မွေးစကလေးတွေကို မနက်တစ်ခါ ညနေတစ်ခါ လိုအပ်သလို မျက်နှာသစ်ပေးလို့ရပါတယ်။ ရေပတ်တိုက်ပေးလို့ရပါတယ်။ ရာသီဥတုပေါ်လည်းကြည့်ပါ ရေပတ်တိုက်တဲ့အခါ ရေနွေးနွေးလေးစပ်ထားပါ။ သုံးလို့သင့်တော့ရုံခွက်ထဲပြောင်းထည့်ပါ။ ဂွမ်းအသန့်လေးတွေ နဲ့ တိုက်ပေးပါ။ မျက်နှာ လည်ပင်း ဂုတ် ချိုင်း ပေါင်ခြံ လက် ခြေ စသဖြင့်ပါ တစ်ခါတိုက်မှ တစ်ခါပြင်ပါ။ ဂွမ်းတွေကို ကြိုပြီး ရေမစိမ်ထားပါနဲ့။ ရေပတ်တိုက်ပြီးတာနဲ့ မျက်နှာသုတ်ပဝါနုနုလေးတွေနဲ့ ဖွဖွသုတ်ပါ အရမ်းမပွတ်ပါနဲ့။
မွေးစကလေး ဘယ်အချိန်ရေစချိုးမလဲ။ ချက်ကြွေတဲ့ အထိတော့စောင့်ပါ။ အများဆုံးတစ်ပတ်ဆယ်ရက်ပါ။ နောက်ပိုင်းရေစချိုးလို့ရပါတယ်။ တစ်နေ့တစ်ခါလောက်ပဲ ချိုးပါ။ ရာသီဥတုကိုကြည့်ပါ။ နေ့တိုင်းချိုးပေးဖို့မလိုပါဘူး။ ကလေးငယ်လေးတွေက ရေပတ်တိုက်ပေးနိုင်ရင် လုံလောက်တတ်ပါတယ်။ မဖြစ်မနေချိုးရမယ်မဟုတ်ပါဘူး။ ပူအိုက်တဲ့ အခါတော့ချိုးပေးလို့ရပါတယ်။
ရေချိုးတဲ့အခါ တချို့က ကလေးရေချိုးခုံတွေ သုံးတတ်ကြတယ်။ မသုံးဘဲ ဒီအတိုင်းချိုးလည်းရပါတယ်။ ကလေးကိုချိုးပေးမယ့်သူက ခြေကို ဆင်းပြီး ကလေးကို ခြေပေါ်မှာထားပါ။ သေချာကိုင်ထားပါ။ ရေနွေးစပ်ချိုးပေးပါ။ ဝုန်းကနဲ မလောင်းလိုက်ပါနဲ့။ ခေါင်းနဲ့ မျက်နှာလည်းအရင်မလောင်းပါနဲ့။ ကလေးရဲ့ ခြေလေးတွေ လက်လေးတွေ ဖင်လေးတွေ အရင် ဖြေးဖြေးချင်းလောင်းပါ။ ကိုယ်လုံးကို ဖြေးဖြေး တက်ပါ။ နောက်မှ ခေါင်းပေါ်ကို ဖြေးဖြေးလေး လောင်းပေးပါ။ မျက်နှာကို မစိုပါစေနဲ့။ ကလေးတွေ မျက်စိကနေ ရေကျရင် ကြောက်တတ်ပါတယ်။ နောက်ဆုံးမှ မျက်နှာသစ်ပေးပါ။ နောက်ပိုင်းကလေးကြီးလာတဲ့အခါတွေမှာတော့ ရေဇလုံလေးထဲ ထိုင်ခိုင်းထားပြီးရေနွေးစပ်ပြီးချိုးပေးလို့ရပါတယ်။ အကျင့်ဖြစ်လာတဲ့အခါ ရေကို မကြောက်တော့ပဲ ရေထဲမှာ တဘမ်းဘမ်းရိုက်ပြီးဆော့လာတတ်ပါတယ်။ အဓိကကတော့ မျက်နှာရေဆေးတာကို နောက်ဆုံးမှ ဖြေးဖြေးလုပ်ပါ။
ကလေးငယ်တွေရေချိုးရင်ဆပ်ပြာသုံးဖို့လိုမလိုပေါ့။ သုံးလို့တော့ရပေမယ့် ဖြစ်နိုင်ရင် လူကြီးတိုက်တာတွေ မတိုက်ပါနဲ့။ စချိုးပေးတဲ့အခါတော့ ဆပ်ပြာမတိုက်ဖြစ်သေးလည်း ထားလိုက်ပါ။ တဖြေးဖြေးနဲ့ ဆပ်ပြာထည့်သုံးပါ။ ဆပ်ပြာသုံးတဲ့အခါ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေ ရှိပါတယ်။ အရည်လေးတွေပါ ကလေးအသားနဲ့အဆင်ပြေအောင် ထုတ်ပေးထားတာမျိုးတွေပါ။ ဒါမျိုးမသုံးဖြစ်လည်း ဆပ်ပြာအပျော့စားပဲသုံးပါ။
နို့စို့တာများတဲ့ အခါ လျှာပေါ်မှာ ဖြူဖြူကြီးတွေဖြစ်တတ်ပါတယ်။ အဲလိုအခါတွေမှာ သန့်ရှင်းတဲ့ gauze စလေးတွေ ကို ရေသန့်ရေကျက်အေး စွတ်ပြီး လျှာကို ဖြေးဖြေးပွတ်ပေးလို့ရပါတယ်။ နေ့တိုင်းတော့လုပ်ပေးဖို့မလိုတတ်ပါဘူး။
ကလေးငယ် အီးပါပြီးတဲ့အခါ ဆေးကြောတဲ့အခါလည်း ရေနွေးစပ်ပေးထားတဲ့ ရေနွေးနွေးကို ခွက်သေးသေးထဲထည့်ပေးပါ။ တိုက်ရိုက်မလောင်းပါနဲ့။ ကလေးတွေ လန့်တတ်ပါတယ်။ ဂွမ်းလေးတွေကိုရေစွတ်ပြီး ပွတ်ပေးပါ။ ဂွမ်းအခြောက်လည်း တိုက်ရိုက်မပွတ်ပါနဲ့။ ပွန်းမှာစိုးလို့ပါ။ ဂွမ်းနဲ့ပဲဆေးရတော့ အချိန်ကြာတတ်တယ် စိတ်ရှည်ပါ။ အဝတ်သုံးတာထက် ဂွမ်းနဲ့ သန့်ရှင်းရေးလုပ်ပေးတာက ပိုကောင်းပါတယ်။ တစ်ခါတစ်ခါမှာတော့ အီးပါတာတွေက ပေပွနေတတ်ပါတယ်။ ခြေထောက်တွေလည်းပေတာများနေတတ်ပါတယ်။ ဒါလည်းရေနွေးနဲ့ ဂွမ်းစလေးနဲ့ပဲ လုပ်ပါ။ လိုအပ်လာရင်တော့ ရေနွေးနွေးကို ပေတဲ့နေရာတွေကို လက်နဲ့ ဖြေးဖြေးပွတ်ပြီး ဆေးပေးပါ။ မြန်မြန်လုပ်ပေးဖို့နဲ့ အခြောက်ပြန်သုတ်ပေးဖို့တော့ အရေးကြီးပါတယ်။
ဆက်ရန်ရှိပါသည်။
Author; Dr. CST