ကလေးများ အာဟာရပြည့်ဝစွာ ကြီးထွားဖွံ့ဖြိုးနိုင်ရေးသည် ဖေဖေ၊ မေမေတို့အဖို့ အကြီးမားဆုံးသော မျှော်လင့်ချက်များထဲမှ တစ်ခုဖြစ်ပါသည်။
ထိုသို့ ကြီးထွားနိုင်ရေးအတွက် အာဟာရဓါတ်များကို စုံလင်အောင် စီစဉ်ကျွေးမွေးရမည် ဖြစ်ပါသည်။
ကလေးများ၏ ဦးနှောက် အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးရှိ စနစ်များ အားလုံး ကြီးထွား ဖွံ့ဖြိုးရန်အတွက် လိုအပ်သော အာဟာရဓါတ်အများအပြား ရှိပါသည်။
ထိုအာဟာရဓါတ်များကို ပြည့်ဝအောင် စီစဉ်ကျွေးမွေးခြင်းအားဖြင့် ဖေဖေ မေမေတို့၏ အိပ်မက်များကို ပြည့်ဝအောင် လုပ်ဆောင်နိုင်ပါသည်။
သို့သော် ကျွေးမွေးလိုက်သော အာဟာရဓါတ်များကို ကောင်းမွန်စွာ ခြေဖျက်စုပ်ယူနိုင်ခြင်းသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
မည်မျှပင် အာဟာရဓါတ်များကို စုံလင်အောင်ကျွေးမွေးပါစေ ကောင်းမွန်စွာ ခြေဖျက်စုပ်ယူနိုင်ခြင်း မရှိပါက ကျွေးမွေးသမျှသည် အလဟဿသာ ဖြစ်ပါလိမ့်မည်။
ထို့ကြောင့် အာဟာရဓါတ်များကို စုံစုံလင်လင် ပါဝင်အောင် စီစဉ်ကျွေးမွေးသင့်သကဲ့သို့ အစာခြေဖျက်ခြင်းကို အားပေးသော အစားအစာများနှင့် ခြေဖျက်ပြီးသော အာဟာရဓါတ်များကို ကောင်းစွာစုပ်ယူနိုင်ရေးကို အားပေးသော အစားအစာများကိုလည်း ပါဝင်အောင် စီစဉ်ပြီး ကလေးများကို ကျွေးမွေးသင့်ပါသည်။
ထိုအားပေးသော အစားအစာများအနက် တစ်ခုမှာ LcFOS ဖြစ်ပါသည်။ LcFOS ဆိုသည်မှာ Long chain Fructo-oligosaccharides ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
LcFOS သည် Prebiotics တစ်မျိုးဖြစ်ပါသည်။ Prebiotics ဆိုသည်မှာ အူလမ်းကြောင်းအတွင်းတွင် နေထိုင်သော အကျိုးပြုဘက်တီးရီးယားများ၏ ကြီးထွား ပွားများမှုကို အထောက်အကူပြုသော အစားအစာ အာဟာရဓါတ်တစ်မျိုးဖြစ်ပါသည်။
ထိုအကျိုးပြု ဘက်တီးရီးယားများသည် အစာခြေဖျက်ခြင်းနှင့် အာဟာရဓါတ်များကို စုပ်ယူခြင်းများတွင် များစွာကူညီပေးနိုင်သဖြင့် ထို ဘက်တီရီးယားများ အရေအတွက် များပြားရေးကို လုပ်ဆောင်ပေးသော LcFOS သည်လည်း အစာခြေဖျက်ခြင်းကို တစ်နည်းတစ်လမ်းဖြင့် ကူညီခြင်း ဖြစ်ပါသည်။
ထိုသို့ ကူညီမှုများကြောင့် ကလေးများတွင် အစာခြေစနစ် ပိုမို တိုးတက်ကောင်းမွန်လာကာ အာဟာရဓါတ်များကိုလည်း ပိုမိုပြည့်ဝစွာ ရရှိလာနိုင်မည် ဖြစ်ပါသည်။
ထို့အပြင် ကလေးများကို အာဟာရဓါတ် ချို့တဲ့စေသည့် နောက်ထပ်အကြောင်းရင်းတစ်ရပ်လည်း ရှိပါသေးသည်။ ထိုအကြောင်းရင်းမှာ ဝမ်းပျက်ဝမ်းလျှောခြင်းဖြစ်ပါသည်။
ဝမ်းပျက်ဝမ်းလျှောမှုဖြစ်ပွားသောအခါ ကလေးများကို ရေဓါတ်ချို့တဲ့ခြင်း ဖြစ်ပွားစေနိုင်ရုံသာမက အာဟာရဓါတ် ချို့တဲ့ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါသည်။
ကာလရှည်ကြာ ဝမ်းပျက်ဝမ်းလျှောခြင်းသည် ကလေးများအား အာဟာရဓါတ် ချို့တဲ့ခြင်းများ အပါအဝင် အခြားသော နောက်ဆက်တွဲ ပြဿနာရပ်များကို ဖြစ်စေနိုင်ပါသည်။
LcFOS သည် ကလေးများကို ဝမ်းပျက်ဝမ်းလျှောခြင်း မဖြစ်စေရန်လည်း ကာကွယ်ပေးနိုင်ပါသည်။ ထို့ကြောင့် ကလေးများ ကြီးထွားဖွံ့ဖြိုးရန်အတွက် လိုအပ်သော အာဟာရဓါတ်များကို ပြည့်ဝစေပါသည်။
ထို့အပြင် လေထိုး၊ လေအောင့်ခြင်း၊ ဝမ်းချုပ်ခြင်း စသည့် အစာခြေစနစ်နှင့် သက်ဆိုင်သော ပြဿနာများကိုလည်း သက်သာပျောက်ကင်းစေသည့်အတွက် အာဟာရဓါတ်များကို ပိုမိုရရှိအောင် ကူညီပေးနိုင်ပါသည်။
ထို့ကြောင့် ကလေးများ ကြီးထွားဖွံ့ဖြိုးရန်အတွက် အာဟာရဓါတ်များကို စုံလင်အောင် ကျွေးမွေးသင့် သကဲ့သို့ ကျွေးမွေးလိုက်သော အာဟာရဓါတ်များကို ကုန်စင်အောင် စုပ်ယူနိုင်စေဖို့ LcFOS ကဲ့သို့သော Prebiotics များကိုလည်း ပြည့်ဝအောင် ကျွေးမွေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။
Author : Dr. သန့်