ကလေးတို့၏ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုသည် မွေးဖွားပြီးသည့်အချိန်တွင် လျင်မြန်စွာ တိုးတက်လာလေ့ရှိပါသည်။
လေ့လာတွေ့ရှိချက်များအရ အသက် ၂ နှစ်အရွယ် ကလေးတစ်ယောက်၏ ဦးနှောက်အရွယ်အစားသည် လူကြီးတစ်ယောက်ဦးနှောက်အရွယ်အစား၏ ၃၀% ခန့် ရှိနေပြီဖြစ်ပါသည်။ အသက် ၃ နှစ်အရွယ်တွင် ၈၀% ခန့်၊ အသက် ၅ နှစ် အရွယ်တွင် ၉၀% ခန့် ရောက်ရှိကြီးထွားလာလေ့ ရှိပါသည်။
ထို့ကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု အများဆုံးအချိန်ဖြစ်သည့် ကလေးများငယ်ရွယ်စဉ်ကာလတွင် အာဟာရဓါတ်ပြည့်၀စေရန် ဂရုပြု ကျွေးမွေးစောင့်ရှောက်ရမည် ဖြစ်ပါသည်။
ဦးနှောက်တွင်ရှိသော Omega-3 Fatty Acids များ၏ ၉၀% ကျော်အထိ ပါဝင်ဖွဲ့စည်းထားသည့် DHA သည် ကလေးများ၏ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသည့် အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါသည်။
DHA သည် အာရုံကြောဆဲလ်များ၏ အမြှေးပါးများပေါ်တွင် အဓိကတည်ရှိပါသည်။ ထို့ကြောင့် DHA ပြည့်စုံလုံလောက်စွာရရှိပါက အာရုံကြောဆဲလ်များတွင် အာရုံကြောဆိုင်ရာ သတင်းပေးပို့ချက်များ ထုတ်လွှတ်ခြင်းနှင့် လက်ခံရယူခြင်း တစ်နည်းအားဖြင့် အာရုံကြောဆဲလ်များ တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုသည် ပိုမိုလွယ်ကူလာပါတော့သည်။
ဆန့်ကျင်ဘက်အားဖြင့် DHA ပမာဏ နည်းပါးခြင်းသည် အာရုံကြောဆဲလ်များ သတင်းပေးပို့ခြင်းများကို နှေးကွေးသွားစေပါသည်။ ထို့အပြင် အာရုံကြောဆဲလ်အသစ်များ ထပ်မံဖြစ်ပေါ်ခြင်းကိုလည်း နည်းပါးသွားစေသည့်အတွက်ကြောင့် အမြင်အာရုံပိုင်းဆိုင်ရာ ချို့တဲ့ခြင်းနှင့် ဦးနှောက်၏ လုပ်ငန်းဆောင်တာများ ပြောင်းလဲသွားခြင်းတို့ကိုဖြစ်ပေါ်လာစေပါသည်။
လေ့လာတွေ့ရှိချက်များအရ DHA အာဟာရဓါတ်များကောင်းစွာရရှိသော ကလေးတစ်ယောက်သည်
- စဉ်းစားတွေးခေါ်မှုဆိုင်ရာ
- မှတ်ဉာဏ်ဆိုင်ရာ
- ဘာသာစကားသင်ယူမှုဆိုင်ရာ
- လှုပ်ရှားမှုဆိုင်ရာနှင့်
- အမူအကျင့်ဆိုင်ရာ အရည်အသွေးများတွင် ကောင်းစွာဖွံ့ဖြိုးတိုးတက်ကြောင်း တွေ့ရှိရပါသည်။
ADHD ရောဂါ
ADHD ဟုလူသိများသော Attention Deficit Hyperactivity Disorder သည် ကြာရှည်စွာ အာရုံမစူးစိုက်နိုင်ခြင်း၊ အလွန်အမင်း တက်ကြွကာဂနာမငြိမ်ဖြစ်နေခြင်း၊ ပြောဆိုခိုင်းစေမှုများကို လိုက်နာ မလုပ်ဆောင်နိုင်ခြင်းနှင့် ရည်ရွယ်ချက်မရှိဘဲ စိတ်လိုက်မာန်ပါ လျှပ်တစ်ပြက် ပြုမူတတ်ခြင်း စသည့် လက္ခဏာများဖြစ်ပွားလေ့ရှိသည့် အပြုအမှုဆိုင်ရာ မူမမှန်ခြင်းရောဂါတစ်မျိုးဖြစ်ပါသည်။
ADHD ရောဂါ ခံစားနေရသော ကလေးများ၏ သွေးကို စစ်ဆေးကြည့်သောအခါ DHA (Omega-3 fatty acids) ပမာဏနည်းပါးနေတတ်ကြောင်းတွေ့ရှိရပါသည်။
ထို့ကြောင့် DHA (Omega-3 fatty acids) ဖြည့်စွက်အာဟာရများကို တိုက်ကျွေးခြင်းအားဖြင့်လည်း ADHD ရောဂါလက္ခဏာများကို လျော့နည်းစေသည့်အပြင် စတင် ဖြစ်ပေါ်ခံစားရနိုင်သည့်အလားအလာများကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
Omega -3 ဖြည့်စွက်အာဟာရများသည် ADHA ရောဂါကုသရန်နှင့် ကာကွယ်ရန်အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုအဖြစ် မကြာသေးမီနှစ်ပိုင်းများကပြုလုပ်သော သုတေသနများအရ လက်ခံထားကြပါသည်။