အိမ်က ဘေဘီလေးတွေ တဟွတ်ဟွတ်နဲ့ချောင်းဆိုးနေပြီဆိုရင် လုံးဝမပေါ့ဆနဲ့နော်။ ချောင်းဆိုးတာဟာ ရောဂါတစ်ခုမဟုတ်ဘဲ ချောင်းဆိုးတုံ့ပြန်စနစ်ရှိတဲ့နေရာတွေဖြစ်တဲ့ လေပြွန်အပေါ် ပိုင်း၊ အသံအိုး နဲ့ အစာရေပြွန်အပေါ်ပိုင်း စတာတွေရောင်ရမ်းတာ ဒါမှမဟုတ် ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့တာ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ အရာဝတ္တုတစ်ခုခုရောက်ရှိနေတာ (ဥပမာ ချွဲသလိပ်၊ အစားအစာ၊ အစာအိမ်အချဥ်ဓာတ်နဲ့ ပါးစပ်ထဲကောက်ထည့်လို့ရတဲ့ သေးငယ်တဲ့ကစားစရာ စသည်ဖြင့်) တို့ကြောင့်ဖြစ်ပါတယ်။
ဒါတင်မကပဲ ချောင်းဆိုးတာဟာ ခန္ဓာကိုယ်တွင်းမှာ ဓာတ်မတည့်မှုတစ်ခုခုခံစားနေရလို့ လေပြွန်ကတုံ့ပြန်တဲ့တုံ့ ပြန်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေ ချောင်းဆိုးတာဟာ သာမန်သေးငယ်တဲ့ တုံ့ပြန်မှုဖြစ်နိုင်သလို အန္တရာယ်ရှိတဲ့ လေပြွန်ထဲအစာဝင်တာ (choking) ဒါမှမဟုတ် အဆုတ်ထိခိုက် ပျက်စီးစေနိုင်တဲ့ တီဘီ၊ နမိုးနီးယားစတာတွေရဲ့ လက္ခဏာ လည်းဖြစ်နိုင်တာမို့ ကလေးငယ်လေး ချောင်းဘာကြောင့်ဆိုးတာလဲဆိုတဲ့ ပင်မအကြောင်းရင်းကို သိဖို့ အရမ်းအရေးကြီးပါတယ်။
အကြောင်းရင်များ
ကလေးငယ်တွေမှာတွေ့ရများတဲ့ ချောင်းဆိုးရခြင်းရဲ့ ပင်မအကြောင်းရင်းတွေကတော့
(၁) ရာသီအကူးအပြောင်းနဲ့ ဗိုင်းရပ်စ်ကြောင့်
ကလေးငယ်တွေဟာ ကိုယ်ခံအားအပြည့်အဝမဖွံဖြိုးသေးတဲ့အတွက် အအေးမိရင်ဖြစ်စေ၊ ရာသီအကူးအပြောင်းမှာ influenza ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရာသီတုပ်ကွေး (flu)ကြောင့်ဖြစ်စေ၊ influenza/parainfluenza ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ croup(ခရော့ပ်)ကြောင့်ဖြစ်စေ ချောင်းခြောက် ဆိုးတတ်ကြပါတယ်။ သာမန်အအေးမိတာနဲ့ fluတို့မှာ အဖျားမပါပဲနှာစေး ချောင်းဆိုးလောက်ပဲ ဖြစ်တတ်ပေမယ့် croup (ခရော့ပ်) ဆိုရင်တော့ ဖျားတာ၊ ညဘက်မှာချောင်းပိုဆိုးတာ၊ စူးရှကျယ်လောင်ပြီး ခြောက်ခြောက်ကြီးဆိုးနေတာ၊ အသက်ရှုသံပြင်းတာ၊ အသံအိုးရောင်နေရင် အသံသြတာ စတာတွေ ပါတတ်ပြီး အသက် ၅ နှစ်အောက်ကလေးတွေ အဖြစ်များပါတယ်။
အဲတာတွေကြောင့် ချောင်းဆိုးရင် အနည်းဆုံး ၃ ရက်မှ ၅ ရက်အတွင်း၊ အများဆုံး ၃ ပတ်အောက် ကြာတတ်ပြီး ဘက်တီးရီးယားကြောင့်မဟုတ်တဲ့အတွက် ပိုးသတ်ဆေးမလိုပါ။ ရာသီတုပ်ကွေး (influenza) ကိုကာကွယ်ဖို့အတွက်ဆိုရင်တော့ ၆ လအထက်ဘေဘီလေးတွေကို တစ်နှစ်တစ်ခါ ရာသီတုပ်ကွေးကာကွယ်ဆေး (influenza vaccine) ထိုးပေးလို့ရပါတယ်။
( ၂ ) ပန်းနာရင်ကြပ် (Asthma)
ကလေးတစ်ယောက်နဲ့တစ်ယောက်မှာ ပန်းနာရင်ကြပ်ရဲ့လက္ခဏာတွေဟာ ကွဲပြားပေမယ့် အသက်ရှုလိုက်တိုင်း wheezing လို့ခေါ်တဲ့ တရွှီရွှီမြည်ပြီး ညဘက်တွေမှာ ချောင်းပိုဆိုးနေမယ်ဆိုရင် ပန်းနာရင်ကြပ်ကြောင့် ဖြစ်နိုင်ပါတယ်။
တစ်ချို့ကလေးတွေမှာ ပြေးလွှားဆော့နေရင်း ဒါမှမဟုတ် ငိုနေရင်း ပိုဆိုးလာတတ်ပါတယ်။ ပန်းနာရင်ကြပ်ထစေတဲ့ အကြောင်းအရာတွေကို မဖယ်ရှားနိုင်ရင် ပိုဆိုးလာနိုင်တာမို့ မေမေတွေအနေနဲ့ မိမိတို့ဘေဘီလေးတွေနဲ့ မတည့်တဲ့အရာတွေကို ဂရုတစိုက်ရှာဖွေပြီး ဖယ်ရှားပေးဖို့လိုပါမယ် ။ ဥပမာ ဆေးလိပ်ငွေ့၊ အမွှေးတိုင်နံ့၊ ခြင်ဆေးနံ့၊ ပင်လယ်စာ၊ အချို၊ အေးတဲ့အစားအစာ၊ အအေးမိတာ၊ ဖုန်၊ ပိုးမွှားကပ်နိုင်တဲ့အမွှေးပွအရုပ် ဒါမှမဟုတ် ကြောင်၊ ခွေးတို့လို အမွှေးပါတဲ့ အိမ်မွှေးတိရစ္ဆာန် စသည်တို့ဖြစ်ပါတယ်။
( ၃ ) ဓာတ်မတည့်ခြင်း (Allergies)
ကလေးငယ်တွေဟာ ဓာတ်မတည့်တဲ့အရာတစ်ခုခု ရှုရှိုက်မိတဲ့အခါ (ဥပမာ ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ ကြောင်မွှေး၊ ခွေးမွှေး) ဒါမှမဟုတ် ဓာတ်မတည့်တာတစ်ခုခု (ဥပမာ ပင်လယ်စာ) စားမိတဲ့အခါမှာ လည်ချောင်းယားတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေ ဖြစ်ပါတယ်။
( ၄ ) ထိပ်ကပ်နာ (Sinusitis)
မျက်နှာအတွင်းက အရိုးခွံတွေကြားမှာရှိတဲ့ လေအိတ်ငယ်လေးတွေ ရောင်ရမ်းတာကို ထိပ်ကပ်နာလို့ ခေါ်ပါတယ်။
ကလေးလေးတွေဟာ အအေးမိတာ၊ ဓာတ်မတည့်တာ၊ ကိုယ်ခံအားနည်းတာ၊ သွားပိုးစားရာကနေ ပိုးဝင်တာ၊ တခြားကလေးဆီက ကူးစက်တာ၊ နှာခေါင်းထဲမှာ ပုံသဏ္ဍာန်မမှန်တာ စတာတွေကြောင့် လေအိတ်နံရံလေးတွေဟာ ရောင်ရမ်းပြီး အရည်တွေနဲ့ပြည့်လာတဲ့အခါမှာ ပိုးတွေပေါက်ဖွားရာကနေ လေအိတ်ရောင်ရမ်းခြင်း/ထိပ်ကပ်နာ ဖြစ်လာပါတယ်။
လေအိတ်ထဲကအရည်တွေစီးကျလာပြီး ပြွန်တွေကိုပိတ်တဲ့အတွက်ကြောင့် လည်ပင်းနာတာ၊ လည်ချောင်းယားပြီး ချောင်းဆိုးတာ၊ ချောင်းဆိုးရင် ချွဲသလိပ်ပါတာ၊ နှာရည်ယိုတာ၊ နှာရည်ကပျစ်ချွဲပြီး ဝါကြန့်ကြန့်နဲ့ အနံ့အသက် မကောင်းတာ၊ ခေါင်းကိုက်တာ၊ အနံ့မရတာ၊ မျက်ရည်ကျတာနဲ့ ဓာတ်မတည့်တာကြောင့်ဆိုရင် ခန္ဓာကိုယ်မှာ အနီကွက် (rash) တွေထတာနဲ့ တွဲနေတတ်ပါတယ်။ လေအိတ်တွေထဲမှာ ဘက်တီးရီးယားပေါက်ဖွားနိုင်တာကြောင့် ပိုးသတ်ဆေးလိုပါမယ်။
( ၅ ) ကြက်ညှာချောင်းဆိုး (Whooping cough)
ကလေးငယ်လေးတွေဟာ ချောင်းကို ကြားမှာအနားမရှိ ဆက်တိုက်ဆိုးပြီး နှာချေတာ၊ နှာရည်ယိုတာ၊ ငွေ့ငွေ့ဖျားတာရှိနေရင် ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ ကလေးငယ်တွေကြားမှာ အချင်းချင်းကူးစက်လွယ်တဲ့ရောဂါဖြစ်လို့ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးတွေလည်း သေချာထိုးနှံ့ထားရပါမယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တာဖြစ်ပြီး ကုသရင် ပိုးသတ်ဆေးလိုတာမို့ ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ကုသဖို့လိုပါတယ်။
( ၆ ) အစာအိမ်အက်ဆစ် (အစာခြေရည်) ပြန်လျှံတက်ခြင်းကြောင့်
ကလေးငယ်တွေ နောက်ထပ်ချောင်းဆိုးရတဲ့ အကြောင်းအရင်းတစ်ခုက အစာအိမ်မှ အစာခြေရည်ဟာ အစာရေပြွန်ထဲကို ပြန်လျှံတက်လို့ဖြစ်ပါတယ်။ အဲလိုဖြစ်ရင် ရင်ပူတာ၊ အန်တာ၊ တံတွေးခဏခဏ ထွေးတာတွေပါ တွေ့ရတတ်ပါတယ်။ ချော့ကလက်၊ အချိုရည်၊ ကော်ဖီ၊ အစပ်၊ အဆီများတဲ့အစားအစာ စတာတွေဟာ အစာခြေရည် လျှံတက်ခြင်း (Acid reflux) ကို ပိုဆိုးစေတတ်လို့ အဲလိုဖြစ်နေရင် မေမေတွေက မကျွေးဖို့လိုအပ်ပါတယ်။ နောက်ပြီး ညစာကိုလည်း မအိပ်ခင်အနည်းဆုံး ၂ နာရီအလို နောက်ဆုံးထားပြီးကျွေးပေးဖို့လည်း လိုပါမယ်။
( ၇ ) လေပြွန်ထဲကို အစာ ၊ရေ (သို့မဟုတ်) ပြင်ပအရာဝတ္တုတစ်ခုခု ဝင်ခြင်း
ကလေးငယ်တွေ အစာစားတဲ့အခါမှာဖြစ်ဖြစ်၊ ဆော့နေရင်း တစ်တစ်ခုကို ပါးစပ်ထဲထည့်မိလို့ဖြစ်ဖြစ် နှာခြေ၊ ချောင်းဆိုးတာ ကြုံဖူးမှာပါ။ အဲလိုဝင်သွားတဲ့အခါမှာ အသက်ရှုလမ်းကြောင်းက ပြင်ပအရာဝတ္တုကို အပြင်ပြန်ရောက်အောင် ချောင်းဆိုးပြီး ပြန်ထုတ်ပါတယ်။ အဲဒီအခါ အပြင်ပြန်မရောက်ဘဲ အသက်ရှုလမ်းကြောင်းမှာပဲ ပိတ်ဆို့နေရင်တော့ ချောင်းဆိုးနေရင်း မျက်နှာကြီးနီရဲလာတာ ရုတ်တရက်စကားမပြောနိုင်တော့ဘဲ အသက်ရှုပါ ရပ်သွားတာမျိုးအထိ ဖြစ်နိုင်လို့ တစ်ခုခုဝင်သွားလို့ ချောင်းဆိုးနေရင်တော့ လုံးဝမပေါ့ဆပါနဲ့။ နောက်ပြီး အစာစားနေရင်းနဲ့ မကြာခဏဆိုသလို အသက်ရှုလမ်းကြောင်းထဲ အစာ၊ ရေဝင်ရင် နမိုးနီးယားအဆုတ်ရောင်ရောဂါလည်း ဖြစ်သွားနိုင်လို့ အထူးဂရုစိုက်ပေးပါ။
( ၈ ) ပတ်ဝန်းကျင်လေထု ညစ်ညမ်းခြင်း
အဓိကကတော့ ဆေးလိပ်ငွေ့တွေ တစ်ဆင့်ခံရှူနေရတဲ့အခါ၊ ပတ်ဝန်းကျင်မှာ မီးရှို့လို့ဖြစ်စေ၊ စက်ရုံ၊ အလုပ်ရုံရှိလို့ဖြစ်စေ မသန့်ရှင်းတဲ့လေထုကို ရှူရှိုက်ရတဲ့အခါ ကလေးငယ်တွေဟာ ချောင်းဆိုးတတ်ပါတယ်။ မသန့်ရှင်းတဲ့လေထုဟာ ရေရှည်မှာ ကလေးငယ်တွေရဲ့ အဆုတ်ကိုထိခိုက်နိုင်တာကြောင့် မိမိတို့ကလေးငယ်လေးတွေအတွက် ဆေးလိပ်ငွေ့ကင်းစင်ပြီး လေဝင်လေထွက်ကောင်းတဲ့ ပတ်ဝန်းကျင်လေး ဖန်တီးပေးထားဖို့လိုပါမယ်။
( ၉ ) တီဘီ၊ နမိုးနီးယား
ချောင်းဆိုးတာ နာတာရှည်နေမယ်။ ၄ ပတ်အထက်ကြာမယ်။ ဖျားတာလည်း အပူကြီးမယ်၊ ရက်ကြာမယ်၊ အဖျားပျောက်ဆေးတိုက်နေပေမယ့် အပူမကျဘူး၊ ကလေးငယ်တွေရဲ့ ပတ်ဝန်းကျင်မှာ တီဘီ၊ နမိုးနီးယား စတဲ့ကူးစက်တဲ့ ရောဂါရှိတဲ့သူ ရှိနေမယ်ဆိုရင်တော့ တီဘီရောဂါ၊ နမိုးနီးယားအ
ဆုတ်ရောင်ရောဂါ စတဲ့ အဆုတ်ပျက်စီးစေနိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်လို့ အမြန်ဆုံး ဆရာဝန်နဲ့ပြသဖို့ လိုပါတယ်။
( ၁၀ ) COVID-19
အခုနောက်ပိုင်း ကလေးငယ်တွေချောင်းဆိုးရင် ထည့်စဥ်းစားရမှာက COVID-19 အဆုတ်ရောင်ရောဂါ ဖြစ်ပါတယ်။ အိမ်မှာ COVID-19 ရောဂါ သံသယလူနာရှိလို့ဖြစ်စေ၊ ကလေးငယ်ဟာ အပူကြီးပြီး ဆက်တိုက်ဆိုသလို ချောင်းခြောက်ဆိုးနေရင်ဖြစ်စေ၊ အစာစားချင်စိတ်ပျောက်ပြီး အနံ့၊ အရသာပျောက်နေရင်ဖြစ်စေ နီးစပ်ရာ ဖျားနာကုသဆေးခန်း (Fever Clinic) မှာသွားရောက်ပြသပေးဖို့ လိုပါမယ်။ COVID-19 test မလုပ်ရသေးခင်အချိန်ထိ အိမ်မှာပဲထားပြီး သေချာအနားယူခိုင်းဖို့ လိုပါမယ်။
ကလေးငယ်တွေ ချောင်းဆိုးတာသက်သာအောင် အိမ်မှာ ဘယ်လို ပြုစုစောင့်ရှောက်ပေးမလဲ။
၁) ကလေးငယ်တွေ ရေဓာတ်လုံလုံလောက်လောက်ရအောင် အရည်များများ တိုက်ပေးပါ။
၂) ရေနွေးနွေးလေးတွေနဲ့ ပျားရည်ကလည်း လည်ချောင်းနာတာသက်သာစေလို့ တိုက်ပေးလို့ ရပါတယ်။ တစ်နှစ်အောက် ကလေးငယ်တွေအတွက် မသင့်တော်လို့ တစ်နှစ်အောက်ကလေးငယ်တွေကိုတော့ မတိုက်သင့်ပါ။
၃) ခြောက်သွေ့နေတဲ့ လေထုက ကလေးငယ်တွေချောင်းဆိုးတာ ပိုဆိုးစေတဲ့အတွက် အခန်းထဲမှာ ရေငွေ့၊ အစိုဓာတ်ပေးတဲ့စက် (humidifier) လေး တပ်ဆင်ထားခြင်း၊ ဒါမှမဟုတ် ကလေးငယ်ကို အခန်းထဲပဲ မထားဘဲ လေအေးအေးတွေ ရှူရှိုက်နိုင်အောင် လေကောင်းလေသန့်ရတဲ့နေရာကို ခေါ်ထုတ်သွားတာတွေ ပြုလုပ်ပေးပါ။
၄) သာမန်အအေးမိ၊ ချောင်းဆိုး၊ ဖျားနာခြင်းအတွက် စိတ်ချရတဲ့ချောင်းဆိုးပျောက်ဆေးရည်နဲ့ အဖျားပျောက်ဆေးရည်တွေကို ကလေးငယ်တွေရဲ့ အသက်နဲ့ ကိုယ်အလေးချိန်အလိုက် ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်ပေးပါ။
၅) COVID-19 မကူးစက်အောင် လူစုလူဝေးရှိတဲ့နေရာတွေ ခေါ်မသွားပါနဲ့။ အတတ်နိုင်ဆုံး အိမ်မှာနေပါ။ လက်ကိုသေချာစွာ ဆေးတတ်အောင်သင်ပေးပါ။ ဆေးပေးပါ။
ဆရာဝန်နဲ့ပြသဖို့လိုတဲ့ လက္ခဏာများ
ဆရာဝန်နဲ့ပြသဖို့လိုတဲ့ လက္ခဏာတွေကတော့
၁) ချောင်းဆိုးတာအရမ်းကြာနေရင်၊ ကိုယ်အပူချိန်များရင် (102°F or 39°C)၊ ကိုယ်အပူချိန်မကျရင်။
၂) အသက်ရှုမြန်နေရင်၊ အသက်ရှုရ ခက်နေရင်။
၃) ပုံမှန်လို အစာမစားတော့ဘဲ၊ မဆော့တော့ဘဲ အရမ်းနုံးပြီး အားနည်းနေရင်။
၄) အရမ်းအန်နေလျှင်။
၅) ချောင်ဆိုးရင်ဖြစ်ဖြစ်၊ ချွဲသလိပ်မှာဖြစ်ဖြစ် သွေးစလေးတွေပါနေရင်။
၆) အထက်မှာဖော်ပြထားတဲ့ ပိုးသတ်ဆေးလိုမယ့်ရောဂါတွေဆိုရင်လည်း မဖြစ်မနေဆရာဝန်နဲ့ ပြသရမှာပါ။ ပိုးသတ်ဆေးနဲ့ စပ်ဆေးတွေကို မိမိသဘောနဲ့တိုက်ခြင်းက ကလေးငယ်ရဲ့ရောဂါကိုပိုဆိုးသွားစေနိုင်လို့ အထူးသတိပြုဖို့ လိုပါတယ်။
၇) အာရုံကြောနဲ့ ကြွက်သားအားနည်းတဲ့ရောဂါရှိတဲ့ ကလေးတွေဟာ လေပြွန်ထဲကို ပြင်ပအရာဝတ္တု ဝင်တဲ့အခါ၊ ပိုးဝင်တဲ့အခါ၊ ရောင်ရမ်းတဲ့အခါမှာ ကောင်းမွန်စွာ ချောင်းဆိုးပြီးမတုံ့ပြန်နိုင်လို့ ဒီလိုကလေးတွေဖျားရင်၊ အသက်ရှုကြပ်ရင်၊ အသက်ရှုမြန်ရင် ဆရာဝန်နဲ့ပြသရပါမယ်။
၈) COVID-19 ရောဂါလက္ခဏာဟု သံသယဖြစ်လျှင် နီးစပ်ရာဖျားနာကုသဆေးခန်း (Fever Clinic) မှာ သွားရောက်ပြသပေးပါ။
Author : Dr.ဆု