ခွဲမွေးတာဟာ လွယ်သလား
မိခင်တစ်ယောက်က ကလေးတစ်ယောက်ကို မီးဖွားဖို့အတွက် ရိုးရိုးမိန်းမကိုယ်လမ်းကြောင်းကနေ တဆင့်ညှစ်ပြီးမွေးတဲ့နည်းရှိသလို မေ့ဆေး သုံးပြီး ခွဲခန်းမှာ ဗိုက်ခွဲမွေးတဲ့နည်းလဲရှိပါတယ်။
အဲ့လိုနည်းလမ်း၂ မျိုးရှိတဲ့အနက်မှာ ရိုးရိုးညှစ်မွေးတဲ့အခါ နာကျင်မှုဒဏ်ခံစားရတာ ချွေးသီးချွေးပေါက်တွေကျတာ ညှစ်ရတာ အော်ဟစ်ညဉ်းညူရတာ တို့ကိုအပြင်ကလည်းကြားနေရတဲ့တချို့သောလူတွေက ရိုးရိုးညှစ်မွေးတဲ့မိခင်တွေက ပိုမိခင်ဆန်တယ်။ ကိုယ့်သားသမီးအတွက်အနာခံရဲတဲ့မိခင်တွေ သားသမီးကိုပိုချစ်တဲ့မိခင်တွေလို့ ယူဆပြီး ခွဲမွေးတဲ့မိခင်တွေကိုကျ အထင်မကြီးတာမျိုးတွေရှိပါတယ်။
ခွဲမွေးတာကျ မနာဘူး။ သက်တောင့်သက်သာနဲ့ပြီးသွားတာမျိုးလို့လည်း ထိုသူများကထင်ကြပါတယ်။ ဒါဟာအယူအဆမှားတစ်ခုပါ။ ဗိုက်ခွဲမွေးတာဟာ ထိုသူများထင်သလောက် လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ဗိုက်ခွဲတာဟာ အကြီးစားခွဲစိတ်မှုပါ။ အခက်အခဲတွေ အများကြီးရှိပါတယ်။ ဦးစွာ မိမိရဲ့ဗိုက်ကို အခွဲခံနိုင်ဖို့ သတ္တိနဲ့ခံနိုင်ရည် ရှိဖို့လိုပါတယ်။ နောက်ပြီးခွဲတဲ့အမာရွတ်ကလည်း ရေကူးဝတ်စုံဝတ်တဲ့အခါ ပေါ်ပါတယ်။ အဲ့အခါမှာ တချို့အလှအပကြိုက်သူတွေက နှာခေါင်းရှုံတာမျိုးတွေရှိတတ်ပါတယ်။
ခွဲခန်းထဲမှာ မိမိနဲ့ မိမိမသိတဲ့ဆရာဝန် သူနာပြုတွေပဲရှိပါမယ်။ မိမိတစ်ခါမှ မဝင်ဘူးတဲ့ ဓါးတွေကပ်ကြေးတွေ မီးအုပ်ဆောင်းတွေရှိတဲ့နေရာမှာ ကိုယ်ရဲ့ကလေးတွေကို လူ့လောကထဲရောက်ဖို့စိတ်နဲ့ သတ္တိကိုပဲအားကိုးပြီး ကြောက်ရွံမှုနဲ့ အထီးကျန်မှုကို အန်တုရတဲ့ မိခင်ရဲ့တိုက်ပွဲတစ်ခုလို့ဆိုရင်လည်း လွန်မယ်မထင်ပါဘူး။
ခွဲတဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့မေ့ဆေး၊ ထုံဆေးအန္တရာယ်၊ သွေးလွန်တဲ့အန္တရာယ် ၊တခြားအဂါင်္တွေကို ထိခိုက်နိုင်တဲ့ အန္တရာယ်တွေ၊ ခွဲပြီးဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို မခွဲခင်ကတည်းက ဆရာဝန်တွေက ကြိုတင်ရှင်းပြထားပြီး ထိုအန္တရာယ်များကို နားလည်လက်ခံပြီး သဘောတူမှသာ ဆရာဝန်တွေက ခွဲပေးတာပါ။ ထို့ကြောင့်မခွဲခင်မှာကတည်းက ခွဲမွေးမယ့်မိခင်များဟာ ထိုမသေချာမရေရာမှုတွေကို အသက်အန္တရာယ် ထိခိုက်နိုင်မှုတွေကို ကြိုသိပြီး စိတ်ပူရပါတယ်။
ခွဲနေစဉ်မှာ ထုံဆေးပေးထားလို့ မနာဘူးဆိုပေမယ့် (ခါးကို ထုံဆေးအထိုးခံရတာလည်း မစားသာပါဘူး)။ သတိရနေတဲ့အတွက် အခန်းထဲကလှုပ်ရှားမှုတွေကို သိနေရပါတယ်။ နောက်ပြီး မိမိရဲ့ဗိုက်အတွင်းကို နှိုက်နေမှန်းလည်း သိနေရတဲ့ခံစားမှုဟာလည်း တော်တော်လေးကို စိတ်မသက်မသာ ဖြစ်စေနိုင်ပါတယ်။
ခွဲပြီးတဲ့အခါမှာလည်း ခွဲတဲ့အမာရွတ်နေရာကနေ စူထွက်တာ (Incisional Hernia) ခွဲတဲ့အရာကပိုးဝင်ပြီး ပြန်ခွဲရတာ၊ နောက်ကိုယ်ဝန်မှာ ခွဲလမ်းကြောင်းကပွင့်ထွက်နိုင်တာ စတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေလည်းရှိပါတယ်။
ဘယ်လိုပဲခက်ခဲအန္တရာယ်ရှိပါစေ။ မိခင်တွေဟာ ကိုယ့်သားသမီးကို လူ့လောကထဲအောင်မြင်စွာ ခေါ်ဆောင်နိုင်ရန် စိတ်တစ်ခုထဲနဲ့ ဒီအန္တရာယ်တွေကို ကျော်ဖြတ်ကြပါတယ်။ မိမိရဲ့ကလေးကို မြင်လိုက်တာနဲ့ ပင်ပန်းခံစားခဲ့ရတဲ့ ဝေဒနာတွေဟာ ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ ပျောက်ကွယ်သွားကြရပါတယ်။
ဒီဆောင်းပါးကိုရေးရတဲ့ ရည်ရွယ်ချက်ကတော့ ခွဲပြီးမွေးတဲ့မိခင်တွေကို အထင်မသေးကြဖို့နဲ့၊ သူတို့ကို ရိုးရိုးမွေးတဲ့မိခင်တွေလောက် မိခင်မဆန်ဘူးလို့ ဗိုက်အနာမခံတဲ့အတွက် မိမိသားသမီးကိုမချစ်ဘူးလို့ မဝေဖန်ကြဖို့ပါ။
အဆုံးသတ်အနေနဲ့ပြောရရင် ရိုးရိုးမွေးတဲ့မိခင်ဟာလည်း ကိုယ့်သားသမီးတွေအပေါ်မှာ ငါးရာနှစ်ဆယ့်ရှစ် ပေးဆပ်အချစ်နဲ့ချစ်သလို ခွဲမွေးတဲ့မိခင်တွေဟာလည်း သူတို့သားသမီးတွေအပေါ်မှာ ဒီလိုမျိုးအချစ်နဲ့ပဲ ချစ်ကြပါတယ်။ သံတစ်ပိသာနဲ့ လဲမှို့ တစ်ပိသာ အတူတူပါပဲ။
မိခင်တိုင်းကို လေးစားကြပါလို့ အကြံပြုရင်း
Author : Dr 528