှူန်းကိုလျော့ကျခြင်းတို့ဖြစ်ပါတယ်
ကောင်းကျိုးများဖတ်ပြီး “အများကြီးကျွေးမှပဲ”ဆိုပြီးတွေးမိကြလိမ့်မယ်ထင်တယ်နော်။ တန်ဆေးလွန်ဘေး’ဆိုတဲ့အတိုင်း ကလေးတွေရဲ့ အစာချေစနစ်ကို လေ့ကျင့်ပေးဖို့ နည်းနည်းစီတိုးပြီးသာ ကျွေးသင့်ပါတယ်။ တစ်ခါတည်းအများကြီးကျွေးတာမျိုးမလုပ်သင့်ပါ။ တစ်ရက်ထဲအများကြီးကျွေးမိပါက လေထိုးလေအောင့် ဖြစ်တတ်ပါတယ်။ ကလေးများရဲ့လိုအပ်သောအမျှင်ဓာတ်ပမာဏဟာ အသက်အရွယ်အလိုက် ကွာခြားမှုရှိပြီး ခန့်မှန်းခြေ ၁၀-၂၅ ဂရမ်ထိလိုအပ်ပါတယ်။ ရေဓာတ်ဟာ အမျှင်ဓာတ်စုပ်ယူမှုကို အားပေးတာကြောင့် အမျှင်ဓာတ်များများကျွေးပြီးလျှင် မေမေဖေဖေတို့အနေနဲ့ ရေကိုလည်း သတိထားတိုက်ပေးဖို့လိုအပ်ပါတယ်။
ဒီလောက်ဆိုရင် မေမေ ဖေဖေတို့လည်း သားသားမီးမီးတို့ ကျန်းမာစွာနေထိုင်ဖို့အတွက် အရေးပါတဲ့အမျှင်ဓာတ်အကြောင်း သိသင့်သလောက်သိပြီးပြီမို့ သားသားမီးမီးတို့ထမင်းစားရင် ထမင်းဝိုင်းမှာထည့်ကျွေးတာမျိုး စားဖို့အားပေးတာမျိုးလုပ်ကြတော့မယ်လို့ Dr.Z ကယုံကြည်ရင်း ဒီဆောင်းပါးလေးအားအဆုံးသတ်လိုက်ပါတယ်။