မိမိရင်သွေးငယ် ကျန်းမာသန်စွမ်းခြင်းဟာ မိဘတိုင်းရဲ့ အကြီးမားဆုံးလိုအင်ဆန္ဒတစ်ခုပါ။ လူတစ်ယောက် အနေနဲ့လည်း ကိုယ်ခန္ဓာအစိတ်အပိုင်း အလုံးစုံ ကြီးထွားသန်စွမ်းခြင်းဟာ ငယ်ရွယ်စဥ်ဘဝကတည်းက အရေးပါပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အမြင်အာရုံသန်စွမ်းခြင်းက အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် ယနေ့ နည်းပညာခေတ်မှာ Computer, Phone နဲ့ တခြားသော Electronic Device တွေ အသုံးများတာကြောင့် ကလေးငယ်တွေမှာ အမြင်အာရုံပြဿနာတွေ အလွန်ကြုံတွေ့လာကြရပါတယ်။
DHA ရဲ့ အမြင်အာရုံကျန်းမာရေး
DHA (Docosahexanoic Acid) ဆိုတာ Omega-3 Fatty Acid တစ်မျိုးဖြစ်ပြီး လူသားတွေရဲ့ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးတွေကိုပေးတဲ့ မပြည့်ဝဆီတစ်မျိုး ဖြစ်ပါတယ်။ DHA ဟာ ဦးနှောက်၊ အမြင်အာရုံနဲ့ အခြားသော အာရုံကြောအဖွဲ့အစည်းတွေရဲ့ ဆဲလ်တည်ဆောက်ပုံမှာ အဓိကကဏ္ဍအနေနဲ့ ပါဝင်ပါတယ်။ မြင်ကွင်းအရဆိုရင် DHA ဟာ မျက်ကြည်လွှာအတွင်းမှာရှိတဲ့ အလင်းဖမ်းစနစ်မှာ အများဆုံးပါဝင်ပါတယ်။
ဒါ့ပြင် ကြည်လင်ပြတ်သားတဲ့ သိမြင်မှုတွေ ရရှိဖို့ဆိုရင် မျက်လုံးများသာမက ဦးနှောက်အာရုံကြောနဲ့ အမြင်အာရုံကြောအဖွဲ့အစည်းတို့ ကောင်းမွန်စွာ ချိတ်ဆက်နိုင်မှု ရှိရပါမယ်။ မျက်လုံးကမြင်ရတဲ့ သတင်းအချက်အလက်တွေကို မျက်ကြည်လွှာမှတစ်ဆင့် အာရုံကြောများနှင့် ဦးနှောက်ကို ပေးပို့ပြီး ထိုဦးနှောက်ကနေတစ်ဆင့် ခန္ဓာကိုယ်အနှံ့ကို လိုအပ်သလို ပြန်လည်ပေးပို့ပါတယ်။ DHA ပြည့်ဝခြင်းဟာ အဲဒီချိတ်ဆက်မှုတွေကို ပြေပြစ်စေပြီး ကောင်းမွန်တဲ့ အမြင်အာရုံနဲ့ အသိအာရုံတို့ကို ရရှိစေပါတယ်။
ကလေးငယ်တွေမှာဆိုရင် မိခင်ရဲ့သားအိမ်ထဲမှာရှိတဲ့ သန္ဓေသားဘဝထဲက မျက်ကြည်လွှာနဲ့ အမြင်အာရုံအဖွဲ့အစည်း ပြည့်စုံစွာ တည်ဆောက်နိုင်ဖို့အတွက် DHA အများအပြား လိုအပ်ပါတယ်။ မျက်ကြည်လွှာဟာ ကိုယ်ဝန်ဆောင် နောက်ဆုံးကာလတွေနဲ့ မွေးကင်းစကနေ ၆ လသား အရွယ်အတွင်းမှာ လျင်မြန်စွာ တည်ဆောက်ကြီးထွားပါတယ်။ ဒါကြောင့် သန္ဓေသားဘဝမှာ မိခင်ထံမှ DHA လုံလောက်စွာ မရရှိခဲ့တဲ့ ကလေးတွေဟာ အမြင်အာရုံအားနည်းတတ်ပါတယ်။
ဒါ့ပြင် မွေးကင်းစအရွယ်မှာ မိခင်နို့ကို ပြည့်ဝစွာ မရခဲ့တဲ့ ကလေးငယ်တွေနဲ့ DHA လုံလောက်စွာ ပါဝင်တဲ့ Formula နှို့မှုန့်တွေကို မသောက်သုံးခဲ့ရတဲ့ ကလေးငယ်တွေမှာလည်း DHA ချို့တဲ့ပြီး အမြင်အာရုံအားနည်းခြင်း၊ ကြည့်လင်ပြတ်သားမှုမရှိခြင်း၊ မျက်ကြည်လွှာအားမကောင်းခြင်း အစရှိတဲ့ အမြင်အာရုံနဲ့ဆိုင်တဲ့ ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။
DHA ကို ဘယ်က ရမလဲ
လူသားတွေရဲ့ ခန္ဓာကိုယ်ကနေ DHA အနည်းငယ်သာ ထုတ်ပေးပေးနိုင်တာကြောင့် DHA ကို အစားအစာတွေနဲ့ ဖြည့်စွက်စာတွေ သောက်သုံးခြင်းဖြင့် ရရှိနိုင်ပါတယ်။ သန္ဓေသားအရွယ်မှာ DHA လုံလောက်စွာ စားသုံးတဲ့ မိခင်ထံမှ အချင်းကနေတစ်ဆင့် ရရှိနိုင်ပြီး မွေးကင်းစအရွယ်မှာလည်း DHA ပါဝင်တဲ့ မိခင်နို့ကနေ ရရှိနိုင်ပါတယ်။ ဖြည့်စွက်စာ စတင်စားတဲ့အရွယ်မှာတော့ အစားအသောက်တွေကနေ ကလေးငယ်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်မှ DHA လိုအပ်ချက်ကို ဖြည့်တင်းနိုင်ပါတယ်။
အစားအသောက်တွေအနေနဲ့ Omega-3 အများအပြားပါတဲ့ ငါးကြီးဆီ၊ ငါးနီတူနဲ့ ပင်လယ်ငါးတွေဖြစ်တဲ့ ဆယ်လမွန်ငါး၊ တူနာ၊ ဆာဒင်း၊ ဆာဘငါးနဲ့ Mackerel ငါးနဲ့ ပင်လယ်ငါးကြင်းတွေကနေ ရရှိနိုင်ပြီး အသီးအရွက်၊ အစေ့အဆံတွေအနေဖြင့် ရေညှိ၊ ပဲကတ္တီပါ၊ ပဲစင်းငုံသီး၊ သစ်ကြားသီး၊ တို့ဖူး၊ flex seed ၊ Chia seed နဲ့ ပဲနို့တို့ကနေ ရရှိနိုင်ပါတယ်။ ဖြည့်စွက်စာအနေနဲ့ကတော့ Capsule၊ ဝါးစားလို့ရတဲ့ဆေးလုံး၊ အရည်တွေနဲ့ လာတတ်ပြီး ကလေးငယ်များအတွက်ဆို ယခုအခါတွင် Formula များနဲ့ ဖော်စပ်ထားသော နို့မှုန့်အများစုတွင် DHA ကို ထည့်သွင်းထုတ်လုပ်လာကြပြီဖြစ်ပါတယ်။
သတိပြုရန်မှာ မိမိကလေးငယ်ဟာ ပင်လယ်ငါး သို့ အခွံမာငါးများနဲ့ မတည့်လျှင် ငါးကြီးဆီမှ ထုတ်လုပ်တဲ့ Omega-3 ဖြည့်စွက်စာများအစား တခြားသောအပင်၊ အသီးအရွက်များမှ ထုတ်လုပ်ထားသော Omega-3 ဖြည့်စွက်စာများကိုသာ ဆရာဝန်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး ရွေးချယ်တိုက်ကျွေးသင့်ပါတယ်။