မိဘတိုင်း မိဘတိုင်းဟာ မိမိတို့ရဲ့ ကလေးတွေကို ထူးချွန်ထက်မြက်ကာ အောင်မြင်စေချင်မှာ မြေကြီးလက်ခတ်မလွဲတဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။ ဒီလို ထူးချွန်ထက်မြက်စေဖို့ဆိုရင် အစကောင်းမှ အနှောင်းသေချာ ဆိုသလို သားသားမီးမီးတို့ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်ပေးဖို့ မေမေ၊ ဖေဖေတို့ရဲ့ အခန်းကဏ္ဍကလည်း အလွန်တရာမှ အရေးပါပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့ မေမေတို့အနေနဲ့ လုပ်ဆောင်ပေးနိုင်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကလေးများအတွက် ပျော်ရွှင်ပြီးအန္တရာယ်ကင်းစေမည့် ပတ်ဝန်းကျင်ဖန်တီးပေးခြင်း
ကလေးတွေမှာ စိတ်ဖိစီးမှုများအချိန်မှာ ကော်တီဇော (Cortisol) လို့ခေါ်တဲ့ဟော်မုန်းများထွက်လေ့ရှိပါတယ်။ အဆိုပါဟော်မုန်းမှာ ရံဖန်ရံခါမျှဆို ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေးနိုင်ပေမဲ့ အမြဲတစေထွက်ရှိနေရင်တော့ ကလေးတွေရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကို နှောင့်နှေးစေတတ်ပါတယ်။ လေ့လာချက်တွေအရ ပျော်ရွှင်တဲ့ကလေးတွေဟာ သာမန်ကလေးတွေနဲ့ စိတ်ဖိစီးမှုများတဲ့ ကလေးတွေထက် ပိုမိုဉာဏ်ရည်ထက်မြက်သာလွန်တာကိုတွေ့ရပါတယ်။ ဒါကြောင့် ဖေဖေ၊ မေမေတို့ အနေနဲ့ သားသားမီးမီးတို့အပေါ် မလိုအပ်ဘဲ ဆူပူမှုများမလုပ်ဘဲ ပျော်ရွှင်အောင်ထားခြင်းဖြင့် ပျော်ရွှင်တက်ကြွထက်မြက်ခြင်းကို အထောက်အကူပြုစေနိုင်ပါတယ်။
(၂) သားသားမီးမီးတို့နှင့်ဆော့ကစားခြင်း
ကစားခြင်းဟာ သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။ ကလေးတွေရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်စွာ ပုံဆွဲခြင်း၊ အတုံးလေးတွေနဲ့ အဆောက်အအုံတွေ၊ ကားတွေတည်ဆောက်တာ စသဖြင့် ကစားစေခြင်းက ဦးနှောက်ကြီးထွားမှုကို အဘက်ဘက်မှ အားပေးစေပါတယ်။ ထိုမျှသာမက အသက်ရလာတဲ့ သားသားမီးမီးတို့အတွက်မူ အိမ်တွင်းမှာသာဆော့ကစားစေခြင်းမျိုးမဟုတ်ဘဲ အိမ်အပြင်မှာ သူငယ်ချင်းများတွေ ကစားစေခြင်းမှာ ADHD လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါကိုလည်း လျှော့ချပေးပါတယ်။
စာဖတ်ပြခြင်းဟာ ကလေးတို့ရဲ့ ဉာဏ်ရည်ကိုဖွံ့ဖြိုးစေရုံသာမက ဗဟုသုတလည်းကြွယ်ဝစေပါတယ်။ ဒါ့ပြင် တချို့သော ဘာသာစကားများထည့်သွင်း ဖတ်ပြစေခြင်းက ရိုးရိုးစာများ ဖတ်ပြခြင်းထက် ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးတာကိုတွေ့ရပါတယ်။
(၄) ကောင်းမွန်စွာ အိပ်စက်စေခြင်း
အိပ်ချိန်မှန်ခြင်းနဲ့ အိပ်ရေးဝခြင်းကလည်း ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အကျိုးများစေပါတယ်။ ကလေးတွေ အိပ်စက်နေချိန်မှာ အိပ်စက်မှုစက်ဝန်းများစွာဖြစ်ပျက်နေပါတယ်။ အများအားဖြင့် စက်ဝန်းအစမှာ မှတ်ဉာဏ်တွေကိုစုဆောင်းပြီး စက်ဝန်းအဆုံးမှာ ကြီးထွားမှုဟော်မုန်းတွေကို ထွက်စေပါတယ်။ သတိထားရမှာမူ ၆လအောက် ကလေးငယ်လေးတွေမှာတော့ အိပ်ချိန်အတည်တကျမရှိသဖြင့် အိပ်ချိန်မှန်အောင်ကျင့်ပေးရန်မလိုပါဘူး။
(၅) အာဟာရပြည့်ဝစေခြင်း
ကလေးတွေ ကိုမှန်ကန်စွာ စားသောက်စေခြင်းက ခန္ဓာကိုယ်ကြီးထွားစေရုံသာမက ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့လည်း အထောက်အကူပြုပါတယ်။ သားသားမီးမီးတို့ရဲ့ ဦးနှောက်တွေကလည်း သားသားမီးမီးတို့ခန္ဓာကိုယ် နည်းတူ Nutrients လို့ခေါ်တဲ့ အာဟာရများ လိုအပ်ပါတယ်။ ရှေးဦးစွာ နို့စို့ကလေးငယ်များကို အတတ်နိုင်ဆုံး မိခင်နို့တိုက်သင့်ပါတယ်။ မိခင်နို့မှာ ကလေးများအတွက် ဉာဏ်ရည်ဖွံ့ဖြိုးစေသော တော်ရင်းဓာတ် (Taurine) နှင့် အခြားသော လိုအပ်တဲ့ Fatty Acid ဓါတ်များလိုအပ်ပါတယ်။ Fatty Acid တွေထဲမှာ Omega-3 fatty acid မှာ ကလေးများအတွက်အကျိုးများပေရာ အထူးသဖြင့် omega-3 မှာပါတဲ့ EPA (Eicosapentaenoic Acid) နဲ့ DHA(Docosahexaenoic Acid) မှာ ကလေးငယ်တွေအတွက် ဦးနှောက်ဖွံ့ဖြိုးမှုသာမက မျက်စိကောင်းမွန်ရေးအတွက်လည်း အလွန်အရေးပါပါတယ်။ နို့စို့ကလေးတွေအတွက်မူ အဆိုပါဓာတွေကို မိခင်နို့မှရတာကြောင့် မေမေတို့ အနေနဲ့ DHA ကြွယ်ဝတဲ့ အစားအစာတွေ (အထူးသဖြင့်- အဆီများသောငါးများ) စားသုံးသင့်ကာ Omega-3 ဖြည့်စွက်စာတွေလည်း မှီဝဲသင့်ပါတယ်။ ဒါ့ပြင် လေ့လာစမ်းသပ်ချက်တွေရဲ့ အဆိုတွေအရ Omega-3 ဓာတ်ဟာ ဦးနှောက်သို့ သွေးပို့ဆောင်မှုကို ပိုမိုကောင်းမွန်စေသဖြင့် ကလေးငယ်များ သာမက လူကြီးများအတွက်ပါ မှတ်ဉာဏ်ပိုမိုကောင်းမွန်စေတာကိုတွေ့ရပါတယ်။ နို့မစို့တော့တဲ့ ကလေးတွေအတွက်လည်း ငါးကြီးဆီ ကဲ့သို့သော ဖြည့်စွက်စာများတိုက်ခြင်း၊ အဆီများသောငါးများ (ဥပမာ-ဆော်လမွန်ငါးများ) ကျွေးခြင်းတို့ပြုလုပ်သင့်ပါတယ်။ ထို့ပြင် အခြားသော ဥများ၊ အစေ့အဆန်များ၊ အသီးအရွက်တွေမှာလည်း လိုအပ်တဲ့ ဗိုက်တာမင်နဲ့ အာဟာရတွေပေးနိုင်တာကြောင့် အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသကဲ့သို့ မေမေတို့ အနေနဲ့ သားသားမီးမီးတို့ရဲ့အစာတွေကို အာဟာရမျှတစွာ ပြင်ဆင်ပေးခြင်းဖြင့် ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
အထက်ပါအချက်လေးများကို ဂရုတစိုက်ဆောင်ရွက်ပြုမူခြင်းဖြင့် မေမေတို့အနေနဲ့ သားသားမီးမီးတို့ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို တစ်ထောင့်တစ်နေရာမှကူညီပေးနိုင်ကာ ထက်မြက်သွက်လက်သော သားသားမီးမီးတို့ကို့ ပြုစုပျိုးထောင်ပေးနိုင်တဲ့ မေမေ၊ ဖေဖေ တို့ဖြစ်စေရန်ရည်ရွယ်ပြီး စေတနာဖြင့် တင်ဆက်ပေးလိုက်ရပါတယ်။
Author: Dr.Z