အပိုင်း-၁ မှာ ဖော်ပြခဲ့တဲ့ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးစေခြင်း၊ ADHD ရောဂါ နဲ့ ပန်းနာရပ်ကျပ် သက်သာစေခြင်းတို့အပြင် ကလေးငယ်တွေအပေါ် DHA ရဲ့တခြားသော အကျိုးပြုပုံတွေကို ဆက်လက်ဖော်ပြသွားပါမယ်။
၄။ အိပ်စက်ခြင်းအား အထောက်အကူပြုခြင်း
ကမ္ဘာပေါ်ရှိ ကလေးငယ်တွေရဲ့ ၃၀-၄၀% ဟာ အိပ်စက်ခြင်းနဲ့ပက်သက်တဲ့ ပြဿနာတွေကို ကြုံတွေ့နေရပါတယ်။ ကလေးငယ်တွေ လုံလုံလောက်လောက် အိပ်ရေးမဝခြင်းဟာ ကျန်းမာရေးထိခိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကျောင်းသင်ခန်းစာတွေမှာ လုပ်ဆောင်နိုင်အားကျဆင်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ လူမှုဆက်ဆံရေးမပြေလည်ခြင်းနဲ့ အဝလွန်ခြင်းတို့ကို ဖြစ်စေပါတယ်။
အရည်အသွေး ပြည့်မီတဲ့ အိပ်စက်မှုဟာ သွေးတွင်း DHA ဓာတ် မြင့်မားခြင်းနဲ့ သက်ဆိုင်နေပြီး ကလေးတွေမှာ ညတစ်ရေးနိုးခြင်းအရေအတွက်ကို လျှော့ချပေးရုံသာမက အချိန်ကြာကြာလည်း အိပ်ပျော်စေပါတယ်။
၅။ မျက်စိအမြင်အာရုံကို အထောက်အကူပြုခြင်း
DHA ဟာ ဦးနှောက်ဖွံဖြိုးအတွက် အဓိကကျသလို သန္ဓေသားဘဝကတည်းက မျက်လုံးနဲ့ အမြင်အာရုံ အဖွဲ့အစည်းအတွက်လည်း အလွန်အရေးပါပါတယ်။ DHA ဟာ ဦးနှောက်အာရုံကြောနဲ့ အမြင်အာရုံအဖွဲ့အစည်းတို့ ဆက်သွယ်မှုကို လျင်မြန်လွယ်ကူစေပြီး အမြင်အာရုံနဲ့ ကိုယ်လက်လှုပ်ရှားမှုတို့ရဲ့ ချိတ်ဆက်လုပ်ဆောင်မှုတို့ကို ကောင်းမွန်စေပါတယ်။ DHA ချို့တဲ့သော ကလေးတွေ၊ ဒါမှမဟုတ် သန္ဓေသားဘဝမှာ မိခင်ထံမှ DHA လုံလောက်စွာ မရရှိခဲ့တဲ့ကလေးတွေမှာ အမြင်အာရုံနဲ့ မျက်ကြည်လွှာပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။
၆။ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးခြင်း
လူသားတွေရဲ့ ဦးနှောက်မှာ ရှိတဲ့ အဆီ ၂၀ % ကို တာဝန်ယူထားရတဲ့ DHA ဟာဆိုရင် ပြီးပြည့်စုံတဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ်ကို စွမ်းဆောင်ပေးပါတယ်။ ကောင်းမွန်တဲ့စနစ်ဟာ ခန္ဓာကိုယ်မှ အာဟာရလိုအပ်ချက်တွေကို သတင်းအချက်အလက်တွေအနေနဲ့ ဦးနှောက်ကို ပို့ဆောင်နိုင်ပြီး ကလေးငယ်တွေရဲ့ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။
၇။ ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း
လူသားတွေမှာ ပြင်ပမှ ဝင်ရောက်လာတဲ့ ပိုးမွှားရောဂါတွေကို ပြန်လည်တိုက်ထုတ်နိုင်တဲ့ ခုခံအားစနစ်ရှိပါတယ်။ DHA ဟာ ပိုးမွှားရောဂါ ရှင်းလင်းရေးမှာ အဓိကကျတဲ့ ခုခံအားတွေ ထုတ်လုပ်ပေးခြင်းမှာ အရေးပါပါတယ်။ ဒါ့ပြင် DHA ဟာ ဓာတ်မတည့်ခြင်းရောဂါတွေကို လျော့ကျစေပြီး ခန္ဓာကိုယ်အတွင်း ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။
DHA ကို ဘယ်ကရမလဲ
လူသားတွေရဲ့ ခန္ဓာကိုယ်ကနေ DHA အနည်းငယ်သာ ထုတ်ပေးပေးနိုင်တာကြောင့် DHA ကို အစားအစာတွေနဲ့ ဖြည့်စွက်စာတွေ သောက်သုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ အစားအသောက်တွေအနေနဲ့ Omega-3 အများအပြားပါတဲ့ ငါးကြီးဆီ၊ ငါးနီတူနဲ့ ပင်လယ်ငါးတွေဖြစ်တဲ့ ဆယ်လမွန်ငါး၊ တူနာ၊ ဆာဒင်း၊ ဆာဘငါးနဲ့ Mackerel ငါးနဲ့ ပင်လယ်ငါးကြင်းတွေကနေ ရရှိနိုင်ပြီး အသီးအရွက်၊ အစေ့အဆံများအနေဖြင့် ရေညှိ၊ ပဲကတ္တီပါ၊ ပဲစင်းငုံသီး၊ သစ်ကြားသီး၊ Flex seed ၊ Chia seed နဲ့ ပဲနို့တို့ကနေ ရရှိနိုင်ပါတယ်။
ဖြည့်စွက်စာအနေနဲ့ကတော့ Capsule၊ ဝါးစားလို့ရတဲ့ဆေးလုံး၊ အရည်တွေနဲ့ လာတတ်ပြီး ကလေးငယ်တွေ အတွက်ဆို အခုအခါမှာ Formula တွေနဲ့ ဖော်စပ်ထားတဲ့ နို့မှုန့်အများစုတွင် DHA ကို ထည့်သွင်းထုတ်လုပ်လာကြပြီ ဖြစ်ပါတယ်။ သတိပြုရန်မှာ ပင်လယ်ငါး သို့ အခွံမာငါးတွေနဲ့ မတည့်သူတွေအဖို့ ငါးကြီးဆီမှ ထုတ်လုပ်တဲ့ Omega-3 ဖြည့်စွက်စာများအစား တခြားသောအပင်၊ အသီးအရွက်များမှ ထုတ်လုပ်ထားသော Omega-3 ဖြည့်စွက်စာများကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။
ဘယ်လောက်သောက်ရမလဲ
Omega-3 နေ့စဥ်လိုအပ်ချက်ဟာ အသက်၊ ယောကျ်ား/မိန်းကလေးအလိုက် ကွဲပြားပြီး ဖြည့်စွက်စာမှာ ပါရှိတဲ့ လမ်းညွှန်ချက်အတိုင်း သောက်သုံးခြင်းသည်သာ အသင့်လျော်ဆုံးဖြစ်ပါတယ်။ တခြားသောလမ်းညွှန်ချက်တွေအရ Omega-3 လုံလောက်စွာ စားသုံးနေတဲ့ မိခင်နို့ကို သောက်သုံးနေရတဲ့ ကလေးငယ်တွေမှာ ဖြည့်စွက်စာ မလိုအပ်ဘဲ မိခင်နို့ မသောက်သုံးရတဲ့ ကလေးငယ်တွေမှာဆိုရင်
0 months – 1 year (0 – 15 lbs) : 500mg EPA + DHA per day
1 – 3 years (15 – 40 lbs) : 800mg EPA + DHA per day
ခန့်မှန်း တိုက်ကျွေးနိုင်ပါတယ်။
အများစုကတော့ DHA ပါဝင်တဲ့ ငါးကြီးဆီ သောက်သုံးရာမှာ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မခံစားရပေမဲ့ တစ်ခါတစ်ရံမှာတော့
– ခံတွင်းနံ့ နံခြင်း
– လေချဉ်တက်ခြင်း
– ရင်ပူခြင်း
– ပျို့အန်ခြင်းနဲ့
– ဝမ်းသက်ခြင်းတို့ ဖြစ်စေပါတယ်။
ဒါကြောင့် မိမိရင်သွေးငယ်ကို ဖြည့်စွက်စာများ မတိုက်ကျွေးခင် နားလည်တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။