ကလေးငယ်တွေ အဖျားရှိတဲ့လက္ခဏာများ ကလေးငယ်တွေဟာ စကားမပြောတတ်သေးတဲ့အရွယ်မှာ ဖျားနာတဲ့အခါ လူကြီးတွေလို နှုတ်ကမပြောပြနိုင်တဲ့အတွက် အပြုအမူ၊ အနေအထား ပြောင်းလဲမှုဖြင့် ဖော်ပြတတ်ကြပါတယ်။ ပုံမှန်ကျန်းမာတဲ့ ကလေးငယ်တွေဟာ နို့၊အစား ပုံမှန်စားသောက်နိုင်ပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ကြပါတယ်။ အသက်အရွယ်အလိုက် အားအင်တက်ကြွ လှုပ်ရှားဆော့ကစားမှုကို ပုံမှန်လုပ်နိုင်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်များတတ်ကြပါတယ်။
ကလေးငယ်တွေ ဖျားတဲ့အခါ ပုံမှန်အချိန်နဲ့မတူဘဲ ဂနာမငြိမ်ဖြစ်တာ၊ ဘယ်လိုမှချော့မရအောင် အရမ်းငိုတာ၊ စိတ်မကြည်လင်ပဲ အီနေတာမျိုး၊ အားအင်မရှိဘဲနုံးခွေနေတာ၊ စိတ်အလိုမကျပဲ ဂျီကျတာ၊ လှုပ်ရှားဆော့ကစားခြင်းမရှိဘဲ ငြိမ်နေတာမျိုးတွေ တွေ့ရတတ်ပါတယ်။ အစားအသောက်မစားဘဲနေခြင်း သို့မဟုတ် အစာမဝင်ခြင်း နို့မစို့နိုင်ခြင်းကဲ့သို့ အအိပ်အစားပုံမမှန်တဲ့လက္ခဏာတွေလည်း တွေ့ရတတ်ပါတယ်။
ကလေးတွေဖျားလျှင် အသားရောင် ဖြူဖျော့လာခြင်း၊ အရေပြားမှာအကွက်ထခြင်း၊ ကိုင်ကြည့်လျှင် အလွန်အမင်းပူနေခြင်း သို့မဟုတ် အေးစက်နေခြင်း လက္ခဏာများရှိနိုင်ပါတယ်။ အဖျားရှိမရှိကို အပူချိန်တိုင်းကိရိယာ သာမိုမီတာသုံးပြီး စမ်းသပ်စစ်ဆေးနိုင်ပါတယ်။ ကလေးအသက် ၁ လအောက်နဲ့ ၁လ-၃လ အရွယ်တွေမှာ အဖျား ၃၈ ဒီဂရီ ဆဲလ်စီရပ် သို့မဟုတ် ၁၀၀ ဒီဂရီဖာရင်ဟိုက်အထက်ရှိလျှင် ကလေးအထူးကု၊ဆရာဝန်တို့နှင့် တိုင်ပင်ဆွေးနွေး ကုသမှုခံယူသင့်ပါတယ်။
အသက်ရှူလမ်းကြောင်းပိုးဝင်တဲ့ ကလေးငယ်တွေမှာ ကိုယ်အပူချိန်မြင့်တက်ခြင်းအပြင် ချောင်းအလွန်ဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ လည်ပင်းနာခြင်း၊ ပုံမှန်အချိန်ထက် အသက်ရှူမြန်ခြင်း၊ အသက်ရှုနှုန်းမမှန်ခြင်း၊ တရွှီရွှီမြည်ပြီး ရင်ကျပ်ခြင်း၊အသက်ရှူစဉ် နံရိုးအောက်ပိုင်း ရင်ဘတ်ချိုင့်ဝင်ခြင်း Chest Indrawing ၊အသက်ရှူနေရင်း ရပ်သွားခြင်း Apnoea ၊ အသက်ရှူသွင်း ရှူထုတ်လုပ်ရာမှာ ညည်းသံထွက်ခြင်း Grunting၊ အစားမစားနိုင် နို့မစို့နိုင်လောက်အောင် မောနေခြင်း ၊နှုတ်ခမ်းနဲ့လျှာ ပြာနှမ်းလာခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်းကဲ့သို့ အန္တရာယ်အချက်ပြလက္ခဏာများလည်း တွေ့ရနိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်း ပိုးဝင်ခြင်းကဲ့သို့ ပြဿနာတွေမှာ ဖျားခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းသွားခြင်း၊ ဝမ်းတွင် သွေးပါခြင်း ၊အရည်ဓာတ်ခန်းခြောက်ခြင်း ( မျက်တွင်းချိုင့်၊ ရေငတ်၊ ကလေးမှိန်းခြင်း ဒါမှမဟုတ် ဆီးမသွားတော့ခြင်း၊ အလွန်မှိန်းခြင်း) တို့တွဲ၍တွေ့ရနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ခံစားရတဲ့ကလေးငယ်တွေမှာ ချမ်းတုန်ဖျားခြင်း ၊ ဆီးခဏခဏသွားခြင်း၊ ဆီးသွားလျှင် အလွန်နာကျင်ပြီး ငိုခြင်း၊ ဆီးတွင်သွေးပါခြင်း၊ ဆီးမသွားနိုင်ခြင်းလက္ခဏာများ တွေ့ရနိုင်ပါတယ်။
ကလေးငယ်တွေမှာ ကိုယ်အပူချိန်မြင့်တက်ပြီး အဖျားကြီးလျှင် Febrile Convulsion တက်တတ်ပါသည်။ အများအားဖြင့် အသက် ၃ လမှ ၇ နှစ်အောက် ကလေးများ၊ ယောက်ျားလေးများ၊ မိသားစုမှာ အပူချိန်မြင့်လျှင်တက်တတ်တဲ့ ရောဂါရာဇဝင်ရှိလျှင် အဖြစ်များတာကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် ကလေးဖျားလျှင် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အဖျားကျဆေးတိုက်ပေးခြင်း၊ ရေပတ်တိုက်ပေးခြင်း၊ ရေများများတိုက်ခြင်း၊ ကလေးတက်လျှင် အရေးပေါ်ရှေးဦးသူနာပြုစုနည်းများဖြင့် မှန်ကန်စွာပြုစုပေးရန် လိုအပ်ပါတယ်။ ကလေးဖျားလျှင် စောင့်ရှောက်သူလူကြီးများအနေဖြင့် ဂရုတစိုက် စောင့်ကြည့်ရန် အရေးကြီးပါတယ်။
ကလေးငယ်တွေကို အချို့သော ကာကွယ်ဆေးများ ထိုးပေးပြီးလျှင် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်မှ ကာကွယ်ဆေးကို တုံ့ပြန်တာကြောင့် ကိုယ်အပူချိန်တက်ပြီး ဖျားတတ်ပါသည်။
ကလေးငယ်တွေမှာ ကိုယ်အပူချိန်မြင့်တက်ပြီး ဖျားလျှင် အန္တရာယ်အချက်ပြလက္ခဏာများ Danger Signs ရှိမရှိစောင့်ကြည့်ပြီး လိုအပ်လျှင် နီးစပ်ရာကျန်းမာရေးဌာန ဒါမှမဟုတ် ဆေးရုံဆေးခန်းသို့ အချိန်မီသွားရောက်ပြသသင့်ပါတယ်။
Dr. Yee Mon