မိဘတိုင်းသည် မိမိတို့၏သားသမီးများကို ကျန်းမာစေချင်သည့်အပြင် ဉာဏ်ရည်လည်း ထက်မြက်ကောင်းမွန်စေချင်ကြပါသည်။
ထို့ကြောင့် ယခုနောက်ပိုင်းတွင် ပုံမှန်ကျန်းမာရေးကိုအထောက်အကူပြုသော အာဟာရဓါတ်များအပြင် ဦးနှောက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုသည့် အာဟာရဓါတ်များအကြောင်းကိုပါ ပိုမိုအလေးထား စိတ်ဝင်စားလာကြပါသည်။
ကလေးများ၏ဦးနှောက်ဖွံ့ဖြိုးမှု၏ ၉၀% ခန့်သည် အသက် ၅ နှစ် ခန့်တွင် ပြီးမြောက်သောကြောင့် ကလေးများငယ်ရွယ်စဥ်ကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှုကို ပိုမိုအလေးထားစောင့်ရှောက်ပေးရန် အရေးကြီးလာပါသည်။
ထိုအချိန်တွင် ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုသာမက စိတ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက်လည်း အရေးကြီးသည့် အာဟာရဓါတ်များကို စုံစုံလင်လင်နှင့် လုံလုံလောက်လောက်ရရှိစေရန် အရေးကြီးပါသည်။
ကလေးများ၏ဦးနှောက်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးသည့်အစားအစာများ၊ ဖြည့်စွက်အာဟာရများနှင့်ပတ်သက်၍ လေ့လာကြည့်လျှင် အမြဲတမ်းနီးပါး DHA ဆိုသည့်စကားလုံးကို တွေ့ရှိရမည်ဖြစ်ပါသည်။ ထိုသို့ အမြဲတမ်းနီးပါး ထည့်သွင်းထုတ်လုပ် ဖော်ပြခြင်းခံရလောက်အောင်လည်း DHA သည် ကလေးများ ဦးနှောက်၊ အာရုံကြောစနစ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အတွက် အရေးပါလှပါသည်။
DHA သည် ကလေးများတွင်
- အာရုံစူးစိုက်မှုကို တိုးတက်စေခြင်း၊
- လေ့လာသင်ယူပြီးသောအရာများကို စွဲမြဲစွာ ကြာရှည်မှတ်မိနေစေရန် ကူညီပေးခြင်း၊
- ဘာသာစကား ပြောဆိုဆက်ဆံနိုင်စွမ်းများကို တိုးတက်စေခြင်း၊
- ပြဿနာများကို ဖြေရှင်းနိုင်စွမ်း တိုးတက်စေခြင်း၊
- ပတ်ဝန်းကျင် လေ့လာမှုဆိုင်ရာများကို တိုးတက်စေခြင်း၊
- စာဖတ်ခြင်းနှင့် စကားပြောဆိုခြင်းများကို တိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါသည်။
သို့သော် ခန္ဓာကိုယ်သည် လုံလောက်သော DHA ပမာဏကို မထုတ်လုပ်ပေးနိုင်သည့်အတွက်ကြောင့် DHA ကို ပြည့်စုံလုံလောက်စွာရရှိနိုင်ရန်အတွက် အစားအစာများကို ဖြည့်စွက်၍ စားသုံးရမည်ဖြစ်ပါသည်။
ကလေးများသည် အသက် ၅ နှစ် ခန့်တွင် လူကြီးတစ်ယောက်ဦးနှောက်၏ ၉၀% ခန့် ကြီးထွားဖွံ့ဖြိုးမှုရှိနေပြီဖြစ်သောကြောင့် အဆိုပါ အသက် ၅ နှစ် မတိုင်မီအချိန်များတွင် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် DHA ပမာဏလုံလောက်စွာရရှိနိုင်ရန် အရေးကြီးပါသည်။
ကျွမ်းကျင်သူများ၏ ပြောကြားချက်များအရ ထိုအချိန်ကာလတွင် DHA ကို တစ်နေ့လျှင် ၁၀၀ မီလီဂရမ်မှ ၁၅၀ မီလီဂရမ်အထိ ရရှိစားသုံးရန်လိုအပ်ပါသည်။
သို့သော် ကလေးတစ်ယောက်၏ ပုံမှန်နေ့စဉ်စားသောက်သောအစားအစာများတွင် DHA ပမာဏသည် ၃၈.၇ မီလီဂရမ် ခန့်သာပါရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် လိုအပ်သော DHA ပမာဏကို ပြည့်မီစေရန် အစားအစာများနှင့် ဖြည့်စွက်အာဟာရများကို ဂရုတစိုက်စားသုံးရန် လိုအပ်ပါသည်။
DHA သည် ဦးနှောက်၏ ဆဲလ်အမှေးပါးတွင်ရှိသော အဆီစုစုပေါင်း၏ တစ်ဝက်ခန့်ကို ပါဝင်ဖွဲ့စည်းထားပါသည်။
ထို့အပြင် တွေးခေါ်ပြောဆိုဆက်ဆံသည့် လုပ်ငန်းဆောင်တာများနှင့် စိတ်ပိုင်းဆိုင်ရာလုပ်ငန်းဆောင်တာများအတွက် အရေးကြီးသည့် ဦးနှောက်၏အရှေ့ဘက်ခြမ်း အဝိုက်များအတွက်လည်း DHA ကို လုံလောက်စွာရရှိနိုင်ရန် အရေးကြီးပါသည်။
ကလေးတစ်ယောက်မွေးဖွားလာသောအခါ ဦးနှောက်အတွင်းတွင် အာရုံကြောဆဲလ်များ အပြည့်အစုံပါဝင်လာကြသော်လည်း မွေးဖွားခါစအချိန်တွင် ၎င်းဆဲလ်များသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုအားနည်းလျက်ရှိကြပါသေးသည်။
သို့သော် မွေးဖွားပြီးမကြာခင်တွင် ဦးနှောက်ဆဲလ်များသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဆက်သွယ်မှုများ ပြုလုပ်လာကြပါသည်။
ထိုသို့ ဦးနှောက်ဆဲလ်များ ဆက်သွယ်မှုအားကောင်းလေလေ သင်ကြားရေးဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် မှတ်ဉာဏ်ဆိုင်ရာများတွင် ပိုမိုတိုးတက်ကောင်းမွန်လာမည် ဖြစ်ပါသည်။
ထိုသို့ ဦးနှောက်နှင့် အာရုံကြောဆဲလ်များ တိုးတက်ကောင်းမွန်စေရန် များစွာ အထောက်အကူပေးသည့် DHA သည် ကလေးများ၏ အာရုံကြောစနစ်အတွက် မရှိမဖြစ်အရေးပါသော အာဟာရဓါတ်တစ်မျိုးဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။