ကျော်စွာတစ်ယောက် အလုပ်ကအပြန် သမီးကို ကောက်ချီလိုက်သည်။ သမီးလေး ကိုယ်အလေးချိန်ကျသွားသည်ဟုထင်သည်။ သမီးဦးလေးမို့ ချစ်လိုက်ရတာမဝ။ အိမ်အပြန်နောက်ကျတတ်သော ကျော်စွာတစ်ယောက် သမီးမွေးပြီးမှ အိမ်ပြန်ချိန်မှန်လာသူ။
” သမီးလေး ကိုချီရတာ ပေါ့သွားသလိုပဲ မိန်းမ။ ”
ကြေးမှုန်တစ်ယောက် မီးပူတိုက်နေရင်း ကျော်စွာကို လှမ်းကြည့်လိုက်သည်။
” ဟုတ်တယ်တော်ရေ။ ရှင့်သမီးက အခုတလော ထမင်းလည်း သိပ်မစားဘူး။ နေကလည်း အရမ်းပူတယ်မဟုတ်လား။ ကလေးမပြောနဲ့ ကျွန်မလည်း ထမင်းမစားချင်ဘူး။ သမီးပဲ ကိုယ်အလေးချိန်ကျသွားတာမဟုတ်ဘူး။ ကျွန်မကိုယ်တိုင်လည်း ကိုယ်အလေးချိန်ကျသွားတယ်။
အင်္ကျီတွေတောင် ချောင်သွားတာသိသိသာသာကြီး။” ကျော်စွာတစ်ယောက် သမီးကို ချီကာ ကြေးမှုန်ဘေးဝင်ထိုင်လိုက်သည်။ အခုမှပဲ မိန်းမကိုသေသေချာချာကြည့်မိတော့သည်။ အလုပ်တွေများနေသည်နှင့် အိမ်က မိန်းမကို သတိမထားမိ။
” အားဆေးလေးဘာလေးမသောက်ဘူးလား ”
ကျော်စွာတစ်ယောက် ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ရင်း မိန်းမဖြစ်သူကို စိတ်မရှည်သလိုပြန်မေးလိုက်သည်။ သမီးက ကျော်စွာပေါင်ပေါ်တွင်ထိုင်နေသည်။
” ကျုပ်ရပ်ကွက်ဆေးခန်းမှာ ကလေးကို သွားပြပါတယ်။ သမီးကို အားဆေးလည်း တိုက်ပါတယ်။ “
” သမီးကိုတိုက်တာအပြင် မင်းလည်း အားဆေးလေးဘာလေး ဝယ်သောက်ဦး”
ကျော်စွာတစ်ယောက် မိန်းမဖြစ်သူကို အားမလိုမရဖြစ်သဖြင့် ပြောလိုက်သောအခါ အသံကားကျယ်သွားသည်။
”ရှင်ဝယ်ခဲ့ပါလား ” ကြေးမှုန်တစ်ယောက် ပြန်ပြောလိုက်သည်။
”ငါက ဆရာဝန်မှ မဟုတ်တာ ဘယ်သိမှာလဲ။ မင်းဘာသာ ဆေးခန်းက ဆရာဝန်သွားမေးပေါ့ ”
ကြေးမှုန်တစ်ယောက် ယောကျ်ားကို မျက်စောင်းလှမ်းထိုးလိုက်သည်။ ဂရုစိုက်ပြောဖော်ရတာကိုပဲ ကျေးဇူးတင်ရမလိုဖြစ်နေသည်။
မိုးတွင်းဝင်ခါစရောက်တော့ သမီးကလေးကား ဖျားတာနာတာရှိလာသည်။ တုပ်ကွေးရာသီမို့ ကိုကျော်လင်းတစ်ခါ ကြေးမှုန်တစ်ခါ တစ်လှည့်စီ ဖျားနေကြသည်။ သမီးကား တစ်လအတွင်း ဖျားတာ သုံးကြိမ်ရှိပြီ။
” ညနေကျရင်တော့ ကလေး အထူးကုနဲ့ ကလေးကို သွားပြမယ် ကိုကျော်လင်း။ စောစောပြန်ခဲ့နော်” မနက် အလုပ်သွားခါနီးပြင်ဆင်နေသော ကိုကျော်လင်းကိုအိမ်ကအထွက် လှမ်းမှာလိုက်သည်။
”အေးအေး ” စကားအမြန်ဖြတ်ကာ ထွက်သွားသော ကိုကျော်လင်းကို ငေးကြည့်ရင်း အချိန်မည်မျှကြာအောင် ရပ်နေမိသည်မသိ။ သမီးလေးငိုသံကြားမှ အိပ်ခန်းထဲပြေးဝင်မိသည်။ သမီးလေးကို ကောက်ချီလိုက်သည်။ သမီးသည် သိသိသာသာကို ကိုယ်အလေးချိန်ကျသွားသည်။ ပါးလေးများပင် ခြိမ့်သွားသည်ဟု ထင်သည်။ ထမင်းလည်း သိသိသာသာမစားတော့။
ချော့ကျွေးလည်းမရ ခြောက်ကျွေးလည်းမရ။
ညနေ ကိုကျော်လင်းပြန်လာတော့ ဆေးခန်းသို့ပြေးကြသည်။ ဆရာဝန်ကြီးမှ ကလေးအား စမ်းသပ်စစ်ဆေးကြည့်သည်။ အားလုံးစမ်းသပ်ပြီးတော့ ဆရာဝန်ကြီးမှ ထိုင်ခုန်ပေါ်ပြန်ထိုင်လိုက်သည်။ ကိုကျော်လင်းကား သမီးကိုချီထားသည်။ ဆရာဝန်ကြီးပြောမည့်စကားများကို စောင့်နေရသည်မှာ ရင်မောလှသည်ဟုထင်သည်။ ” ကလေးခဏခဏ ဖျားနေတာဟာ အဆုတ်တီဘီကြောင့်ဖြစ်တယ်လို့ ယူဆတယ်။ အတိအကျကြီးတော့လည်း ပြောလို့မရသေးတဲ့အတွက် ဆေးစစ်တာတွေ ဓာတ်မှန်ရိုက်တာတွေ လုပ်ရမယ်” ကြေးမှုန်ရင်ထဲ ဗလောင်ဆူသွားသည်ကား အမှန်ပင်ဖြစ်သည်။ သမီးကလေးမှာ တီဘီရောဂါများရှိနေပြီလား။ ”တီဘီ ရောဂါလို့ထင်နေတာပေါ့နော်။ အတိအကျကြီးတော့ မပြောနိုင်သေးဘူူးပေါ့နော် ” ကိုကျော်လင်း ဆရာဝန်ကြီးအား ကြားဖြတ်မေးလိုက်သည်။ ”ဟုတ်ပါတယ် ” ဆရာဝန်ကြီးစကားသံကြောင့် ကိုကျော်လင်းတစ်ယောက် သက်ပြင်း တစ်ချက်ခိုးချလိုက်သည်။ လိုအပ်သော စစ်ဆေးမှုတွေပြုလုပ်ပြီး နောက်နှစ်ရက်ကြာ ရက်ချိန်းပြန်ချိန်းလိုက်သည်။ သမီးလေး၏ လက်တွင်လည်း စမ်းသပ်မှုတစ်ခုပြုလုပ်လိုက်သည်။
နှစ်ရက်ကြာရက်ချိန်းတွင် ဆရာဝန်ကြီးနှင့် မတွေ့ခင် ကြေးမှုန်တစ်ယောက် ကြိတ်ဆုတောင်းနေမိသည်။ ဒီနှစ်ရက်တွင်လည်း အိပ်မပျော်။ သမီးလေးတွင် တီဘီရောဂါရှိနေပါက သမီးလေးသည် တီဘီဆေး ပြင်းပြင်းတွေကို သောက်ရမည်ဖြစ်သည်။ ကြေးမှုန်၏ ဆုတောင်းကား မပြည့်။ ရက်ချိန်းပြန်ပြသော နေ့တွင် သမီးတွင် တီဘီရောဂါရှိနေပြီဟု ဆရာဝန်ကြီး၏ ပြောစကားကား ကြေမှုန်တို့လင်မယားကို တုန်လှုပ်ခြောက်ခြားစေသည်။ “မိသားစုဝင်တွေဆီမှာ တီဘီရောဂါရှိမရှိ စစ်ဆေးကြည့်ရမယ်။ လူကြီးတစ်ယောက်ယောက်ဆီကနေကူးလာတာဖြစ်တယ်။ ” ဆရာဝန်ကြီး၏ ပြောစကား ကြောင့် ကြေးမှုန်တို့လင်မယားနှစ်ယောက်အပြင် နှစ်ဖက်မိသားစု ဝင်တွေ အားလုံးတီဘီရောဂါ ရှိမရှိစစ်ဆေးကြရသည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်တွင်မှ တီဘီရောဂါမရှိပါ။ ” မိသားစု ဝင်တွေ ဆီမှာ မရှိပေမဲ့ တီဘီရောဂါက တစ်ခြားတစ်ယောက်ယောက်ဆီကနေကူးစက်တာတော့ သေချာတယ်။ ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်မဟုတ်ပဲ တခြားတီဘီရောဂါဖြစ်နေတဲ့ သူစိမ်းတစ်ယောက်ယောက်ဆီကနေကူးတာဖြစ်နိုင်တယ်” ဆရာဝန်ကြီးက သေချာထပ်ရှင်းပြသည်။
“ဖြစ်နိုင်တယ်ဆရာ။ ကျွန်တော်တို့ ကလေးတစ်နှစ်ပြည့်မွေးနေ့ပွဲတုန်းက အလှူ လုပ်တယ်။ ဧည့်သည်တွေလည်း အများကြီးဖိတ်တယ်။ အဲဒီနေ့က ကလေးက ချစ်စရာကောင်းတော့ ဟိုလူက ကောက်ချီ ဒီလူက ကောက်ချီနဲ့ ပေါ့။ သမီးလေးက ချစ်စရာသိပ်ကောင်းတယ်နေတယ်လေဆရာ ” ကိုကျော်လင်းကားတွေးတွေးစစနှင့် စကားပြောသည်။ ”ဖြစ်နိုင်ပါတယ်။ ကလေးကို ချီရင်း ကူးသွားတာဖြစ်နိုင်ပါတယ်။ ”
လင်မယားနှစ်ယောက် လူတွေ အများကြီး ဖိတ်ပြီး အလှူလုပ်မိတာကိုပင် နောင်တရချင်သလိုလို ဖြစ်လာသည်။ သို့သော် ကိုယ်တွေ အားတင်းထားရဦးမည်။ ”သမီးလေးဆီကနေ ကျွန်တော်တို့လင်မယားကို တီဘီရောဂါ မကူးစက်အောင် ဘယ်လိုနေထိုင်ရမလဲ ဆရာ ” ကိုကျော်လင်းတစ်ယောက် ရင်နာနာနှင့်ပင်ဆရာဝန်ကြီးဆီမှ အကြံဉာဏ်ကို တောင်းခံလိုက်သည်။ ” ကလေးတွေမှာဖြစ်တတ်တဲ့ တီဘီရောဂါက လူကြီးတွေမှာ ဖြစ်တတ်တဲ့ တီဘီရောဂါနဲ့မတူပါဘူး။ တခြားလူကို မကူးစက်တတ်ပါဘူး။ ဒါကြောင့် ကလေးဆီကနေ မိဘတွေကို မကူးစက်နိုင်ပါဘူး။ စိတ်ချပါ။ ဒါပေမဲ့ လူကြီးတစ်ယောက်မှာ တီဘီရောဂါရှိနေရင်တော့ တခြားလူတွေကို ကူးစက်နိုင်ပါတယ်”
” ဟုတ်ကဲ့ပါဆရာ။ အခုလို စိတ်ရှည်ရှည်ရှင်းပြပေးတာကို ကျေးဇူးအထူးတင်ရှိပါတယ်”
ကိုကျော်လင်းကား သမီးကို ချီ၍ ဆေးခန်းထဲမှထွက်လာခဲ့သည်။ ကလေးသောက်ရမည့်ဆေးများကိုကြည့်၍ လင်မယားနှစ်ယောက်ရင်မောနေမိသည်။
သမီးလေးကားကိုကျော်လင်းလက်ပေါ်တွင် တစ်ခစ်ခစ်ရယ်နေသေးသည်။ သမီးကား အပူအပင်ကင်းမဲ့နေသလောက် ကြေးမှုတို့မှာတော့ အပူလုံး ရင်ထဲ ဆို့လျှက်။
Author: Dr.အေးချမ်းမိုး