DHA ဆိုသည်မှာ omega-3 Fatty Acids အဆီတစ်မျိုး ဖြစ်သည်။ DHA ဓာတ်သည် ကလေးများ၏ ငယ်စဉ်ဘဝ ဦးနှောက်နှင့် အမြင်အာရုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သောအဆီဓာတ် ဖြစ်သည်။ ထို့ပြင် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာအရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး ကလေးများတွင်ဖြစ်တတ်သော စိတ်ကျန်းမာရေးပြဿနာများကိုလည်း ကာကွယ်ပေးနိုင်သည်။
DHA ဓာတ်ချို့တဲ့ခြင်းနှင့် ကလေးများ၏စိတ်ကျန်းမာရေး
လေ့လာတွေ့ရှိချက်များအရ ကလေးများတွင်ဖြစ်တတ်သော စိတ်ပိုင်းဆိုင်ရာပြဿနာအများစုသည် DHA ဓာတ်ချို့ယွင်းမှု သို့မဟုတ် မလုံလောက်မှုနှင့် ဆက်စပ်မှုရှိနေသည်ဟု ဆိုသည်။ ကလေးများတွင် စိတ်ဓာတ်ကျခြင်း၊ အစိုးရိမ်လွန်ကဲခြင်း၊ ADHD ဟုခေါ်သော ကလေးအတက်ကြွလွန်ခြင်းပြဿနာ အစရှိသော စိတ်ကျန်းမာရေးပြဿနာများအပြင် ကလေးများ၏ အပြုအမူပိုင်းဆိုင်ရာပြဿနာအများစုသည် မကြာခဏကြုံတွေ့ရလေ့ရှိသော စိတ်ပိုင်းဆိုင်ရာအခြေအနေများ ဖြစ်ကြသည်။
ထို့ပြင် ကလေးငယ်စဉ်အရွယ်ကတည်းက DHA ဓာတ် လုံလုံလောက်လောက်မရရှိခဲ့ပါက ကျောင်းတွင်း စာသင်ယူလေ့လာနိုင်မှုစွမ်းရည်ပါ ကျဆင်းလာနိုင်သည်။ စိတ်ဓာတ်ကျခြင်းနှင့် အစိုးရိမ်လွန်ကဲခြင်းတို့ကြောင့် ကလေးငယ်အချင်းချင်း ပေါင်းသင်းဆက်ဆံရေးတွင် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။ ကလေး၏ စိတ်ကျန်းမာရေးကျဆင်းလာသည်နှင့်အမျှ ပညာရေးနှင့် လူမှုပေါင်းသင်းဆက်ဆံရေးတို့တွင် အခက်အခဲများစွာ ကြုံတွေ့လာနိုင်သည်။
DHA ဓာတ်၏ကောင်းကျိုးများ
DHA သည် ကလေးဦးနှောက်၏ အဆီပါဝင်မှုတွင် ၁၀ % မှ ၂၀ % ခန့်အထိ နေရာယူထားသည်။ ၎င်းသည် ဦးနှောက်အာရုံကြောဆဲလ်နှင့် အမြင်အာရုံကြောဆဲလ်များ၏ အပေါ်ယံလွှာဖြစ်သော အဆီအမြှေးပါးလွှာများ ဖွံ့ဖြိုးစေရန် ကူညီပေးပြီး အာရုံကြောစီးဆင်းဆက်သွယ်မှုကို အထောက်အကူပြုသည်။ DHA သည် ကလေးများ၏ စိတ်ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက ဉာဏ်ရည်နှင့် မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေသည်။
လေ့လာတွေ့ရှိချက်များအရ DHA သည် ကလေးများတွင် ဖြစ်လေ့ဖြစ်ထရှိသော ပန်းနာရင်ကျပ်ရောဂါလက္ခဏာများကိုပင် သက်သာစေနိုင်သည်။ ထို့ပြင် ကလေးများ၏ အိပ်စက်မှုအရည်အသွေးကိုလည်း တိုးတက်စေနိုင်သည်။ ကလေးများ၏ စိတ်ကျန်းမာရေးဆိုင်ရာပြဿနာများကို DHA ဓာတ် ပြန်လည်ဖြည့်တင်းခြင်းဖြင့် သက်သာပျောက်ကင်းလာနိုင်ကြောင်းကို လေ့လာစမ်းသပ်ချက်များအရ တွေ့ရှိရသည်။
ငယ်စဉ်က DHA ဓာတ် ပြည့်ပြည့်ဝဝရရှိခဲ့သော ကလေးငယ်သည် DHA ဓာတ်ချို့တဲ့နေသော တခြားကလေးငယ်နှင့်စာလျှင် သင်ယူလေ့လာမှုအား ပိုမိုကောင်းမွန်သည်။ DHA ဓာတ်ချို့တဲ့မှုကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာခံစားနေရသော ကလေးငယ်အား DHA ဓာတ် များများပါသော ဖော်မြူလာနို့မှုန့် သို့မဟုတ် ကွေကာ (Cereal) တိုက်ကျွေးခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာစေပြီး ရလဒ်ကောင်းများကို ရရှိလာစေနိုင်သည်။
DHA ဓာတ်ရရှိနိုင်သော အစားအစာများ
DHA ဓာတ်ကို အစားအစာများမှတစ်ဆင့် ရရှိနိုင်သကဲ့သို့ DHA ဓာတ်ဖြည့်စွက်ထားသော ဖော်မြူလာနို့မှုန့်ဘူးများ၊ ကွေကာ (Cereal)များမှတစ်ဆင့်လည်း ရရှိနိုင်ပါသည်။
DHA ဓာတ်ကြွယ်ဝသော အစားအစာများမှာ –
၁။ omega-3 အဆီဓာတ်ကြွယ်ဝသော ငါးသေတ္တာငါး၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါး
၂။ ခရု၊ ဂုံး၊ ကမာယောက်သွား (ပင်လယ်စာ)
၃။ ပုစွန်အမျိုးမျိုး
၄။ ပင်လယ်ရေညှိ စသည်တို့ ဖြစ်သည်။
အခွံမာသီးနှင့် အစေ့အဆန်၊ ပဲအမျိုးမျိုးများဖြစ်ကြသော သစ်ကြားသီး၊ မြေပဲ၊ ဘိုစားပဲ၊ ပဲပိစပ် စသည်တို့ကို စားသုံးခြင်းဖြင့်လည်း DHA ဓာတ်ပိုမိုရရှိလာစေရန် ကူညီထောက်ပံ့ပေးနိုင်သည်။
နေ့စဉ်လိုအပ်သော DHA ဓာတ် ပမာဏ
ကလေးများ၏ ပထမဆုံးတစ်နှစ်တာကာလတွင် ဦးနှောက်အာရုံကြောစနစ်ဖွံ့ဖြိုးမှုသည် အမြန်ဆုံး ဖြစ်သည်။ ထို့ကြောင့် DHA ကဲ့သို့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသောအဆီဓာတ်ကို ပြည့်ပြည့်ဝဝရရှိစေရန် နေ့စဉ်ဖြည့်တင်းပေးရမည် ဖြစ်သည်။ အသက်နှစ်နှစ်မှ သုံးနှစ်အတွင်း ကလေးများအတွက် တစ်နေ့လျှင် DHA 400 mg ခန့် လိုအပ်ပြီး အသက်လေးနှစ်မှ ခြောက်နှစ်အတွင်း ကလေးများအတွက် တစ်နေ့လျှင် DHA 600 mg လိုအပ်ပါသည်။
DHA ဓာတ်သည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် စိတ်ကျန်းမာရေးအခြေအနေကို တိုးတက်ကောင်းမွန်စေသောကြောင့် အပြုအမူပိုင်းဆိုင်ရာ လိမ္မာရေးခြားရှိပြီး ဉာဏ်ရည်ထက်မြက်သော သားသမီးများဖြစ်လာစေရန် မိဘများအနေဖြင့် DHA ကြွယ်ဝပြီး အာဟာရစုံလင်ပြည့်ဝသော အစားအစာများကို နေ့စဉ်ကျွေးမွေးပေးဖို့ အရေးကြီးကြောင်း တိုက်တွန်းလိုက်ရပါသည်။