မေး- နှစ်စဉ်လူဘယ်နှစ်ဦးရောဂါဖြစ်ပါသလဲ။
ဖြေ- နှစ်စဉ်လူသန်း (၅၀)မှ (၁၀၀)ခန့် သွေးလွန်တုပ်ကွေး ကူးစက်ခံရပါတယ်။ နိုင်ငံပေါင်း (၁၀၀)ကျော်မှာ ကပ်ရောဂါသဖွယ်ဖြစ်နေပါတယ်။
မေး- ရောဂါရဲ့ သဘောသဘာဝကဘာလဲ။
ဖြေ- အပူပိုင်းဒေသမှာဖြစ်တဲ့ ရောဂါပါ။ DENGUE VIRUS ကြောင့်ဖြစ်ပြီး၊ အဲဒီရောဂါပိုးကို သယ်ဆောင်ပေးတဲ့ အရာကတော့ ခြင်တွေဖြစ်ပါတယ်။ ခြင်ထဲမှာ ခြင်ကျား၊ ခြင်ကျားဆိုပြီးရှိရာ Aedes egypti ဆိုတဲ့ခြင်များ ကတော့ကူးစက်ပါတယ်။
မေး- ရောဂါရဲ့ လက္ခဏာတွေကဘာလဲ။
ဖြေ- ရောဂါပိုးကူးစက်ခံရသူဟာ အများအားဖြင့် ရောဂါလက္ခဏာမပြတာ (သို့) သာမန်အဖျားလက္ခဏာသာပြ တတ်ပါတယ်။ တချို့ကတော့ ပိုပြင်းထန်တဲ့ ဖျားနာမှုဖြစ်တာ၊ တချို့အနည်းစုမှာတော့ အသက်အန္တရာယ်ဖြစ်စေ တဲ့အထိ ရောဂါဖြစ်တတ်ပါတယ်။ ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး ၄-၁၄ ရက်ကြာမှာ ရောဂါလက္ခဏာစပြတတ်ပါ တယ်။ အဲဒီ ၄-၁၄ ရက်ဆိုတာ ပိုးမွေးချိန်လို့ခေါ်ပါတယ်။ တချို့လည်း ၄-၇ ရက်ပဲရှိပါတယ်။ ရောဂါဖြစ်ပွားလေ့ ရှိတဲ့ ဒေသဖြစ်တဲ့အပူပိုင်းဒေသကို ခရီးထွက်ရာမှာ ပြန်လာပြီး ၁၄ ရက်အတွင်း ရောဂါလက္ခဏာမပြရင် သွေးလွန်တုပ်ကွေး ကူးစက်ခံရခြင်းမရှိဘူးလို့ ယူဆနိုင်ပါတယ်။
မေး- ရောဂါလက္ခဏာရဲ့ ဖြစ်စဉ်ကို သိလိုပါတယ်။
ဖြေ- (၃)ပိုင်းရှိပါတယ်။ ရိုးရိုးဖျားနာတာရယ်။ အရေးကြီးတဲ့ ကာလရယ်နဲ့ နာလန်ထကာလဆိုပြီး သုံးပိုင်းခွဲထား ပါတယ်။
ရိုးရိုးဖျားနာတယ်ဆိုတာ အဖျားကြီးပြီး မကြာခဏ ၁၀၄ ဒီဂရီဖာရင်ဟိုက်အထိ အပူရှိန်ရှိတတ်ပြီး ကိုယ်လက်နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းစတာတွေဟာ ၂-၇ ရက်အထိဖြစ်တတ်ပါတယ်။ အရေပြားနီခြင်း၊ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်လို့ သွေးခြေဥ (သို့) အနီစက်လေးတွေပေါ်တတ်ပါတယ်။ ဒါ့အပြင် ပါးစပ်နဲ့ နှာခေါင်းကနေ သွေးအနည်း ငယ်ထွက်တတ်ပါတယ်။
အရေးကြီးကာလဆိုတာ ဆံချည်မျှင်သွေးကြောလေးတွေ ပေါက်တာတွေများတဲ့အတွက် သွေးရည် ကြည်ဆုံးရှုံးမှုတွေ ဖြစ်လာပါတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့် သွေးကြောနံရံ ထိခိုက်မိတဲ့အတွက် ခုလိုဖြစ်ရတာပါ။ အဲဒီအခါမှာ သွေးရည်ကြည်နည်းတဲ့အတွက် သွေးပေါင်ကျတာတို့ ခန္ဓာကိုယ်ရဲ့ အဓိကဝမ်း တွင်းကလီစာဆီကို သွေးရောက်မှုနည်းတာတို့ ဖြစ်တတ်ပါတယ်။
သွေးကြောနံရံပျက်စီးမှုကို ပြုပြင်လို့တော့မရပေမယ့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်စက်မှုတော့ လုပ်နေရပါမယ်။ အဲဒီလိုနဲ့ သူ့ရဲ့သတ်မှတ်ချိန် ကျော်လွန်သွားရင် သွေးကြောအပြင်ကို ရောက်နေတဲ့ သွေးရည် ကြည်တွေဟာ သွေးကြောတွင်းတစ်ဖန်ပြန်ဝင်ပြီး နာလန်ထကာလကို ရောက်သွားပါတယ်။ လူနာလည်းသက် သာလာပါတယ်။ တစ်ခု သတိထားရမှာကပြင်းထန်ရောဂါဖြစ်နေချိန်မှာ သွေးပေါက်ကျတဲ့အတွက် လိုအပ်တဲ့ ဇောက်ထိုးပုလင်း ချိတ်တာတွေလုပ်တဲ့အတွက် အရည်ဓာတ်ပမာဏက များနေတတ်ပါတယ်။ အဲဒီအရည်ဓာတ် များတာဟာ ဦးနှောက်ကို သက်ရောက်မှုရှိလျှင် တက်တာတွေဖြစ်တတ်ပါတယ်။
မေး- ရောဂါကူးစက်ခံရပုံကို သိလိုပါတယ်။
ဖြေ- ခြင်ကျားဆိုတာ ပုံမှန်အားဖြင့် မြောက်လတ္တီတွင် (၃၅)ဒီဂရီနဲ့ တောင်လတ္တီတွင် (၃၅)ဒီဂရီ၊ ပင်လယ်ရေ မျက်နှာပြင်အောက် (၁၀၀၀)မီတာ၊ (၃၃၀၀)ပေတွင် နေထိုင်ပါတယ်။ နေ့ဖက်တွင် ကိုက်တတ်ပြီးခြင်တစ်ချက် ကလေးကိုက်တာနဲ့တင် ကူးစက်တတ်ပါတယ်။
ခြင်ဟာ ပထမရောဂါရှိတဲ့ လူရဲ့သွေးကိုစုပ်တယ်။ ပြီးတော့ သူ့ရဲ့တံတွေးဂလင်းထဲမှာ အဲဒီပိုးကို စုထားတယ်။ နောက်တစ်ခါ အဲဒီပိုးကို သွန်ချခဲ့ပြီးမှနောက်ပြီး သွေးပြန်စုပ်ပါတယ်။ လူ့သွေးဟာခြင်ရဲ့ မျိုးဥတွေ အတွက် အာဟာရဖြစ်စေပါတယ်။ ခြင်မှာ အဲဒီရောဂါပိုးဝင်နေသော်လည်း ခြင်က အဲဒီရောဂါမခံစားရပါ။ ခြင်ရဲ့ မျိုးဥတွေကို စွတ်စို အရိပ်ရတဲ့နေရာမှာ ဥ ဥလေ့ရှိပါတယ်။ ခြုံနွယ်ပိတ်ပေါင်းတွေ ရေဝပ်နေတဲ့ တာယာ၊ ရေပုံး၊ ရေကန်တွေဟာ ခြင်ပေါက်ပွားဖို့ ကောင်းတဲ့နေရာတွေပါ။ စီးဆင်းနေတဲ့ရေမြောင်း၊ သုံးနေတဲ့ရေတိုင်ကီ၊ စဥ့်အိုး တွေမှာ ခြင်မပေါက်ပွားပါဘူး။ ဒါကြောင့် ခြင်မပေါက်ပွားအောင် ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုတာတွေလုပ်ရပါတယ်။
မေး- ခြင်အပြင် တစ်ခြားအကြောင်းတွေကရော သွေးလွန်တုပ်ကွေးရောဂါ ကူးစက်တတ်ပါသလား။
ဖြေ- ရောဂါကူးစက်ခံရတဲ့ သွေးကို သွင်းမိခြင်း၊ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်း လှူဒါန်းခြင်းကြောင့် ကူးစက်နိုင် သလို သန္ဓေသားအား ကူးစက်ခြင်းတောင် ဖြစ်တတ်ပါတယ်။ နို့စို့ကလေးများနှင့် ကလေးငယ်များတွင် ရောဂါပြင်းထန်စွာ ဖြစ်ပွားလေ့ရှိပါတယ်။ ထို့အပြင် ထူးခြားချက်မှာ အာဟာရဓာတ်မပြည့်ဝတဲ့ ကလေးနဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ နာတာရှည်ရောဂါဖြစ်နေသူ၊ ပန်းနာရင်ကြပ်ရောဂါနဲ့ ဆီးချိုရောဂါဖြစ်နေ သူတွေမှာဖြစ်ရင် အသက်အန္တရာယ်ရှိပါတယ်။
မေး- ရောဂါမဖြစ်အောင်ဘယ်လို ထိန်းချုပ်မလဲ။
ဖြေ- ခြင်မပေါက်ပွားအောင်ထိန်းချုပ်ခြင်းက အဓိကပါ။ ခြုံနွယ်ရှင်းလင်းခြင်း၊ ရေဝပ်၊ ရေသေမဖြစ်အောင် ရှင်းလင်းခြင်း၊ ရေထဲသို့ပိုးသတ်ဆေး (သို့) ဇီ၀ ထိန်းချုပ်ပစ္စည်းများထည့်ခြင်း၊ ခြင်ပေါက်ဖွားနိုင်တဲ့နေရာကို ပိုး သတ်ဆေးဖြန်းခြင်း၊ ခြင်ကိုက်မခံရအောင် လုံခြုံစွာဝတ်စားဆင်ယင်ခြင်း၊ ခြင်ထောင်ထောင်၍ အိပ်စက်ခြင်း၊ ခြင်အကိုက်မခံရလေအောင် လိမ်းဆေး (DEET) လိမ်းခြင်းများကို လုပ်နိုင်ပါတယ်။
Credit to Health Care Journal (Vol – 7 / No – 6 )