မွေးစကလေးတွေ က မွေးစကနေ တစ်လလောက်အထိ ကောင်းကောင်းမမြင်နိုင်သေးပါဘူး။ ကွဲကွဲပြားပြားမသိကြသေးဘူး။ လိုက်လည်းမကြည့်တတ်ကြသေးပါဘူး။ ကလေးငယ်မျက်စိရှေ့ကို ယတ်ခပ်ပေးပြီးမျက်တောင်ပိတ်မပိတ်စမ်းတာတောင် တစ်ချို့ မျက်စိ လိုက်မပိတ်တတ်သေးဘူး။ တစ်လကျော်မှ ဖြေးဖြေးချင်းလိုက်ကြည့်လာတာပါ။ တစ်လအတွင်းတော့ ကလေးကို မလိုဘဲအပြင်မခေါ်ပါနဲ့ဦး။ ခေါ်ရမယ်ဆိုရင်လည်း အနှီးစနဲ့ မျက်စိကို ကာပေးထားပါ။ နေရဲက အလင်းစူးစူးတွေ မီးချောင်းတွေရဲ့ အလင်းစူးစူးတွေ တိုက်ရိုက်မပေးပါနဲ့။
မွေးစအရွယ်ကနေ တစ်လလောက်အထိ ကလေးတွေကို ခြေသည်းလက်သည်း မညှပ်ပေးပါနဲ့။ လက်အိတ်ခြေအိတ်လေးတွေစွပ်ထားပေးပါ။ ခြေသည်းလက်သည်းက စထွက်စက ပျော့ပါတယ်။ ငယ်သေးတဲ့ အခါ ခြေသည်းလက်သည်းညှပ်ဖို့မလိုသေးပါဘူး။ ရေပဲသေချာဆေးပေးပါ။ ညှပ်တဲ့အခါအသားနဲ့ကပ်လို့ နာတာတွေ ဖြစ်နိုင်တယ်။ တစ်လကျော်မှ ညှပ်ပေးပါ။ ကလေးအတွက် ခြေသည်းလက်သည်းညှပ်တာလေးတွေ သီးသန့်ရှိပါတယ်။ မရှိလည်းဘဲလူကြီးညှပ်တာတွေနဲ့ ရောမသုံးပါနဲ့။သီးသန့်ထားပါ။ လက်သည်းညှပ်အသေးဖြစ်ပါစေ။ ညှပ်တဲ့အခါအရမ်းတိုနေဖို့မလိုပါဘူး။ တိရုံညှပ်ပါ။ ခြေစွယ်လက်စွယ် အတင်းလိုက်မညှပ်ပါနဲ့။
တစ်ချို့ကလေးတွေ ခြေသည်းလက်သည်းအရှည်မြန်တတ်ကြတယ် အဲဒါမျိုးဆို တစ်ပတ်တခါညှပ်ပါ။ ကြားထဲမှာ လိုအပ်ရင် ခြေအိတ်လက်အိတ်ပြန်စွပ်ပါ။
မွေးစကလေးတွေ ဆံပင်ရိတ်ဖို့လိုလားပေါ့။ မွေးစဆံပင်က မဖြစ်မနေရိတ်ဖို့မလိုပါဘူး။ အနည်းဆုံ ကလေးတစ်နှစ်ပြည့်တဲ့အထိ ခေါင်းတုံးမတုံးပါနဲ့။ မွေးဆံပင်မရိတ်ရင် ဆံပင်မသန်ဘူးတို့ဆိုတာ မဟုတ်ပါဘူး။ မွေးဆံပင်ကတော့ နုနယ်တယ်၊ မညီတတ်ဘူး။ ဒါပေမယ့် တနှစ်အထိမရိတ်ပါနဲ့။ ရိတ်ရင်းနဲ့ ထိခိုက်မိတဲ့အခါ ကလေးခေါင်းကနေတဆင့်ပိုးဝင်နိုင်ပါတယ်။ ကလေးတွေမှာ ဦးခေါင်းခွံက တစ်နှစ်အထိ မပိတ်သေးပါဘူး။ ပိုးဝင်ရင် ဦးနှောက်အထိတန်းရောက်နိုင်ပါတယ်။ ဆံပင်ထူရင် ပါးပေးပါ တိပေးပါ။ မွေးဆံပင်တောက်လျှောက်ထားလည်းရတယ်။ ရိတ်ချင်တယ်ဆိုရင်တော့ တစ်နှစ်ထိစောင့်ရပါမယ်။
မွေးစကလေးတွေမှာ မျက်နှာမှာ အနီဖုလေးတွေ ထွက်တတ်ပါတယ်။ မွေးပြီးတစ်ပတ်လောက်ထိ ပိုသိသာတယ်။ ရေမြွှာနဲ့ထိလို့ဖြစ်တာတွေလည်းပါပါတယ်။ ကလေးတခြားဘာမှ မဖြစ်ဘူးဆို ထားလို့ရပါတယ်။ ဘာမှလိမ်းစရာမလိုပါဘူး။ အလိုလိုပျောက်တတ်ပါတယ်။ တစ်ချို့တွေကတော့ mupirocin ointment လိမ်းကြတယ်။ လိမ်းဖို့လိုမလိုကတော့ ကလေးဆရာဝန်နဲ့တိုင်ပင်ပါ။ မွေးစကလေးတွေရဲ့ အသားကနုနယ်တော့ အသက် ၆လ ပြည့်တဲ့ အထိ ဘာမှမလိမ်းတာပိုကောင်းပါတယ်။ မတည့်တာတွေဖြစ်လာခဲ့ရငိ ကလေးတွေ ပိုခံစားရလို့ပါ။ သနပ်ခါး မလိုဘဲမလိမ်းရပါဘူး။ လိမ်းဖြစ်တယ်ဆိုလည်း ရေကျဲလောက်ပဲ စပြီးလိမ်းပါ။ အသားလည်း ခြောက်တတ်ပါတယ်။
မွေးစကလေးတွေကို ကိုင်တွယ်တော့မယ်ဆို ဘယ်သူပဲဖြစ်ပါစေ လက်ကိုအရင်ဆုံးသေချာဆေးကြောရပါမယ်။ အပြင်ကပြန်လာတာနဲ့ တန်းကိုင်လို့မရပါဘူး။ ကလေးလေးချစ်တယ်ဆိုပြီးလည်း လာသမျှ ဧည့်သည်က နမ်းနေလို့မရပါဘူး။ ရောဂါပိုးတွေ ကူးနိုင်ပါတယ်။ ကလေးလေးချစ်စရာလေးဆိုပြီး ပါးလည်းမဆွဲစေချင်ပါဘူး။ ပါးဆွဲတာများလာရင် သွားရည်တွေ ပိုကျတတ်ပါတယ်။
ကလေးငယ်တွေကို ဖျားမှာစိုးလို့ဆိုပြီး ဆေးကြိုပြီးမတိုက်ပါနဲ့။ တစ်ချို့တွေကလေးကာကွယ်ဆေးထိုးရင်ဖျားတတ်လို့ အဖျားကျဆေး ကြိုတိုက်တတ်ကြပါတယ်။ မလိုပါဘူး။ အဖျားသိပ်မကြီးရင် ရေပတ်လောက်ပဲ တိုက်ပေးလို့ရပါတယ်။ အပူကြီးတဲ့အခါမှသာ အဖျားကျဆေး သတ်မှတ်ထားသလောက် တိုက်ပေးဖို့လိုတတ်ပါတယ်။
ကလေးငယ်တွေ ချက်မကြွေခင်မှာ ချက်ထဲ ဘာမှမထည့်ပေးပါနဲ့။ ကလေးငယ်ရဲ့ ချက်က မကျက်သလိုလို စိုစိစိဖြစ်နေတယ် သွေးစို့နေတယ် ထင်ရင် ကလေးဆရာဝန်နဲ့ ပြပေးပါ။ ချက်ထဲမှာ အသားလုံးလိုဖြစ်တတ်တယ်။ ဆရာဝန်ကဆေးတို့ပေးပါလိမ့်မယ်။ တခါတည်းမရရင်နောက်တခါထပ်ချိန်းပါလိမ့်မယ်။ ကိုယ့်အိမ်မှာ ဘာမှ ထပ်လုပ်စရာမလိုပါဘူး။
Author: Dr. CST