နေထိုင်မကောင်းဖြစ်ခြင်းအတော်များများတွင် ခေါင်းကိုက်ခြင်းကို လက္ခဏာတစ်ရပ် အဖြစ်တွေ့ရပါသည်။
တစ်ခါတစ်ရံ ကိုယ်အပူချိန်တက်၍ဖျားနာခြင်းကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်စေပါသည်။
ရာသီတုပ်ကွေးနှင့် ဓာတ်မတည့်ခြင်း စသည့် သိပ်ပြင်းထန်လေ့မရှိသည့် ကျန်းမာရေးပြဿနာများတွင်လည်း ခေါင်းကိုက်ခြင်းဖြစ်တတ်ပါသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
၁။ ဓာတ်မတည့်ခြင်း
ဓာတ်မတည့်ခြင်း ဖြစ်ပွားသောအခါ နှာပိတ်၊ နှာမွှန်ခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါသည်။
ထိုသို့ ဓါတ်မတည့်ခြင်းဖြစ်ပွားသောအခါ ခေါင်းကိုက်ခြင်းအပြင် မျက်လုံးနှင့် ဦးခေါင်းခွံအတွင်းရှိ လိုဏ်ခေါင်းလမ်းကြောင်းများ (Sinuses) တစ်ဝိုက်တွင် နာကျင်မှုနှင့် တင်းကြပ်သည့် ဖိအားများခံစားရခြင်း၊ ခေါင်းတစ်ခြမ်းထဲ တစ်ဆစ်ဆစ်ကိုက်ခဲခြင်းများ ဖြစ်ပွားနိုင်ပါသည်။
ဓာတ်မတည့်ခြင်းသည် ကိုယ်အပူချိန် မြင့်တက်ခြင်းကို ပုံမှန်အားဖြင့် မဖြစ်စေနိုင်ပါ။ သို့သော် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ရောဂါကူးစက်ခံရခြင်းကို ပိုမို၍ ဖြစ်ပွားစေနိုင်ပါသည်။ ထိုသို့ ကူးစက်ခံရခြင်းကြောင့် ဖျားနာခြင်းများကိုဖြစ်ပွားစေကာ ပိုမို၍ ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်ပါသည်။
ထိုသို့ ဓါတ်မတည့်ခြင်းကြောင့် ခေါင်းကိုက်တတ်သည့်အပြင် ခေါင်းကိုက်စေသော အခြားအကြောင်းရင်းများမှာ
- အအေးမိတုပ်ကွေးဖြစ်ခြင်း
- ဘက်တီးရီးယားရောဂါကူးစက်ခံရခြင်း
- နားရောဂါဖြစ်ခြင်း
- ဦးနှောက်အမြှေးရောင်ခြင်း
- အပူရှပ်ခြင်း
- သွေးလေးဘက်နာဖြစ်ခြင်း
- အဆစ်အမြစ်ရောင်လေးဘက်နာဖြစ်ခြင်း
- ကာကွယ်ဆေးထိုးခြင်း
- ကင်ဆာရောဂါဖြစ်ခြင်း
- အချို့သော ဆေးဝါးများကြောင့် ခေါင်းကိုက်ခြင်းစသည့်အကြောင်းများကြောင့် ခေါင်းကိုက်နိုင်ပါသည်။
သက်သာပျောက်ကင်းစေရန် ပြုလုပ်ပေးနိုင်သော အချက်များ
ကလေးများဖျားနာခြင်း သက်သာစေရန်နှင့် ခေါင်းကိုက်ခြင်း လျော့နည်းစေရန်
- ကောင်းမွန်စွာအနားယူခိုင်းပါ။
- အချွဲများပျော်၍ နည်းပါးသွားစေရန် အရည် သို့မဟုတ် ပူနွေးသောအရည် များများတိုက်ပါ။
- မျက်လုံး၊ မျက်နှာနှင့် လည်ပင်းတို့ကို အေးမြ၍ အစိုဓာတ်ရှိနေသော အဝတ်ဖြင့်အုပ်ပေးပါ။
- ရေနွေးရှူခိုင်းပါ
- ရေပတ်တိုက်ပေးပါ
- ကြက်စွတ်ပြုတ်ရည်တိုက်ပါ
- အေးခဲထားသော ဒိန်ချဉ် သို့မဟုတ် သကြားချောင်းကျွေးပါ
- နားထင်တွင် ပူဒီနာအဆီ သုတ်လိမ်းပေးပါ။
ကလေးများ ခေါင်းကိုက်ခြင်းနှင့် ဖျားနာခြင်းတို့မဖြစ်စေရန် အောက်ပါ ကာကွယ်နည်းလမ်းများကို အသုံးပြုသင့်ပါသည်။
- ဓာတ်မတည့်ခြင်းကို ဖြစ်စေသည့် အရာဝတ္ထုများကိုရှောင်ရှားစေပါ။
- မျက်နှာမကြာခဏ သစ်ပေးပါ။
- ပါးစပ်နှင့် နှာခေါင်းတို့ကိုဆေးကြောပေးပါ။
- နွေးသော သို့မဟုတ် အေးသော အစိုဓာတ်ပါသည့် အဝတ်ကို မျက်နှာပေါ်သို့ မကြာခဏ အုပ်ပေးပါ။
- အခြားသူများနှင့် ရေခွက်၊ ရေပုလင်းစသည်တို့ကို အတူတူ အသုံးပြု သောက်သုံးခြင်း မပြုလုပ်ရန် သင်ကြားပေးပါ။
- ကောင်းမွန်မှန်ကန်သော လက်ဆေးနည်းစနစ်ကို သင်ကြားပေးပါ။
- ကလေးများဖျားနာသောအခါ သူတို့ကိုင်တွယ်ခဲ့သော အရုပ်များနှင့် အခြားအရာများကို ရေနွေးနှင့် ဆပ်ပြာဖြင့် ဆေးပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်လဲ။
အကယ်၍ခေါင်းကိုက်ခြင်းနှင့်အတူ အောက်ပါလက္ခဏာများတွေ့ရှိခဲ့ပါက ဆရာဝန်နှင့် အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။
- ကိုယ်အပူချိန်သည် ၁၀၃°F (၃၉.၄°C) သို့မဟုတ် ပိုမိုမြင့်များလာလျှင်
- ခေါင်းကိုက်ခြင်း ပိုမိုပြင်းထန်ဆိုးရွားလာလျှင်
- အရေပြားပေါ်တွင် အကွက်များ ပေါ်ပေါက်လာလျှင်
- ဇက်တောင့်တင်းခြင်းနှင့် ဇက်နာခြင်းများဖြစ်ပေါ်လာလျှင်
- အသက်ရှူရခက်ခဲလာလျှင်
- ဝမ်းဗိုက်အောင့်လာလျှင်
- ဆီးသွားသည့်အခါ နာကျင်လာလျှင်
- သတိကောင်းကောင်းမကပ်ဖြစ်လာလျှင်
- မကြာခဏ အန်ခြင်းဖြစ်လာလျှင်
- တက်ခြင်းဖြစ်လာလျှင်
- သတိလစ်ဖြစ်လာလျှင် စသည့်လက္ခဏာများ ပေါ်ပေါက်ခဲ့ပါက ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။
အကယ်၍ ကလေးများကို ကာကွယ်ဆေးထိုးနှံပြီးသည်ချိန်တွင် ခေါင်းကိုက်ဖျားနာ၍ အောက်ပါလက္ခဏာများ ပေါ်ပေါက်လာလျှင် ဆေးရုံသို့ အမြန်ဆုံး သွားရောက်ပြသသင့်ပါသည်။
- ကလေး၏ အသက်သည် သီတင်းပါတ် ၁၂ ပါတ်အောက် ဖြစ်လျှင်
- ဇက်တောင့်တင်းလာလျှင်
- ဇက်၏လှုပ်ရှားမှုပုံမမှန်ဖြစ်လာလျှင်
- ၃ နာရီထက် ပိုကြာအောင် ငိုနေလျှင်
- ၁ နာရီထက် ပိုကြာအောင် စူးစူးဝါးဝါး အာခေါင်ခြစ်၍ အော်ငိုနေလျှင်
- လုံးဝ မငိုကြွေးခြင်း၊ တုံ့ပြန်မှု တစ်စုံတစ်ရာပြန်လည်ပြုလုပ်ခြင်းမရှိလျှင် ဆေးရုံသို့ အမြန်ဆုံးသွားရောက် ပြသသင့်ပါသည်။