ကလေးငယ်လေးတွေကို ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေချင်တာ မေမေတို့ရဲ့ ဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးနေဆဲဖြစ်တဲ့ ငယ်စဥ်အရွယ် ကလေးငယ်တွေကို ထမင်းကျွေးရတာ တစ်ခါတစ်လေမှာ မေမေတို့အတွက် ခက်ခဲနိုင်ပါတယ်။ အထူးသဖြင့် အဆော့မက်တဲ့ကလေးတွေနဲ့ အစားကြေး(ဂျီး)များတဲ့ ကလေးတွေမှာဆို အစာစားအောင် တိုက်တွန်းရတာက ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်နေတတ်ပါတယ်။ ကလေးတွေ ကျန်းမာအောင် အာဟာရဓာတ်ညီညွတ်မျှတတဲ့ အစားအစာ စားဖြစ်ဖို့ဆိုတာ မေမေတို့ရဲ့ ထမင်းကျွေးတဲ့နည်းလမ်းတွေအပေါ် မူတည်တဲ့အပြင် ကလေးရဲ့ အစာစားချင်စိတ်နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။
ကလေးတွေ ထမင်း ပုံမှန်စားကြစေဖို့ အစာစားချင်စိတ်ကို တိုးတက်စေတဲ့ ဓာတ်တွေပါတဲ့ အားဆေးတွေကို တိုက်ကျွေးနိုင်ပါတယ်။ လေ့လာချက်တစ်ခုအရ အားဆေးတွေမှာ ပါဝင်တဲ့ DHA ဆိုတဲ့ omega-3 fatty acid တစ်မျိုးက အစာစားချင်စိတ်ကို တိုးတက်စေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကလေးတွေရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုကိုလည်း တိုးတက်ကောင်းမွန်စေနိုင်တဲ့အတွက် DHA ဓာတ်ဟာ ကလေးငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။
DHA ဓာတ်ဆိုတာ
DHA (Docosahexaenoic acid) ဆိုတာ ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ omega-3 fatty acids ထဲက အမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ DHA ဓာတ်ဟာ ကိုယ်ဝန်ဆောင်ကာလ 3rd trimester လို့ခေါ်တဲ့ တတိယ ၃ လ ထဲရှိနေတဲ့ သန္ဓေသားနဲ့ မွေးကင်းစကနေ တစ်နှစ်အရွယ်အထိ ရင်သွေးလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံကိုလည်း ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်စေပါတယ်။ ဦးနှောက်ထဲက အဆီရဲ့ ၂၀ ရာခိုင်နှုန်းက DHA ဓာတ်နဲ့ ပြုလုပ်ထားတာဖြစ်ပြီး အာရုံကြောအချင်းချင်း ဆက်သွယ်မှုအတွက် အရမ်းအရေးကြီးပါတယ်။ ကောင်းမွန်တဲ့ အာရုံကြောစနစ်က ကလေးတွေရဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးပါတယ်။
DHA ကို ဘယ်လိုအစားအစာတွေကနေ ရရှိနိုင်မလဲ
DHA ဓာတ်ကို ဖြည့်စွက်အားဆေးတွေအပြင် အစားအစာတွေကနေတဆင့်လည်း ရရှိနိုင်ပါတယ်။ DHA ကြွယ်ဝတဲ့ အစားအစာတွေကတော့ –
– Mackerel ငါး
– ဆော်လ်မွန်ငါး၊ တူနာငါး၊ ဆာဒင်းငါး
– ခရု၊ ကမာ၊ ဂုံး (Oysters)
– ပုဇွန်အမျိုးမျိုး
– ပင်လယ်ရေညှိ စတာတွေပဲ ဖြစ်ပါတယ်။
DHA ဓာတ်ကနေ ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးများ
ငယ်စဉ်က DHA ဓာတ်ကို လုံလုံလောက်လောက် ရရှိခဲ့မယ်ဆိုရင် အောက်ပါအကျိုးရလဒ်တွေကို ရရှိစေနိုင်ပါတယ်။
(၁) နှလုံးရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေခြင်း
(၂) ADHD (ကလေးအတက်ကြွလွန်ရောဂါ) ရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေခြင်း
(၃) ကင်ဆာရောဂါတစ်ချို့ (အူမကြီးကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ ရင်သားကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာ) ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း
(၄) Alzheimer ရောဂါကို ကာကွယ်ပေးနိုင်ခြင်း
(၅) သွေးလည်ပတ်မှုကောင်းစေပြီး သွေးတိုးကျစေခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ကလေးအစာစားချင်စိတ် တိုးတက်အောင် ဘာလုပ်ပေးရမလဲ
အစာစားချင်စိတ်ကို တိုးတက်စေတဲ့ DHA နဲ့ Lysine စတဲ့ဓာတ်တွေပါဝင်တဲ့ အားဆေးဓာတ်စာတွေ တိုက်ကျွေးတာအပြင် ကလေးပုံမှန်ထမင်းစားအောင်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ ရရှိအောင် မေမေတို့အနေနဲ့ အောက်ကအချက်တွေကို လိုက်နာသင့်ပါတယ်။
(၁) ထမင်းကျွေးချိန် စနစ်တကျ သတ်မှတ်ထားပါ။ အစားအစာကို အချိန်မှန်မှန် နေ့စဉ်စားဖို့ အရေးကြီးပါတယ်။ အစာစားချိန်မှန်နေရင် ထမင်းစားချိန်ရောက်တိုင်း အာရုံကြောစနစ်က အစာစားချင်စိတ်ကို လှုံ့ဆော်ပေးမှာပဲ ဖြစ်ပါတယ်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ ၃ နပ်အပြင် သရေစာကိုလည်း ၂ ကြိမ်ကျွေးနိုင်ပါတယ်။
(၂) ပုံမှန် ထမင်း ၃ နပ်ကို ကျွေးလို့ မရတဲ့၊ မဆာသေးဘူးလို့ အမြဲငြင်းနေတတ်တဲ့ ကလေးတွေအတွက် ၂ နာရီခြားတစ်ခါ နည်းနည်းစီ ကျွေးကြည့်ပါ။ ၂ နာရီခြားတစ်ခါစီ ကျွေးခြင်းကလည်း အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။
(၃) ကလေးအကြိုက် အစားအစာ စတင်ကျွေးကြည့်ပါ။ တစ်ချို့ကလေးတွေမှာ သူတို့အကြိုက် အစာအစားကို စကျွေးပြီး အစာစားချင်စိတ်ကို လှုံ့ဆော်လိုက်ပါ။ ပြီးမှ နောက်စားမယ့် အစားအစာတွေကို လိုက်ကျွေးပါ။
(၄) ကလေးကို ပေးဆော့ပါ။ တစ်ခြား သူငယ်ချင်းတွေနဲ့ အတူတူ ပြေးလွှားလှုပ်ရှား ဆော့ကစားပါစေ။ ဆော့လိုက် ထမင်းစားလိုက်နဲ့ အစာကြေး (ဂျီး) များမှာတောင် မပူရတော့ဘဲ နောက်ပိုင်းမှာ ထမင်း ပုံမှန်စားလာမှာပဲ ဖြစ်ပါတယ်။
(၅) အတင်းအကြပ် ထမင်းစားခိုင်းတာမျိုး ရှောင်ပါ။ စားချိန်မှန်စေချင်တဲ့ စေတနာနဲ့ ကလေးဆော့ကစားနေတာကို အတင်းအကြပ်ရပ်ခိုင်းပြီး ထမင်းအတင်းကျွေးတာမျိုးက အစာစားချင်စိတ်ကို ကျစေတဲ့အတွက်ရှောင်ပါ။ ကလေးကို ချော့ပြီး ထမင်းကုန်ရင် အတူတူကစားမယ် ဆိုပြီး ကျွေးပါ။
(၆) ထမင်း၊ ဟင်း အသစ်တွေ ပြောင်းလဲကျွေးမွေးပါ။ နေ့တိုင်း ဒီဟင်း၊ ဒီအစားအစာပဲ စားနေရတယ်ဆိုရင် ကလေးက နောက်တစ်ခါ မစားချင်တော့တာမျိုး ဖြစ်တတ်တဲ့အပြင် အာဟာရဓာတ်အမျိုးမျိုးကိုလည်း လုံလုံလောက်လောက်မရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခဏခဏ ပြောင်းလဲကျွေးမွေးတာကလည်း ကလေးကို စိတ်ရှုပ်စေနိုင်တဲ့အတွက် ဟင်းအသစ်ကျွေးတဲ့အခါမှာ ကလေးကြိုက်တတ်တဲ့အစားအစာနဲ့ အတူတူကျွေးမွေးသင့်ပါတယ်။
ဒေါက်တာကောင်း (ဆေး – ၂)