ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားသော ရောဂါတစ်ခုဖြစ်ပြီး အချိန်မီ စနစ်တကျ ကုသနိုင်ခြင်းမရှိလျှင် အသက်အန္တရာယ်ဖြစ်စေနိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ ကလေးများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဖြစ်များသော ရောဂါများမှတစ်ခုဖြစ်ပါသည်။
ထို့ကြောင့်ထိုရောဂါ ပြဿနာကို ဖြစ်စေနိုင်သောအကြောင်းရင်းများကို သတိထားကာကွယ်ရန် အလွန်အရေးကြီးပါသည်။
ဝမ်းလျှောရောဂါ ဖြစ်ပွားရသော အကြောင်းရင်းများ
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ရခြင်း၏ အကြောင်းရင်းများတွင် အူလမ်းကြောင်းတွင် ရောဂါကူးစက် ခံရခြင်းသည် အများဆုံးဖြစ်ပါသည်။ ကူးစက်မှုကို ဖြစ်စေသော ရောဂါပိုးမွှားများတွင် ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် ကပ်ပါးကောင်များသည် အများဆုံး ဖြစ်ပါသည်။
ကလေးများတွင်တွေ့ရသော ဝမ်းလျှောရောဂါဖြစ်ပွားရသည့် အခြားအကြောင်းရင်းများမှာ
– Lactose နှင့်ဓာတ်မတည့်ခြင်းကြောင့်ဝမ်းလျှောခြင်း
– ဓာတ်မတည့်သော အစားအစာများစားမိခြင်းကြောင့် ဝမ်းလျှောခြင်း
– အခြားအူလမ်းကြောင်းရောဂါများကြောင့် ဝမ်းလျှောခြင်းတို့ ဖြစ်ပါသည်။
ကြိုတင်ကာကွယ်ခြင်း နည်းလမ်းများ
ဝမ်းလျှောရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းသည် ရောဂါကုသခြင်းနည်းတူ အရေးပါကြောင်းတွေ့ရှိရပါသည်။ အောက်တွင်ဖော်ပြထားသော အချက်များသည် ကလေးများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ခြင်းမှ ကာကွယ်ရန် နည်းလမ်းများဖြစ်ပါသည်။
( ၁ ) ကလေးများ၏ မစင်အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ပါ
ကလေးများ၏ မစင်အညစ်အကြေးများတွင် လူကြီးများထက်ရောဂါပိုးမွှားများ ပို၍ပါဝင်သောကြောင့် ကလေးများ၏ အညစ်အကြေးများကို စွန့်ပစ်သန့်စင်ပြီးတိုင်း လက်ကို သေချာစွာဆေးကြောရပါမည်။ ထို့ပြင် အညစ်အကြေးများကိုလည်း စနစ်တကျ စွန့်ပစ်ရပါမည်။
( ၂ ) လက်ကိုမကြာခဏဆေးခြင်းဖြင့် သန့်ရှင်းစွာထားပါ
လက်ကို မကြာခဏဆေးခြင်းသည် လက်မှတစ်ဆင့် ကူးစက်ဖြစ်ပေါ်နိုင်သောရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်သော အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါသည်။
ထို့ပြင် ကလေးများကို ကိုင်တွယ်ထိတွေ့မှုမပြုခင်တိုင်းတွင်လည်း လက်ကို သေချာစွာဆေးကြောရပါမည်။
(၃) သန့်ရှင်းသောရေကို သုံးစွဲပါ
သန့်ရှင်းမှုမရှိသောရေကို သုံစွဲခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ခြင်း၏ အဓိကအကြောင်းရင်းများတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ထို့ကြောင့် ဆေးကြောသန့်စင်ခြင်းနှင့် သောက်သုံးခြင်းတို့အတွက် သန့်ရှင်းသောရေကို အသုံးပြုရန်အရေးကြီးပါသည်။
( ၄ ) ကလေးငယ်များအား မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးပါ
အသက်( ၆ )လအရွယ်အထိ ကလေးငယ်များအား မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးခြင်းသည် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ကြောင်းတွေ့ရပါသည်။
( ၅ ) သန့်ရှင်း၍အာဟာရပြည့်၀သော အစားအစာများကို ကျွေးမွေးပါ
ကလေးငယ်များအားတိုက်ကျွေးသောနို့ဘူးများကို ဆေးကြောရာတွင်လည်းကောင်း၊ အစားအစာများကို ချက်ပြုတ်ပြင်ဆင်ရာတွင်လည်းကောင်း သန့်ရှင်းရေးကို ဂရုစိုက်ရပါမည်။
ထို့ပြင် ကလေးများအား အာဟာရပြည့်၀စွာ ကျွေးမွေးခြင်းဖြင့်လည်း ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ကြောင်း တွေ့ရှိရပါသည်။
( ၆ ) ဝမ်းလျှောရောဂါ ကာကွယ်ဆေးထိုးနှံပေးပါ
ကလေးများအား ဝမ်းလျှောရောဂါဖြစ်စေသော ရောဂါပိုးများတွင် Rota ဗိုင်းရပ်စ်သည် အဖြစ်များဆုံးဖြစ်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် ကလေးများအား ဝမ်းလျှောရောဂါမှ ကာကွယ်ရန် Rota ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပေးထားသင့်ပါသည်။
ဝမ်းလျှောနေသော ကလေးများအတွက် ဆောင်ရန်ရှောင်ရန်အချက်များ
ဝမ်းလျှောနေသော ကလေးများအား
– အရည်များများတိုက်ပါ။
– ပေါင်မုန့် ၊ ထမင်း စသော ကစီဓာတ်များသော အစားအစာများကျွေးပါ။
– ပရိုတင်းပြည့်၀သော အစားအစာများကို ကျွေးပါ။
အောက်ပါအစားအစာများကို ဝမ်းလျှောနေသော ကလေးများအား မကျွေးသင့်ပါ။
– သစ်သီးဖျော်ရည်များ
– အချိုရည်အအေးဖျော်ရည်များ
– ပဲအမျိုးမျိုးနှင့်
– အစာခြေဖျက်ရန်မလွယ်ကူသော အစားအစာများကို ကျွေးမွေးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။
ဝမ်းပျက်ဝမ်းလျှော ရောဂါကို ကုသနည်းများ
(၁) ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပါ
ဝမ်းလျှောခြင်းကြောင့် ဆုံးရှုံးသွားသော ရေနှင့် သတ္တုဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်ပါသည်။
ထို့ကြောင့်ကလေးများအား ဓာတ်ဆားရည်လုံလောက်စွာ ပြန်လည်တိုက်ကျွေးရန် လိုအပ်ပါသည်။ သို့မှသာ ကလေးများအား ရေဓာတ်ခန်းခြောက်ခြင်းအန္တရာယ်မှ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။
( ၂ ) အာဟာရပြည့်၀သော အစားအစာများကိုကျွေးပါ
အာဟာရပြည့်၀စွာကျွေးခြင်း သို့မဟုတ် နို့စို့အရွယ်ကလေးငယ်များအား နို့များများတိုက်ပေးခြင်းဖြင့် ဝမ်းလျှောရောဂါ မြန်မြန်သက်သာစေနိုင်ပါသည်။
( ၃ ) ဆရာဝန်နှင့် ဆေးကုသမှု ခံယူပါ
အောက်ပါအချက်များကိုတွေ့ရှိခဲ့လျှင် ဆရာဝန်နှင့် အမြန်ဆုံးကုသမှုခံယူရန်လိုအပ်ပါသည်။
– ရေဓာတ်ခန်းခြောက်သော လက္ခဏာများတွေ့ရှိလျှင် (ဥပမာ ပါးစပ်ခြောက်ခြင်း ၊ ၈ နာရီခန့် ကြာသည်အထိ ဆီးမသွားခြင်း)
– ဝမ်းသွားသည့် အကြိမ် အရေအတွက် များခြင်း
– အန်ခြင်းနှင့်တွဲ၍ ခံစားရခြင်း
– ဝမ်းတွင်သွေးပါခြင်း
– ကလေးသည် မှိန်းနေခြင်း သို့မဟုတ် ဂနာမငြိမ်ဖြစ်ခြင်း
– နှစ်နာရီထက်ပို၍ ကြာအောင်ဗိုက်အောင့်နေခြင်း စသည်တို့ဖြစ်ပါသည်။
Author : Dr. CK