သွားဖုံးရောင်ခြင်း၏ အဓိကအကြောင်းရင်းမှာ သွားများပေါ်တွင် ကျောက်များ၊ ဂျိုးများ တွယ်ကပ်နေခြင်းတို့ကြောင့် ဖြစ်ပါသည်။ ထိုသို့ သွားကျောက်များ၊ သွားဂျိုးများကို ပုံမှန်ဖယ်ရှားရှင်းလင်းခြင်း မပြုပါက ၎င်းတို့တွင် တွယ်ကပ်နေသော ဘက်တီးရီးယားပိုးမွှားများကြောင့် နောက်ဆက်တွဲအနေနှင့် သွားဖုံးရောင်ခြင်းများ ဖြစ်ပွားလာတတ်ပါသည်။
သွားဖုံးရောင်ခြင်း လက္ခဏာရပ်များ
သွားဖုံးရောင်ခြင်း လက္ခဏာရပ်များမှာ သွားဖုံးနီလာခြင်း၊ ရောင်လာခြင်းနှင့် အခန့်မသင့်လျှင် ပုံမှန်သွားတိုက်သည့်အခါများတွင်ပင် သွေးထွက်ခြင်းများ ဖြစ်လာတတ်ပါသည်။ ပုံမှန်အားဖြင့် နာကျင်မှုမဖြစ်ပေါ်တတ်သော်လည်း ခံတွင်းအနံ့ဆိုးများ ထွက်လာတတ်ပါသည်။
သွားဖုံးရောင်ခြင်းသည် ရောဂါဖြစ်ခါစတွင် ပါးစပ်အတွင်းရှိ ဧရိယာအနည်းငယ်ကိုသာ ထိခိုက်စေတတ်သော်လည်း ပိုမိုဆိုးရွားလာပါက ပါးစပ်တစ်ခုလုံးကို ထိခိုက်လာစေနိုင်ပါသည်။
ဖြစ်ပွားစေသောအကြောင်းရင်း
သွားကျောက်များနှင့် သွားဂျိုးများတွင် ခိုအောင်းနေသော ဘက်တီးရီးယားပိုးမွှားများက ထုတ်လွှတ်လိုက်သော အဆိပ်အတောက်များသည် သွားဖုံးကို ထိခိုက်စေခြင်းဖြင့် သွားဖုံးရောင်ခြင်းဖြစ်လာစေပါသည်။
အခြားသွားဖုံးရောင်ခြင်းကိုဖြစ်စေသော အကြောင်းရင်းများမှာ ဆေးလိပ်သောက်ခြင်းနှင့် ဆီးချိုရောဂါရှိခြင်းတို့ ဖြစ်ပါသည်။
ကုသခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်း
သွားဖုံးရောင်ခြင်းသည် စောစီးစွာသိ၍ ကောင်းမွန်သောကုသမှုခံယူခဲ့ပါက ပြန်လည်ကောင်းမွန်နိုင်သော ရောဂါတစ်ခုဖြစ်ပါသည်။ မိမိ၏သွားဆရာဝန်နှင့်ပြသ၍ သွားများတွင်တွယ်ကပ်နေသော ကျောက်များနှင့် သွားဂျိုးများကို ဖယ်ရှား ရှင်းလင်းရပါမည်။
ထို့အပြင် တစ်နေ့ကိုနှစ်ကြိမ် သွားတိုက်ခြင်း၊ သွားပွတ်ကြိုးများဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်း၊ လိုအပ်ပါက ဘက်တီးရီးယားများကိုသေစေနိုင်သည့် ခံတွင်းပလုတ်ကျင်းရည်ဖြင့် ပလုတ်ကျင်းခြင်းများကလည်း သွားဖုံးရောင်ခြင်းရောဂါကို သက်သာစေခြင်းနှင့် မဖြစ်စေရန်ကာကွယ်ခြင်းများကို လုပ်ဆောင်ပေးနိုင်ပါသည်။
နောက်ဆက်တွဲပြဿနာများ
သွားဖုံးရောင်ခြင်းပြဿနာကို ကောင်းစွာကုသမှုမခံယူခဲ့ပါက အောက်ပါနောက်ဆက်တွဲပြဿနာများ ဖြစ်ပွားလာနိုင်ခြေရှိပါသည်။
– သွားဖုံးနှင့်မေးရိုးတွင် ရောဂါပိုးဝင်ရောက်ခြင်းနှင့် ပြည်တည်ခြင်း
– ရေစီးကမ်းပြိုရောဂါဖြစ်ခြင်း
– သွားဖုံးရောင်ခြင်း ထပ်ခါထပ်ခါထပ်မံဖြစ်ခြင်း
– သွားဖုံးတွင် ဘက်တီးရီးယားပိုးများကြောင့် အနာများဖြစ်လာခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာနိုင်ခြေရှိပါသည်။
ထို့အပြင်လေ့လာတွေ့ရှိချက်များအရ ရေစီးကမ်းပြိုရောဂါသည် နှလုံးခုန်ရုတ်တရက်ရပ်ခြင်း၊ လေဖြတ်ခြင်းစသည့် နှလုံးသွေးကြောနှင့်ဆိုင်သောရောဂါများနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရပါသည်။
အခြားလေ့လာတွေ့ရှိချက်များအရ သွားဖုံးနှင့်ပတ်သက်သော ရောဂါများကြောင့် အဆုတ်နှင့်သက်ဆိုင်သည့် ရောဂါများ ပိုမိုဖြစ်ပွားစေတတ်ကြောင်းတွေ့ရှိရပါသည်။
ထို့ကြောင့် သွားဖုံးရောင်ရမ်းခြင်းကို မပေါ့ဆဘဲ စနစ်တကျ ကုသမှုခံယူသင့်ပါကြောင်း တင်ပြ တိုက်တွန်းလိုက်ပါသည်။