ဝမ်းချုပ်ခြင်းသည် ကလေးများနှင့် မစိမ်းသော ပြဿနာတစ်ရပ်ဖြစ်သည်။ ကလေးများ ဝမ်းချုပ်ရသည့် အကြောင်းရင်းများစွာရှိနိုင်ပြီး တစ်ခါတစ်ရံ သိသာထင်ရှားသည့် အကြောင်းရင်းမရှိဘဲနှင့်လည်း ဝမ်းချုပ်တတ်ပါသည်။
ဝမ်းချုပ်စေသည့် နည်းလမ်းများထဲမှ ဖြစ်နိုင်သည့် အကြောင်းရင်းတချို့မှာ
– အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများကို စားသုံးမှု နည်းပါးခြင်း၊
– ရေနှင့် အရည်များကို လုံလောက်အောင် မသောက်သုံးခြင်း၊
– အိမ်ပြောင်းရွှေ့ခြင်း၊ ကျောင်းသို့မဟုတ်မူကြို စတင်သွားရောက်ရခြင်း စသည့် စိတ်ဖိစီးမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် စိတ်လှုပ်ရှားမှုများကြောင့် ဝမ်းသွားရန်ခက်ခဲ၍ ဝမ်းချုပ်ခြင်း စသည့် အကြောင်းများကြောင့် ဖြစ်နိုင်ပါသည်။
ထိုသို့ဝမ်းချုပ်ခြင်း ဖြစ်ပွားမှုကြောင့် ဝမ်းသွားသည့်အခါ ခက်ခဲနာကျင်တတ်သဖြင့် ကလေးများသည် ဝမ်းသွားဖို့ကြိုးစားရန် ဝန်လေးတတ်ကြပါသည်။
ထိုသို့ ဝမ်းမသွားဘဲ အောင့်ထားသောအခါ ဝမ်းချုပ်ခြင်းကို ပိုမိုဆိုးရွားလာစေပါသည်။ ထိုသို့ ပိုမိုဆိုးရွားလာသောအခါ ဝမ်းသွားရန် ပိုမိုခက်ခဲနာကျင်လာကာ နောက်ဆုံးတွင် မဆုံးနိုင်သည့် ဝမ်းချုပ်သည့် သံသရာစက်ဝန်းထဲက ရုန်းထွက်ရန် ခက်ခဲလာပါတော့သည်။
LcFOS သည် Prebiotics တစ်မျိုးဖြစ်သည့်အတွက် အူလမ်းကြောင်းအတွင်းရှိ အကျိုးပြု မိတ်ဆွေ ဗက်တီးရီးယားများ၏ ရှင်သန်ပွားများရေးကို များစွာ အကူအညီပေးပါသည်။
ထို့ကြောင့် အစာခြေဖျက်ခြင်း၊ အာဟာရဓာတ်များကို စုပ်ယူခြင်းများကို တိုးတက်လာစေသည့်အပြင် ဝမ်းမချုပ်စေရန်လည်း ကာကွယ်ပေးနိုင်ပါသည်။
ထို့ပြင် ဝမ်းလျှောခြင်း၊ လေပွခြင်းများကိုလည်း မဖြစ်စေရန် ပြုလုပ်ထိန်းသိမ်းပေးစွမ်းနိုင်ပါသည်။
ဝမ်းချုပ်ခြင်းကိုကာကွယ်ခြင်း
အောက်ပါနည်းလမ်းများကို ပြုလုပ်ခြင်းဖြင့် ကလေးများ ဝမ်းချုပ်ခြင်းကို သက်သာစေရန် ပြုလုပ်ပေးနိုင်ပါသည်။
ကလေးများအား ရေ၊ အရည်များစွာတိုက်ကျွေးပါ
ကလေးများအား နို့၊ နို့မှုန့်၊ ရေအပါအဝင် အခြားသော အရည်အမျိုးမျိုးကို ပမာဏများပြားစွာ တိုက်ကျွေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါသည်။
အစားအစာအမျိုးအစား စုံလင်အောင်ကျွေးပါ။
အမျှင်ဓာတ်ကြွယ်ဝသည့် အစားအစာများဖြစ်သော အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များအပါအဝင် အစားအစာအမျိုးအစား စုံလင်အောင်ကျွေးမွေးသင့်ပါသည်။
Prebiotics များကို ကျွေးမွေးပါ
LcFOS ကဲ့သို့သော Prebiotics ကြွယ်ဝသော အစားအစာများ၊ Prebiotics ပါဝင်သော ဖော်မြူလာဖြင့် ထုတ်လုပ်ထားသည့် နို့မှုန့်များကို တိုက်ကျွေးခြင်းအားဖြင့် ဝမ်းချုပ်ခြင်းကို သက်သာစေနိုင်ပါသည်။
ကလေးများ ကိုယ်လက်လှုပ်ရှားကစားမှုရှိပါစေ
ကိုယ်လက်လှုပ်ရှား ကစားသောကလေးများသည် ဝမ်းချုပ်ခြင်းဖြစ်ပွားမှု နည်းပါးကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ကိုယ်လက်လှုပ်ရှားကစားစေရန် စီစဉ်ဆောင်ရွက်ပေးရပါမည်။
ဝမ်းပုံမှန်သွားသည့် အလေ့အထ ပြုလုပ်လေ့ကျင့်ပေးပါ
ကလေးများသည် တစ်ခါတစ်ရံ ဝမ်းသွားရန် မေ့လျော့နေတတ်သည့်အတွက် ကလေးများအား အချိန်တစ်ခု အတိအကျသက်မှတ်၍ ထိုအချိန်တွင် ဝမ်းသွားလေ့ရှိသည့် အလေ့အကျင့်ကို ပြုလုပ်လေ့ကျင့်ပေးရန် လိုအပ်ပါသည်။
Author : Dr. သန့်