DHA သည် ကျန်းမာရေးအတွက် များစွာကောင်းကျိုးပြုသော Omega 3 fatty Acids တွေထဲမှ အရေးပါဆုံးတစ်ခု ဖြစ်ပါသည်။ မိခင်၏ ဝမ်းဗိုက်အတွင်း ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးများ၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် DHA သည် လွန်စွာအရေးပါပါသည်။ ထို့ပြင် DHA သည် ခန္ဓာကိုယ်တွင်ရှိသော ဦးနှောက်၊ မျက်လုံးနှင့် အရေပြား ဆဲလ်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ဖွဲ့စည်းနေပါသည်။
DHA က ဘယ်လိုအလုပ်လုပ်သလဲ
DHA သည် ဆဲလ်များ၏ အမြှေးပါးပေါ်တွင် အဓိကတည်ရှိပါသည်။ ထို့ကြောင့် DHA ပြည့်စုံလုံလောက်စွာ ရရှိပါက အာရုံကြောဆဲလ်များတွင် အာရုံကြောဆိုင်ရာ သတင်းပေးပို့ချက်များ ထုတ်လွှတ်ခြင်းနှင့် လက်ခံရယူခြင်း တစ်နည်းအားဖြင့် အာရုံကြောဆဲလ်များ တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုသည် ပိုမိုလွယ်ကူလာပါတော့သည်။
ဆန့်ကျင်ဘက်အားဖြင့် DHA ပမာဏ နည်းပါးခြင်းသည် အာရုံကြောဆဲလ်များ သတင်းပေးပို့ခြင်းများကို နှေးကွေးသွားစေသည့်အတွက်ကြောင့် အမြင်အာရုံပိုင်းဆိုင်ရာ ချို့တဲ့ခြင်းနှင့် ဦးနှောက်၏ လုပ်ငန်းဆောင်တာများ ပြောင်းလဲသွားခြင်း တို့ကိုဖြစ်ပေါ်လာစေပါသည်။
DHA က ဦးနှောက်အပေါ် အကျိုးသက်ရောက်မှု
DHA သည် ဦးနှောက်အတွင်းတွင်ရှိသော ပမာဏအများဆုံးသော Omega-3 Fatty Acids ဖြစ်ကာ ဦးနှောက်တွင်ရှိသော Omega 3 Fatty acids များ၏ ၉၀% ကျော်အထိ ပါဝင် ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် ဦးနှောက်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်ငန်းဆောင်တာများ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်စေရန် လွန်စွာမှ အရေးပါလှပါသည်။
ထို့ပြင် DHAသည် ဦးနှောက်၏ တစ်ရှူးများ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးကြီးပါသည်။ အထူးသဖြင့် ကလေးများ ငယ်ရွယ်စဉ် အချိန်ကာလတွင် ပိုမို အရေးပါ ပါသည်။
EPA ကဲ့သို့သော အခြား Omega 3 fatty acids များသည် DHA ပမာဏထက် အဆ ၂၅၀ မှ ၃၀၀ အထိ ပိုမိုနည်းပါးကြပါသည်။ ဦးနှောက်နှင့် မျက်လုံး ပုံမှန်အတိုင်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဗဟိုအာရုံကြောစနစ် တွင် DHA များ လုံလောက်စွာ ရရှိစုစည်းမိရန် လိုအပ်ပါသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်ကာလ တတိယ ၃ လပတ်တွင် DHA လုံလောက်ပြည့်မီအောင် စားသုံးမှုကလည်း ကလေး၏ ကြီးထွားဖွံ့ဖြိုးတိုးတက်မှုများကို များစွာ အကျိုးသက်ရောက်မှု ရှိပါသည်။
ဦးနှောက်၏ အညိုရောင်ကိုယ်ထည် ဟုခေါ်သော Gray Matter တွင် တွေ့ရှိရသော DHA သည် ဦးနှောက် အရှေ့ဘက်အဝိုက်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက အကျိုးသက်ရောက်မှုရှိစေပါသည်။ အဆိုပါ ဦးနှောက် အရှေ့ဘက်အဝိုက်များသည် သတင်းအချက်အလက်ဆိုင်ရာ၊ မှတ်ဉာဏ်ဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ ဖြစ်စဉ်များအတွက် အဓိက လုပ်ဆောင်ပေးသော အစိတ်အပိုင်းများဖြစ်ပါသည်။ ထို့အပြင် အဆိုပါအစိတ်အပိုင်းများသည်
- ကြာရှည်အာရုံ စူးစိုက်မှု၊
- အစီအစဉ်များ ချမှတ်ဆောင်ရွက်မှု၊
- ပြဿနာများ ဖြေရှင်းနိုင်မှု၊
- လူမှုဆက်ဆံရေးဆိုင်ရာ ပေါင်းသင်းနေထိုင်တတ်မှု၊
- စိတ်ခံစားချက်ဆိုင်ရာနှင့် အပြုအမူဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက်လည်း အရေးပါလှပါသည်။
ဦးနှောက်ဖွံ့ဖြိုးတိုးတက်နေစဉ်ကာလအတွင်း DHA ပမာဏ လုံလောက်စွာ မရရှိခဲ့ပါက အာရုံကြောဆဲလ်အသစ်များ ထပ်မံဖြစ်ပေါ်ခြင်းကို နည်းပါးစေကာ အာရုံကြော၏ လုပ်ငန်းဆောင်တာများကိုလည်း အပြောင်းအလဲ ဖြစ်စေပါသည်။
ထို့အပြင် သင်ကြားရေးနှင့် အမြင်အာရုံပိုင်းဆိုင်ရာတွင်လည်း အနှောင့်အယှက်ဖြစ်လာစေပါသည်။ ငယ်စဉ်ကလေးဘဝတွင် DHA ချို့တဲ့ခဲ့ပါက သင်ယူမှုမလုပ်ဆောင်နိုင်ခြင်းအပြင် အာရုံစူးစိုက်မှု အားနည်း၍ ဂနာမငြိမ်ဖြစ်ခြင်းဆိုင်ရာ ရောဂါ ADHD ဖြစ်ခြင်း၊ ရန်လိုခြင်းနှင့် အခြားချို့ယွင်းချက်များစွာကို ဖြစ်စေပါသည်။
DHA ကြွယ်ဝသော အစားအစာများ
ခန္ဓာကိုယ်က DHA လုံလောက်သော ပမာဏကို မထုတ်လုပ်နိုင်သောကြောင့် အစားအစာများမှ ပြည့်ဝစွာ ရရှိရန်လိုအပ်ပါသည်။
DHA ကို ပင်လယ်ငါးများနှင့် ရေညှိကဲ့သို့သော ပင်လယ်စာများတွင် အဓိကတွေ့ရှိရပါသည်။ ထို့အပြင် အသားများနှင့် နို့ထွက်ပစ္စည်းများတွင်လည်း DHA ပမာဏ အနည်းငယ်ကို တွေ့ရပါသည်။ အကယ်၍ DHA ကြွယ်ဝသော အစားအစာများကို လုံလောက်အောင်ပုံမှန် မစားနိုင်ပါက DHA ပါဝင်သော ဖြည့်စွက်အာဟာရများကို စားသုံးသင့်ပါသည်။