ခေါင်းကိုက်ခြင်းသည် ခံရခက်သည့်ဝေဒနာတစ်ခုဖြစ်ပါသည်။ လူကြီးများပင်လျှင် ကြိတ်မှိတ်ခံစားရသည့် ခေါင်းကိုက်ဝေဒနာကို ကလေးများ ခံစားခဲ့ရပါက ပိုမိုခံစားရခက်ခဲပေလိမ့်မည်။ ထို့ကြောင့် အဆိုပါခေါင်းကိုက်ခြင်းကို သက်သာပျောက်ကင်းစေမည့် နည်းလမ်းများကို ချက်ချင်းလုပ်ဆောင် သင့်ပါသည်။
ထို့ပြင် တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်းကို ဆရာဝန်များနှင့် ချက်ချင်းပြသရန် မဖြစ်နိုင်သော အခြေအနေနှင့် ကြုံတွေ့ရသည့်အခါတွင်လည်း အဆိုပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။
ဆေးတိုက်ပါ
ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်သုံးနိုင်သည့် ခေါင်းကိုက်ပျောက်ဆေးများကို တိုက်နိုင်ပါသည်။ သို့သော် ထိုသို့တိုက်ကျွေးရာတွင် ဆေးပမာဏလိုသည်ထက် ပိုမိုများပြားစွာ တိုက်ကျွေးမိပါက အသည်းထိခိုက် ပျက်စီးခြင်း၊ ဦးနှောက်ထိခိုက်ပျက်စီးခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည့်အတွက် တိုက်ကျွေးရမည့်ဆေးပမာဏနှင့် အကြိမ်အရေအတွက် ညွှန်ကြားချက်များကို သေချာစွာ ဖတ်ရှု၍အတိအကျ လိုက်နာရန်လိုအပ်ပါသည်။
ထို့အပြင် ထိုသို့သော အကိုက်အခဲပျောက်ဆေးများကို တိုက်ကျွေးသောအခါ အစာအိမ်ကို ထိခိုက်စေနိုင်သည့်အတွက် ဗိုက်ထဲတွင် အစာမရှိသောအချိန်တွင် တိုက်ကျွေးခြင်းကို ရှောင်ကြဉ်ရပါမည်။ ။
အထူးသတိပြုရန်မှာ အလွန်ငယ်ရွယ်သောကလေးများအား ဆရာဝန်နှင့် ပြသတိုင်ပင်ခြင်းမပြုဘဲ မိမိသဘောဆန္ဒအလျောက် အဆိုပါဆေးများတိုက်ကျွေးခြင်းကို ရှောင်ကြဉ်ရပါမည်။
နေသာထိုင်သာရှိစေမည့် အစားအစာများကို ကျွေးမွေးပါ
ပုံမှန်အားဖြင့် ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို ကျွန်ုပ်တို့၏စိတ်ပိုင်းဆိုင်ရာ ပြန်လည်လန်းဆန်းလာရန်အတွက် သောက်လေ့ရှိကြပါသည်။ သို့ရာတွင် ကလေးများအား ကဖင်းဓါတ်ပါဝင်သော အစားအစာများအား မတိုက်ကျွေးသင့်ပါ။
တစ်ခါတစ်ရံ ခေါင်းကိုက်ခြင်းသည် သွေးတွင်းသကြားဓါတ်များ ကျဆင်းသောကြောင့် ဖြစ်တတ်ပါသည်။ ထိုသို့သောအချိန်မျိုးတွင် အချိုဓါတ်ပါသောအစားအစာများ၊ ကျွေးပေးခြင်းက သက်သာပျောက်ကင်းစေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အချိုဓါတ်လည်းများ၊ နေသာထိုင်သာလည်း ရှိစေပြီး ကလေးများလည်းကြိုက်နှစ်သက်သည့် ချောကလက်၊ မုန့်အချိုများ၊ ရေခဲမုန့်၊ အသီးအနှံများ စသည်တို့ကို ကျွေးနိုင်ပါသည်။
ခေါင်းအား ဖြည်းညင်းစွာနှိပ်နယ်ပေးပါ
အဆီတစ်ခုခုကိုသုံး၍ ခေါင်းအားညင်သာစွာနှိပ်နယ်ပေးခြင်းသည်လည်း ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြသည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထိုသို့နှိပ်နယ်ပေးခြင်းသည် ကလေး၏ကြွက်သားများကို ပြေလျော့စေ၍ ဦးနှောက်ကိုလည်း စိတ်ဖိအားများလျော့နည်းစေပါသည်။
ထို့အပြင် အဆီ၏ မွှေးရနံ့ကလည်း ကလေးအားနှစ်ခြိုက်စွာ၊ အချိန်ကြာကြာ အိပ်စက်နိုင်ရန်အတွက် အထောက်အကူ ပြုပါသည်။
ရေအေးအဝတ်ဖြင့် မျက်လုံးပေါ်တွင် အုပ်ထားပေးပါ
အဝတ်တစ်ခုကို ရေခပ်အေးအေးတွင်စိမ်၍ အစိုဓါတ်ရှိရုံမျှ ခြောက်အောင်ညှစ်ကာ မျက်လုံးနှစ်ဖက်ပေါ်တွင် အုပ်ပေးထားနိုင်ပါသည်။
ထိုသို့ပြုလုပ်ပေးခြင်းသည် မျက်လုံးကြွက်သားများကို ပြေလျော့စေသည့်အပြင် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကိုလည်း လျော့နည်းစေပါသည်။
ထို့အပြင် ဖုန်း၊ တီဗီ၊ ကွန်ပြူတာအကြည့်များခြင်း၊ စာအကြည့်များခြင်း စသည့် မျက်လုံးအား အသုံးပြုမှုများခြင်းကြောင့် ဖြစ်ပေါ်တတ်သော ခေါင်းကိုက်ခြင်း ဝေဒနာကိုလည်း လျင်မြန်စွာပျောက်ကင်းစေရန် ကူညီပေးနိုင်ပါသည်။
အထက်ပါနည်းလမ်းများသည် ကလေးများ၏ခေါင်းကိုက်ခြင်း ဝေဒနာကို အတိုင်းအတာတစ်ခုအထိ သက်သာပျောက်ကင်းစေမည့် နည်းလမ်းများဖြစ်ပါသည်။ သတိပြုရန်မှာ ဤနည်းလမ်းများသည် ယာယီခဏတာ သက်သာပျောက်ကင်းစေရန်အတွက်သာ ရည်ရွယ်ခြင်းဖြစ်ပါသည်။
ထို့ကြောင့် ခေါင်းကိုက်ခြင်းဝေဒနာ မသက်သာခဲ့ပါက၊ ပိုမိုဆိုးရွားလာခဲ့ပါက၊ ၃၊ ၄ ရက် ကြာသည့်တိုင်အောင် ခေါင်းကိုက်မပျောက်ခဲ့ပါက မိမိ၏ကလေးအား ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။