အာဟာရချို့တဲ့ခြင်းသည် ကလေးများအား ကျွေးမွေးသော အစားအစာများတွင် အာဟာရဓာတ်များ မှန်ကန်သည့်အချိုးအဆပမာဏ မပါဝင်ခြင်းကြောင့် ဖြစ်ပွားသည့် အခြေအနေတစ်ရပ် ဖြစ်ပါသည်။
အာဟာရချို့တဲ့ခြင်းလက္ခဏာများ
ကလေးများတွင် အာဟာရချို့တဲ့သည့်အခါ အောက်ပါလက္ခဏာများကို တွေ့ရှိရပါသည်။
– မျှော်လင့်ထားသည့်နှုန်းအတိုင်း ကိုယ်အလေးချိန်တက်လာခြင်း မရှိခြင်း၊ ကြီးထွားဖွံ့ဖြိုးမှုမရှိခြင်း၊
– အလွယ်တကူစိတ်ရှုပ်ခြင်း၊
– စိုးရိမ်ပူပန်မှုများခြင်း၊
– လှုပ်ရှားမှုနှေးကွေးခြင်း၊
– အခြားကလေးငယ်များထက် စွမ်းအင်ပမာဏနည်းပါးနေခြင်း သို့မဟုတ် အလွယ်တကူ မောပန်းလွယ်ခြင်း စသည်တို့ ဖြစ်ပါသည်။
အထက်ပါအချက်များကို တစ်စုံတစ်ရာတွေ့ရှိရပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။
ကလေးများတွင် အာဟာရချို့တဲ့မှု ဖြစ်ပွားရခြင်းအကြောင်းရင်းများ
ကလေးများတွင် အာဟာရချို့တဲ့ခြင်း ဖြစ်ပွားမှုသည်
– အစားအသောက်ပျက်ခြင်းကြောင့် လည်းကောင်း
– အစာခြေစနစ် အနှောင့်အယှက်ဖြစ်ခြင်းကြောင့်လည်းကောင်း
– ခန္ဓာကိုယ်မှ စွမ်းအင်လိုအပ်ချက် ပိုမိုများပြားလာခြင်းကြောင့် လည်းကောင်း စသည့် အခြေအအနေတစ်ရပ်ရပ်ကို ကာလရှည်ကြာစွာ ကြုံတွေ့ခံစားရသောကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
အချို့ကလေးများတွင် အာဟာရချို့တဲ့ခြင်းဖြစ်ပွားရခြင်းမှာ အစားအစာများကို စားသောက်ရန် ငြင်းဆန်ခြင်း၊ စားသောက်ရန်ရှောင်ရှားခြင်းတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
ကလေးငယ်များတွင် အာဟာရချို့တဲ့ခြင်းကို ကုသခြင်း
အကယ်၍ အာဟာရချို့တဲ့ခြင်းသည် ဖိဖိစီးစီး ကုသရန်လိုအပ်သော နာတာရှည် ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့် ဖြစ်ပွားခဲ့ပါက ဆေးရုံတင်ကုသရန်လိုအပ်မည် ဖြစ်ပါသည်။
သို့ရာတွင် အာဟာရချို့တဲ့မှုဖြစ်စဉ်တိုင်းသည် ထို့ကဲ့သို့အခြေအနေများကြောင့် ဖြစ်ပွားရခြင်းမဟုတ်ပါ။ အာဟာရချို့တဲ့မှု ကုသခြင်းကိုလုပ်ဆောင်ရာတွင် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်။
– စွမ်းအင်နှင့် အာဟာရဓာတ်များ အမြောက်အမြားပါဝင်သော အစားအစာများကို ပြောင်းလဲကျွေးမွေးခြင်း
– အာဟာရချို့တဲ့ခြင်းကိုဖြစ်စေသော ကျန်းမာရေးဆိုင်ရာ အခြေခံအကြောင်းအချက်များ ရှိနေပါက ကုသခြင်း
– သတ္တုဓာတ်များနှင့် ဗီတာမင်ဖြည့်စွက်အာဟာရများကို ကျွေးမွေးခြင်း
– စွမ်းအင်နှင့် ပရိုတင်းဓာတ် အမြောက်အမြားပါဝင်သော အာဟာရဆိုင်ရာ ဖြည့်စွက်အာဟာရများကို ကျွေးမွေးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။
ပြင်းထန်စွာ အာဟာရချို့တဲ့နေသော ကလေးများကို ဂရုစိုက်မှုကြီးစွာဖြင့် အစာအာဟာရဓါတ်များနှင့် ရေဓာတ်ဖြည့်တင်းခြင်းများကို လုပ်ဆောင်ပေးရန်လိုအပ်ပါသည်။
ထိုသို့သော ပြင်းထန်သည့်အခြေအနေ ကြုံတွေ့နေရသော ကလေးငယ်များကို ဂရုစိုက်ပြုစုရာတွင် ပုံမှန်အစားအစာများကို ကျွေးမွေးရုံဖြင့် လုံလောက်လေ့မရှိဘဲ အများအားဖြင့် ဆေးရုံများတွင် အထူးဂရုစိုက် ကုသပေးရန်လိုအပ်လေ့ရှိပါသည်။ တဖြည်းဖြည်းနှင့် ကလေးများသည် ပုံမှန်အစားအသောက်များကို စားသောက်၍ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက နေအိမ်တွင် ဆက်လက်၍ ဂရုစိုက်ပြုစုပေးနိုင်ပါသည်။ ထိုသို့အိမ်တွင် ဂရုစိုက်ကုသမှုပေးသည့်အခါ ကလေးငယ်များ၏ တိုးတက်မှုအခြေအနေများကို ပုံမှန်တိုင်းတာစစ်ဆေး ကြည့်ရှုနေရန် လိုအပ်ပါသည်။ အကယ်၍တိုးတက်မှုများ မရှိပါက အာဟာရဆိုင်ရာဆရာဝန်များနှင့် ပြသတိုင်ပင် ဆွေးနွေးသင့်ပါသည်။
အာဟာရချို့တဲ့မှုများကို ကာကွယ်ခြင်း
အာဟာရချို့တဲ့မှုများကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းမှာ ကျန်းမာရေးညီညွတ်ပြီး မျှတသော အစားအစာများကို ကလေးများအား ကျွေးမွေးရန်ဖြစ်ပါသည်။
ထိုသို့ကျွေးမွေးသည့်အခါ ကလေးများအား အောက်ပါအဓိကအစားအစာအမျိုးမျိုးကို ပါဝင်အောင် ကျွေးမွေးသင့်ပါသည်။
– အသီးများနှင့် ဟင်းသီးဟင်းရွက်များ အများအပြားပါဝင်အောင် ကျွေးမွေးခြင်း
– ပေါင်မုန့်၊ ထမင်း၊ အာလူးကဲ့သို့သော ကစီဓာတ်အများအပြားပါသော အစားအစာများကို ပါဝင်အောင် ကျွေးမွေးခြင်း
– နို့နှင့် နို့ထွက်ပစ္စည်းများကို ပါဝင်အောင် ကျွေးမွေးခြင်း
– အသား၊ ငါး၊ ကြက်ဥ၊ ပဲအမျိုးမျိုး စသည့် အသားဓာတ် အရင်းအမြစ်များကို ပါဝင်အောင်ကျွေးမွေးခြင်း စသည့်အစားအစာများကို အချိုးအဆမျှတစွာ ပါဝင်အောင် ကျွေးမွေးသင့်ပါသည်။
ထို့ပြင် ကလေးများအား အာဟာရချို့တဲ့ခြင်းကို ဖြစ်စေနိုင်သည့် ကျန်းမာရေး ပြဿနာများရှိပါကလည်း ဆရာဝန်နှင့် ကြိုတင်ပြသတိုင်ပင်ခြင်းအားဖြင့် အာဟာရချို့တဲ့ခြင်းကို ကြိုတင်ကာကွယ်နိုင်ပါသည်။
Author : Dr. CK