မွေးစကနေ ကလေးအသက် တစ်နှစ်နှစ်နှစ်ရောက်တဲ့အထိ ဝမ်းပျက်တယ်ဆိုတာ ခဏခဏ ကြုံဖူးကြပါလိမ့်မယ်။ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းပျက်တာနဲ့ ရောဂါတစ်ခုခုကြောင့် ဝမ်းပျက်တာ ဆိုပြီးရှိပါတယ်။
ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝမ်းပျက်ခြင်းအကြောင်းကို ကြည့်ကြရအောင်ပါ။ကလေးတွေရဲ့ ဝမ်းက များသောအားဖြင့် ပျော့ပါတယ်။ မွေးစမှာတော့ဝမ်းအမဲပဲသွားတတ်ပါတယ်။ ငယ်ချီးမကုန်သေးလို့ပါ။ သုံးရက်လောက်နေမှ ဝမ်းအဝါရောင်သွားတာပါ။ မွေးစကလေးလေးတွေမှာ နို့စို့ပြီး တိုင်း ဆီးသွားလေ့ရှိပါတယ်။ ဝမ်းကတော့ တစ်နေ့ကို လေးငါးခါမကလည်းသွားတာလည်းရှိတယ်။ တစ်နေ့ကို တစ်ကြိမ်နှစ်ကြိမ်ပဲသွားတတ်တာလည်းရှိပါတယ်။
တစ်ချို့တွေကျတော့ အမေနို့မထွက်တာဖြစ်စေ၊ တခြားရောဂါတစ်ခုခုကြောင့်ဖြစ်စေ ကလေးကိုအမေနို့မတိုက်ဖြစ်ဘဲ နို့ဗူးတွေတိုက်ရတတ်တယ်။ ပုံမှန်က နို့ဗူးသောက်တဲ့ ကလေးတွေ ဝမ်းချုပ်သွားတတ်ကြတယ်။ ဒါပေမယ့် တစ်ချို့ကလေးတွေ မှာ lactose intolerance ဆိုတဲ့ နို့ထဲမှာပါတဲ့ သကြားဓာတ်တစ်မျိုး နဲ့မတည့်တာကြောင့် နို့သောက်ပြီးတိုင်း ဝမ်းနည်းနည်းစီသွားနေတတ်တယ်။ နို့မတိုက်ရင်အကောင်း နို့တိုက်ပြီး ဝမ်း ခဏခဏသွားနေတတ်တယ်။ ဒါမျိုးကြုံလာရင် အမေနို့ပြန်တိုက်နိုင်ရင်ပိုကောင်းပါတယ်။
နို့ဗူးတိုက်တဲ့အခါလည်း နို့ဗူးတွေသေချာပြုတ်ပေးဖို့လိုတယ်။ ရေသေချာဆေးဖို့လိုတယ်။ သုံးပြီးတာနဲ့တန်းဆေးဖို့လိုပါတယ်။ ပြီးမှ သေချာပြုတ်ပါ။ ရေဆူဆူမှာ ဆယ်မိနစ်လောက်တော့ ထားရပါမယ်။ အချိန်ပေးနိုင်ရင် နှစ်ရေပြုတ်ပါ။ ဆပ်ပြာနဲ့ဆေးတယ်ဆိုလည်း ဆပ်ပြာစင်တဲ့အထိ သေချာပြန်ဆေးဖို့လိုပါတယ်။
အမေနို့တိုက်တဲ့နေရာမှာလည်း ကလေးကိုနို့မတိုက်ခင် အမေတွေက နို့နှစ်ဖက်လုံးကိုရေနဲ့သေချာဆေးကြောရပါမယ်။ ဆပ်ပြာနဲ့ဆေးတယ်ဆိုလည်း ရေနဲ့စင်အောင်ပြန်ဆေးရပါမယ်။ လက်တွေလည်းသေချာဆေးကြောရပါမယ်။ ဒါမှပဲ ကလေးတွေနို့စို့တဲ့အခါ သန့်ရှင်းနေပါလိမ့်မယ်။
ရှေးလူကြီးတွေအယူရှိတတ်ကြတာလေးရှိပါတယ်။ ကလေးမှောက်ခါနီးလို့ ၊ကလေးထိုင်ခါနီးလို့၊ မတ်တပ်ရပ်ခါနီးလို့၊ လမ်းလျှောက်ခါနီးလို့၊ စကားပြောချင်လို့ ဝမ်းပျက်ချင်တယ်ဆိုတာလေးတွေပါ။ တကယ်ကတော့မဆိုင်ပါဘူး။ အဲလိုအခါလေးတွေတော့ဝမ်းပျက်တတ်တယ်။ ဘာကြောင့်လဲဆိုရင် ကလေးကတစ်ခုခုစမ်းတဲ့အခါ သူ့လက်နဲ့ထိန်းပြီလုပ်တတ်ကြတော့ လက်မှာ ဖုန်တွေ အညစ်အကြေးတွေကပ်ပါလာတတ်တယ်။ အဒီ့လက်က ပါးစပ်ထဲပြန်ထည့်မိတာတွေဆို ဝမ်းပျက်နိုင်ပါတယ်။ အဓိကကတော့ ကလေးလက်ကို သေသေချာချာဆေးကြောပေးဖို့ပါပဲ။
အမေနို့တိုက်နေတုန်းမှာ အမေကအစားအကုန်စားပေးရပါတယ်။ အပူအစပ်ကလွဲလို့ပါ။ ဒါမှ ကလေးလည်းဝမ်းချုပ်တာဝမ်းပျက်တာ မရှိအောင်ပါ။ ဖြည့်စွက်စာကျွေးတဲ့အခါ ပဲထည့်ကျွေးတဲ့နေ့ဆို ဝမ်းပိုလွယ်တတ်ပါတယ်။ ဒါမျိုးတွေကြောင့်ဖြစ်တာတွေက ပိုးသတ်ဆေးတွေ သောက်ဖို့ အမြဲမလိုတတ်ပါဘူး။ လက်သေချာဆေးမယ်။ ဖြစ်တတ်တာတွေသတိထားမယ်ဆို ကြိုတင်ကာကွယ်နိုင်ပါတယ်။
Author : Dr.CST