fbpx

Myanmar (Covid-19 Stats)

😷 49,072 Total Cases
😥 1,172 Deaths
😇 28,636 Recovered

Covid-19 ကူးစက်ရောဂါကာလအတွင်း ဖြစ်ပေါ်လာနိုင်သော ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုပြဿနာများကို လျှော့ချခြင်း  

ယခုလို covid-19 ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ လူတိုင်းဟာ သူ့အပူနှင့် သူပါ။ စီးပွားရေးကြပ်တည်းလို့ အဆင်မပြေသည့် သူက အ‌ဆင်မပြေ၊ အလုပ်သွားနေတဲ့သူကို အိမ်က သူက စိတ်မချ၊ အိမ်မှာပဲ stay home ပဲ နေနေရလို့ စိတ်ကျဉ်းကြပ်သူက ကြပ်နှင့် တစ်မျိုးတစ်ဖုံ စိတ်ရှုပ်စရာတွေ ရှိနေကြပါတယ်။ သည်လို စိတ်ညစ်နေကြရတဲ့အခါမှာ ကိုယ့်အပူသာကိုယ်တွေးပြီး အိမ်က ကလေးတွေရဲ့ စိတ်ခံစားမှုကို လျစ်လျူရှုမိနေတတ်ပါတယ်။ ကိုယ်ဟာ မိသားစုအရေးကိုတွေးပြီး ငွေရေးကြေးရေး စားဝတ်နေရေးနှင့် ရောဂါပိုးကူးစက်မှာကို စိတ်ပူနေပေမယ့် ကိုယ့်ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအပေါ် သတိမထားမိတတ်ပါဘူး။

သူတို့လေးတွေမှာလည်း စိတ်ဖိစီးမှုဆိုတာ ရှိကြပါတယ်။ ယခုလို စိတ်ညစ်စရာ ကာလမှာဆိုရင် ပို၍ပင် ဂရုစိုက်သင့်ပါတယ်။

ဒါပေမယ့် ကလေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်ကို လူကြီးတွေလို ထုတ်ဖော်မပြောတတ်ပါဘူး။ ကလေးတွေရဲ့ စိတ်ဟာ နူးညံ့လွန်းတဲ့အတွက် လူကြီးတွေ စိတ်ထိခိုက်နေတဲ့အချိန် ဘာမှဝင်ပြောမှာမဟုတ်ပေမယ့် သူတို့လေးတွေမှာလည်း စိတ်ထိခိုက်မှု၊ စိုးရိမ်ကြောင့်ကြမှုတွေရှိ နေနိုင်ပါတယ်။ ကလေးတွေမှာ စိတ်ဖိစီးမှုတွေရတာကြာလာတဲ့အခါ နောက်ပိုင်းမှာ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုတွေကိုပါ နှောင့်နှေးထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ စိတ်အနေအထား စိတ်ပျော်ရွှင်မှုရှိမရှိကို သူတို့ရဲ့ မျက်နှာအမူအရာနဲ့ အပြုအမူတွေကို သတိထားပြီး စောင့်ကြည့် နေသင့်ပါတယ်။

မိမိကလေး စိတ်ဖိစီးနေပြီဆိုတာ သိနိုင်မည့်အချက်များ

  1. စိတ်ပိုင်းဆိုင်ရာနှင့် အပြုအမူများ ပြောင်းလဲနေခြင်း

ကလေးတွေဟာ သူတို့ခံစားချက်ကို ထုတ်ဖော်မပြောနိုင်ပေမယ့် သူတို့ရဲ့ခံစားချက်ကို သတိထားမိအောင် အပြုအမူလေးတွေနဲ့ ပြသလေ့ရှိပါတယ်။ဒါတွေကတော့-

  1. စိတ်တိုလွယ်ခြင်း၊ စိတ်မရှည်ခြင်း၊ မိဘလူကြီးများကို ပြန်ခံပြောနေခြင်း။
  2. ပုံမှန်နှင့်မတူပဲ တစ်ခုခုကို ကြောက်ရွံ့နေခြင်း (အမှောင် သို့မဟုတ် သူစိမ်းများ)။
  3. အာရုံကောင်းစွာ မစူးစိုက်နိုင်ခြင်း။
  4. လက်သည်းကိုက်ခြင်း။
  5. မိသားစုနဲ့ ဝေးဝေးနေပြီး တစ်ဦးတည်း သီးသန့်ဖြစ်နေတတ်ခြင်း။
  6. အသုံးမဝင်သော တိုလီမုတ်စပစ္စည်းများအား သိမ်းဆည်းထားတတ်ခြင်း။

 

  1. ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ
  2. အိပ်ရာထဲ ရှူးခဏခဏပေါက်ချခြင်း။
  3. ခေါင်းကိုက်သည်၊ ဗိုက်အောင့်သည် အမြဲတစ်ခုမဟုတ် တစ်ခုပြောနေခြင်း။
  4. အိပ်မက်ဆိုးများ မက်နေတတ်ခြင်း၊ သို့မဟုတ် အိပ်ပျော်ရန် ခက်ခဲခြင်း။
  5. အစားအသောက်ပျက်ခြင်း၊ သို့မဟုတ် အလွန်အကျွံ စားခြင်း။
  6. အခြား ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများဖြစ်ခြင်း။

 

သည်လိုအချက်တွေ မိမိကလေးမှာ တွေ့နေရပြီဆိုလျှင် မိမိကလေး စိတ်ဖိစီးနေပြီဆိုတာကို သတိထားနေသင့်ပါပြီ။


ကလေးရဲ့ စိတ်ဖိစီးမှုတွေကို ဘယ်လို လျှော့ချမလဲ?

covid-19 ရောဂါ ကာလအတွင်းမှာ မိသားစု အများစုဟာ အိမ်အတွင်းမှာပဲ work from home နေရပြီး ကလေးတွေဟာလည်း ဘယ်အပြင်မှမသွားရ ပျော်စရာလည်းမရှိ၊ အချို့မိသားစုတွေမှာတော့ မိဘတွေ ငွေကြေးကြပ်တည်းတော့ ကလေး‌တွေကို အော်ဟစ်ဆူပူမိတာမျိုးတွေ အနည်းနဲ့အများရှိကြပါတယ်။ မိမိဘယ်လိုပဲအဆင်မပြေ ဖြစ်နေနေ အပြစ်မရှိတဲ့ကလေးတွေကို မည်းပြီး ဆူပူ‌တာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ မိဘတွေစိတ်ဆင်းရဲ‌‌ နေတဲ့အခါ ကလေးတွေဟာ ဘာဖြစ်မယ်သေချာမသိပေမယ့် သူတို့ချစ်ရသူတွေ တစ်ခုခုဖြစ်မှာကို စိုးရိမ်‌နေတတ်ကြပါတယ်။ ပြီးတော့ သူတို့‌ကိုယ်တိုင်ဟာလည်း မိဘတွေကို ဘာမှမကူညီနိုင်လို့ ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ ထင်မှတ်နေတတ်ပြီး စိတ်ဖိစီးနေတတ်ပါတယ်။

 

  • မိမိ အိမ်ကို လုံခြုံသောနေရာ အဖြစ် ဖန်တီးပါ။

ကလေးတွေ စိတ်ဖိစီးမှုလျော့ကျအောင် သက်တောင့်သက်သာရှိအောင် မိမိတို့အိမ်ဟာ လုံခြုံကြောင်း၊ အိမ်ထဲမှာပဲနေရင် စိုးရိမ်စရာမလိုကြောင်း များများပြောပေးပါ။ ကလေးကို ထွေးပွေ့တာ၊ ချစ်ကြောင်းပြသတာတွေဟာလည်း ကလေးရဲ့ စိတ်ကိုလုံခြုံမှုရှိစေပါတယ်။

 

  • ကလေးအတွက် နေရာကောင်းလေး တစ်ခုဖန်တီးပေးပါ။

ကလေးတွေအနေနဲ့ အိမ်ဆိုတဲ့အရာဟာ လုံခြုံမှုအရှိဆုံးလို့ သတ်မှတ်နိုင်အောင် ‌ကလေးကို နွေးနွေးထွေးထွေးဆက်ဆံပေးပါ။ မိသားစု အတူတူ ချက်ပြုတ်စားသောက်ကြတာ၊ ကလေးနဲ့တူတူ ဆော့ကစားပေးတာ စသဖြင့် ကလေး စိတ်သက်သာအောင် ပြုလုပ်ပေးပါ။

 

  • ကလေးကို အချိန်ပေးပါ။

ကလေးတွေစိတ်ထဲမှာလည်း သူတို့ပြောချင်နေတာလေးတွေရှိမှာပါ။ ဒါကြောင့် ကလေးကို ရင်ဖွင့်ပြောဖို့အချိန်ပေးပါ။ အမှားတစ်ခုခု လုပ်မိတိုင်း အရင်မဆူပဲ ဘာကြောင့် မလုပ်သင့်လဲ၊ ဒါဟာ ဘာကြောင့် မကောင်းတာလဲ သေချာရှင်းပြပေးပါ။ လူကြီးတွေစကားပြောနေချိန်မှာလည်း ကလေးတွေကို ဝင်ဆွေးနွေးစေခြင်းဖြင့် ကလေးတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုပေးသင့်ပါတယ်။

 

  • ကလေး အတုယူနိုင်လောက်တဲ့ စံပြမိဘတွေဖြစ်အောင် နေထိုင်ပါ။

ကလေးဆိုတာ သူမြင်ဖူးတဲ့သူတွေရဲ့ အပြုအမူတွေကို အတုယူတတ်ပါတယ်။ ဒါကြောင့် ကလေးရှေ့မှာ မိဘတွေရန်ဖြစ်တာ၊ ကလေးကို ရိုက်နှက်တာမျိုးတွေ လုံးဝ မလုပ်သင့်ပါဘူး။ ကလေးရှေ့မှာ စိတ်ဆင်းရဲစရာစကားတွေပြောတာကို သတိထားရှောင်သင့်ပါတယ်။ ကလေးရှေ့မှာ အတတ်နိုင်ဆုံး စိတ်ချမ်းသာနေတဲ့ ပုံစံနေထိုင်ကြည့်ပါ။ ဒါမှလည်း ကလေးဟာ စိတ်သက်သာရာရပါလိမ့်မယ်။

 

  • ကလေးကို ချီးကျူးပါ။

မိမိကလေးကို အားပေးစကားပြောပေးပါ။ သူတို့ရဲ့လုပ်ရပ်လေးတွေကို အသိအမှတ်ပြုပေးတာ၊ သူတို့တော်ကြောင်း ချီးမွမ်းစကားလေးတွေပြောဆိုပေးတာ၊ ကလေးရဲ့ ပြောစကားတွေကို နားထောင်ပေးတာဟာ ကလေးတွေ စိတ်ကျေနပ်ဖို့အတွက် အရေးကြီးတဲ့အရာတွေပါ။

 

အပြစ်ကင်းတဲ့နှလုံးသားပိုင်ရှင် ကလေးတွေဟာ သူတို့ကို ထိန်းကျောင်းပေးတဲ့ လူကြီးမိဘတွေရဲ့ ပျိုးထောင်မှုအပေါ်မူတည်ပြီး ကြီးပြင်းလာရမယ့်သူတွေပါ။ ကလေးတွေ ကြာရှည် စိတ်ဖိစီးနေခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွေကို ဟန့်တားနိုင်တာကြောင့် ယခုလို ကာလမှာ မိမိကလေးစိတ်ဖိစီးမှု ကင်းဝေးအောင် ပိုပြီး ဂရုစိုက်စောင့်ရှောက်သင့်ပါတယ်။

 

Dr. Aye Myat Mon

ဆက်စပ် ဆောင်းပါးများ