ကလေးများ ဖျားနာနေစဉ် အိမ်တွင်းဂရုစိုက်ပြုစုကုသခြင်းကို နည်းလမ်းမှန်စွာ ပြုလုပ်ပေးနိုင်ပါသည်။ ကောင်းမွန် မှန်ကန်သော အိမ်တွင်း ပြုစုကုသခြင်းများသည် ကလေးများကို ဖျားနာခြင်းဝေဒနာမှ အမြန်ဆုံး သက်သာ ပျောက်ကင်းစေရန် ကူညီပေးနိုင်ပါသည်။
အိမ်တွင်း ပြုစုကုသခြင်း၏ အဓိကရည်ရွယ်ချက် ၃ ခုမှာ ကိုယ်အပူချိန်ကို ထိန်းချုပ်ရန်၊ ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ရန်နှင့် ပြင်းထန်ဆိုးရွား၍ အန္တရာယ်ရှိသည့် ဖျားနာခြင်းလက္ခဏာရပ်များကို သတိပြုစောင့်ကြည့်ရန်ဖြစ်ပါသည်။
ကိုယ်ပူချိန်ကိုထိန်းချုပ်ခြင်း
ကလေးငယ်၏ ကိုယ်ပူချိန်ကို ၁၀၂°F (၃၈.၉°C) အောက်တွင် ရှိနေစေရန် ဆေးဝါးများတိုက်ကျွေးခြင်းနှင့် သင့်တော်သော အဝတ်အထည်များ ဝတ်ဆင်ပေးခြင်းအားဖြင့် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။ ကိုယ်အပူချိန် အလွန်အမင်းမြင့်တက်လာပါက ရေပတ်တိုက်ပေးခြင်း၊ ရေခပ်နွေးနွေးဖြင့် ခပ်မြန်မြန် ရေချိုးပေးခြင်းသည်လည်း ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ သို့သော် အချိန်ကြာမြင့်စွာ မချိုးပေးဘဲ ခပ်မြန်မြန်ချိုးပေးဖို့ အရေးကြီးပါသည်။
အကယ်၍ ကလေးများ၏ လျှာအောက်တွင် အဖျားတိုင်းတံထား၍ တိုင်းတာခဲ့မည်ဆိုပါက ပါးစပ်ဖြင့် အသက်ရှူနေသောကလေးများနှင့် မကြာသေးမီက ပူသော၊ အေးသော အစားအစာများကို စားသောက်ခဲ့သော ကလေးငယ်များကို မတိုင်းတာသင့်ပါ။
ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့် ကိုယ်အပူချိန်ကျ ဆေးဝါးများကိုလည်း တိုက်ကျွေးခြင်းဖြင့် အဖျားကို ကျစေရန်ပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့တိုက်ကျွေးမည်ဆိုပါက တိုက်ကျွေးရမည့်ဆေးပမာဏနှင့် တိုက်ကျွေးရမည့် အကြိမ်ရေတို့ကို သေချာစွာဖတ်ရှု၍ အတိအကျလိုက်နာရန် အရေးကြီးပါသည်။ သို့သော် အသည်းပျက်စီးမှုကို ဖြစ်စေနိုင်သည့် အလားအလာရှိနိုင်သောကြောင့် အက်စပရင်ဆေးအား ကလေးများ မတိုက်ကျွေးသင့်ပါ။
ထို့ပြင် ဖျားနာသည့်အခါတွင် ကလေးများကို အင်္ကျီအဝတ်အစား၊ အနွေးထည် ထူထဲစွာ အထပ်ထပ် ဝတ်ပေးခြင်းကို ရှောင်ကြဉ်ရပါမည်။ ထိုသို့ဝတ်ပေးဆင်ပေးခြင်းက ကိုယ်ပူချိန်ကျစေရန် အနှောင့်အယှက် အတားအဆီးဖြစ်လာနိုင်ပါသည်။ ကလေးငယ်အား အင်္ကျီတစ်ထပ်သာ ဝတ်ဆင်စေ၍ စောင်ပါးတစ်ထည်ဖြင့် လွှမ်းခြုံပေးထားခြင်းသည်က အမှန်ကန်ဆုံးနှင့် လက်တွေ့အကျဆုံး နည်းလမ်းတစ်ခုဖြစ်ပါသည်။
ရေဓာတ်ခန်းခြောက်ခြင်းကို ကာကွယ်ခြင်း
အိမ်တွင်း ပြုစုကုသခြင်း၏ ဒုတိယမြောက်ရည်ရွယ်ချက်မှာ ကလေးငယ်များအား ရေဓာတ်မခန်းခြောက်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ဖျားနာစဉ်ကာလအတောအတွင်းတွင် အရေပြားနှင့် အဆုတ်မှနေ၍ ရေဓာတ်များပိုမို ဆုံးရှုံးတတ်ပါသည်။ ထို့ကြောင့် ကလေးငယ်အား ကဖင်းမပါဝင်သော အရည်သို့မဟုတ် အရည်ကြည်များကို ပိုမိုသောက်သုံးစေရန် တိုက်တွန်းစေရမှာဖြစ်ပါသည်။ ကဖင်းပါသော အရည်များကဲ့သို့ပင် လက်ဖက်ရည်သည်လည်း ဆီးများစွာသွားစေ၍ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်သောကြောင့် လက်ဖက်ရည်ကိုလည်း မတိုက်သင့်ပါ။
ရေဓာတ်ကောင်းစွာ ပြည့်တင်းနေသော ကလေးတစ်ဦးသည် အနည်းဆုံး ၄ နာရီတစ်ကြိမ် ဆီးသွား၍ ဆီးအရောင်မှာလည်း အဝါဖျော့ရောင်ရှိရပါမည်။ အကယ်၍ ကလေးသည် ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ကို အကြိမ်ရေ အတော်များများဖြစ်ပွားခဲ့ပါက ဆေးရုံဆေးခန်းသို့ သွားရောက်ပြသရန်လိုအပ်ပါသည်။
ပြင်းထန်ဆိုးရွား၍ အန္တရာယ်ရှိသည့် ဖျားနာခြင်းလက္ခဏာရပ်များကို သတိပြုစောင့်ကြည့်ခြင်း
တတိယအချက်အနေဖြင့် ကလေးငယ်တွင် ပြင်းထန်ဆိုးရွား၍ အန္တရာယ်ရှိသည့် ဖျားနာခြင်း လက္ခဏာရပ်များရှိမရှိ သတိပြုစောင့်ကြည့်ရန်ဖြစ်ပါသည်။ ကလေးငယ်တွင် အန္တရာယ်ရှိသည့် ဖျားနာခြင်းလက္ခဏာများ မရှိကြောင်း သေချာစေသည့် အကောင်းဆုံးသောနည်းလမ်းတစ်ခုမှာ ကလေးငယ်၏ ကိုယ်ပူချိန်ကို ၁၀၂° F (၃၈.၉°C) အောက်တွင် ရှိနေစေရန် ပြုလုပ်ခြင်းဖြစ်ပါသည်။
ထို့ပြင် လုံလောက်သောအရည်ပမာဏကို သောက်သုံးနိုင်သည်ကိုလည်း သေချာစေရန်ပြုလုပ်ရပါမည်။ အကယ်၍ ကိုယ်အပူချိန်ကျဆင်းပြီး ရေများစွာသောက်သုံးနိုင်သော်လည်း ဆက်လက်၍ ဖျားနာနေသေးပါက ကလေးငယ်တွင်ပိုမိုပြင်းထန်သော ပြဿနာတစ်စုံတစ်ရာရှိနိုင်ပါသည်။
အကယ်၍ ကလေးငယ်သည် အရည်များသောက်သုံးရန် ငြင်းဆန်ခဲ့ပါက သို့မဟုတ် ပုံပန်းသွင်ပြင်၊ အပြုအမူ စသည့် တစ်စုံတစ်ရာပြောင်းလဲလာသည်ဟု ယူဆပါက ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသရန်လိုအပ်ပါသည်။
Author: ဒေါက်တာမွန်