သားလေးအတွက်
စုလေးတစ်ယောက် လင်းကြက်တွန်သံကြောင့် အိပ်ယာမှ နိုးလာခဲ့သည်။ အရင်တုန်းကဆိုလျှင်တော့ မထသေးပဲ ပတ်ဝန်းကျင်မှအသံများကို နားထောင်ကာ အိပ်ယာထက်တွင် လူးလိမ့်နေမည်ဖြစ်သည်။ အခုတော့ ဘေးတွင် အိပ်နေသော သားကို စမ်းကြည့်လိုက်သည်။ သားကနှစ်ခြိုက်စွာအိပ်ပျော်နေသည်။
အမျိုးသားလည်း နိုးနေပုံ မပေါ်သေး။ အိပ်ယာမှ အသံမကြားအောင် ထလိုက်သည်။ မနက်ခင်း အစောကြီးထကာ သားအတွက် အစားအသောက်များ ပြင်ဆင်ရမည်ဖြစ်သည်။ မနက်ခင်းရောင်ခြည်ကား အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ ထွက်မလာသေး။
စုလေးတစ်ယောက် အသံမမြည်အောင် ခြေထောက်ကို ဖွဖွနင်းရင်း မီးဖိုချောင် တံခါးကို ဖွင့်ကာ တစ်နေ့တာ အလုပ်များကို စတင်လိုက်သည်။ ပထမဦးစွာ သားအတွက် ကြိတ်ထားသော ဆန်ကို ချက်ဖို့ပြင်သည်။ ကန်စွန်းဥ၊ မုန်လာဥနီ၊ အာလူး၊ ကြက်ဥတို့ကို ပြုတ်ရန်လည်း ပြင်ဆင်လိုက်သည်။ ကြက်သား ပေါင်းဖို့ကိုလည်း ပြင်ဆင်ရသည်။ သားစားဖို့ အသီးအနှံကိုလည်း ခြင်းတောင်းထဲ ထည့်ပေးလိုက်သည်။ အားလုံးပြင်ဆင်ပြီးပြီဆိုတော့ သားအတွက် စားသောက်ဖို့ရာ ပြင်ဆင်ရသည်။
အသက်ကိုးလကျော်နေပြီ ဖြစ်သော သားကို ဖြည့်စွက်စာကျွေးဖို့ ပြင်ဆင်ရသည်မှာ ပင်ပန်းသည်ဟု တစ်ခါတစ်လေထင်မိသည်။ မိခင်တစ်ယောက်အနေနှင့် သားအတွက်လည်း လုပ်ပေးချင်မိသည်။ သားအတွက် ပြင်ဆင်ပြီးပါက လင်မယားနှစ်ယောက် စလုံးအတွက် ထမင်းချိင့်ထည့်ရန် ပြင်ဆင်ရပြန်သည်။ မနက် ရး၀၀ လောက်တွင်တော့ အမျိူးသားရော သားရော နိုးလာကြပြီ။ ရုံးသွင်းရန် အမြန် ပြင်ဆင်ပြီး သားကို မိဘအိမ်ပို့ရန် ပြင်ဆင်ရပြန်သည်။ သားကို နို့တိုက်ကာ မိဘအိမ်သို့ သွားပို့လိုက်သည်။ တစ်နေ့လုံးစာ သားစားဖို့ ကိစ္စများကို အမေ့အား သေချာမှာနေရသည်။
” ငါလည်း ကလေးတွေ မွေးဖူးတဲ့သူပါ။ နင့်ကလေးမှ သည်းသည်းလှုပ်ဖြစ်နေလိုက်တာ” အမေပြောသော စကားများကို ဘာစကားမှ ခွန်းတုံ့မပြန်ပဲ အိမ်သို့ အမြန်ပြန်ပြေးလာလိုက်သည်။ ရုံးသို့အချိန်မှီရောက်ရန် ပြင်ဆင်ရဦးမည်။မနက်ရုံးရောက်တော့ ခြေပစ်လက်ပစ်ထိုင်မိသည်။ခဏတဖြုတ်အနားယူကာအလုပ်များလုပ်နေမိသည်။ နေ့ခင်း ထမင်းစားချိန်ရောက်တော့နားချိန်ရသည်။အိမ်အကြောင်း သားသမီး များအကြောင်းပြောရင်း စုတို့ လုပ်ဖော်ကိုင်ဖက်တွေ ထမင်းစုစားကြသည်။ စုဖုန်းထဲမှ သား၏ ဓာတ်ပုံများကို ကြည့်၍ စု သူငယ်ချင်းများက စုသားကို ချစ်ကြသည်။
“စုသားလေးက ချစ်ဖို့ကောင်းလိုက်တာနော်။ အသက် ကိုးလသာကျော်လို့ သာ ပြောတယ်၊ ၀၀ ပြည့်ပြည့်ဖြိုးဖြိုးလေး။ ” တခြားသူတွေ ၏ ပြောစကားကြောင့် စုတစ်ယောက် ကျေနပ်မိသည်။ စုကား သားကို ဂရုစိုက်သော အမေပင်။ တစ်နေ့ တစ်နေ့ သားစားဖို့ မနက်အစောကြီးထပြီး ပြင်ဆင်နေရသည်။ ကိုယ်တွေ လင်မယားတောင် ရုံးထမင်းချိင့်ကို အမြန်လုပ်ရသည်။ သားအတွက် တော့အားလုံးလိုလို အဆင်ပြေ ချောမောစေသည်။ ဒီလိုစကားများကြားရသောအခါ အမောပြေသည်ဟု ထင်သည်။
” စုသားလေးကို ကြည့်ရတာ အားရလိုက်တာ။ လင်းသမီးဆိုရင် အစားသေချာမစားဘူး။ စုသားလေးလိုလည်း မဟုတ်ဘူး။ ပိန်တယ် စုရယ်” လင်းလင်းကား ဝမ်းနည်းစကားဆိုသည်။ “လင်းလင်း သမီးက တစ်နှစ်ကျော်ပြီမဟုတ်လား ”
” ဟုတ်တယ် လင်းသမီးက တစ်နှစ်ကျော်ပြီ။ ဒါပေမဲ့ စုသားလေးလောက်တောင် မဖွံဖြိုးဘူး”
” ဟုတ်လား” စုတစ်ယောက် အံသြ ၍ ပြန်မေးလိုက်သည်။
လင်းလင်းကား သူ့ဖုန်းထဲမှ သူ့ သမီး ဓာတ်ပုံများကို ထုတ်ပြသည်။ ဟုတ်ပါသည။ လင်းသမီးလေးကားတစ်နှစ်ကျော်ဆိုပေမဲ့ ပိန်ပိန် ညှပ်ညှပ်လေးဖြစ်နေသည်။ စုသားလေးလောက် ပြည့်ပြည့်ဖြိုးဖြိုး မဖြစ်။” အစားမစားလို့လား လင်းလင်း”
“စားတော့ စားပါတယ်။ ဒါပေမဲ့ ထမင်းကို မက်မက်စက်စက်ကြီး မစားဘူး။ ”
” စုကတော့ စုသားစားဖို့ကို သေသေချာချာ လုပ်ပေးတယ်။ သူစားသင့်တဲ့ အသားငါးကို မနက် သေချာ လုပ်ပေးပြီး အမေ့အိမ်ပို့ပေးခဲ့တယ်။ ”
” မနက်အစောကြီးထပြီးလုပ်ပေးရတာ စု မပင်ပန်းဘူးလား” လင်းကား စုအား မေးခွန်းထုတ်လိုက်သည်။
“ပင်တော့ ပင်ပန်းတောပေါ့။ ဒီလိုမလုပ်ပေးရင်အမေက နေ့လည်ကျရင် သူတို့စားတဲ့ အတိုင်းကျွေးနေမှာစိုးလို့ပါ။ ကလေးကငယ်သေးတယ်လေ။ သူ့အတွက်အမကတော့ သီးသန့်ချက်ပေးတယ်။ ကြက်သားဆိုရင်လည်း သေသေချာချာနူးနေအောင် လုပ်ပေးတယ်။ ငါးဆိုရင်လည်း သေသေချာချာပေါင်းတယ်။ အာလူး၊ မုန်လာဥနီတို့ ကန်စွန်းဥ ကြက်ဥတို့လည်း မနက်ဆိုရင် နူးနေအောင်ပေါင်းတယ်။ ကလေးကို ကျွေးဖို့ အားလုံး အဆင်သင့်လုပ်ပြီးမှ အမေ့အိမ်ကို ပို့လိုက်တာ။ သားစားဖို့ အသီးအနှံတစ်မျိုး ချင်းစီကိုလည်း တစ်နေ့တစ်မျိုးထည့်ပေးလိုက်တယ်။
အိမ်မှာ အမေတို့က ကလေးကို ကျွေးရုံပဲ။ စုက အားလုံးလုပ်ပေးလိုက်တာ ။ မနက်အိပ်ယာနိုးရင် တစ်ခါ ညနေ ရုံးဆင်းချိန်တွေမှာ တော့ ကလေးကို နို့တိုက်ပါတယ်။ကျန်အချိန်တွေမှာ တော့ ဖြည့်စွက်စာ ကျွေးနေပြီ” စုတစ်ယောက် သားအတွက် လုပ်ပေးနေသည်များကို ဂုဏ်ယူစွာ ပြောနေမိသည်။ သားအတွက် လုပ်ပေးခွင့်ရသည်ကိုလည်း ကျေနပ်သည်။
“စုက အားလုံးလုပ်ပေးလိုက်တာကိုး။ ပင်ပန်းမှာပဲ ” လင်းကား စုကို စိတ်ထဲမှ ကျိတ်၍ ချီးကျူးနေမိသည်။
“ပင်တော့ ပင်ပန်းတာပေါ့။ ဒါပေမဲ့သားအတွက်ပဲလေ။ ”
“လင်းကတော့ လင်းသမီးအတွက် မနက်ဆိုရင် ဘာမှ မလုပ်ပေးခဲ့ဘူး။ အိမ်မှာပဲ အမေနဲ့ အဒေါ်တွေက အကုန်လုပ်ပေးနေတာ။ အိမ်မှာ သမီးအတွက် လင်းက ဘာမှ လုပ်ပေးစရာမလိုဘူး။ အမေတို့ အဒေါ်တို့က လင်း ကိုတောင် ဒီအရွယ်ထိရောက်အောင် စောင့်ရှောက်လာတာ လင်းသမီးကိုလည်း သူတို့ စောင့်ရှောက်နိုင်တယ်လို့ပြောလို့ပါ။ လင်းကိုယ်တိုင်ကလည်း ဒါမျိုးတွေ သိပ်မလုပ်တတ်ဘူး. ” လင်းကား ပွင့်ပွင့်လင်းလင်းပင် ပြောပြသည်။
” ဟောတော့” ဘေးနားတွင် ရပ်နေသော အပျိုကြီးဒေါ်တင်က အလန့်တကြားဖြစ်သွားသည်။
“ကလေးက ထမင်းတွေ ဘာတွေရောစားရဲ့လား။ ”
” စားပါတယ် စုရယ်။ ဒါပေမဲ့ ကလေးက ခဏခဏတော့ ဖျားတယ်။ အခုတောင် ခြောက်လရှိပြီ။ ကလေးက weight တက်မလာဘူး။ တန်းနေတယ်။ လွန်ခဲ့တဲ့ ခြောက်လက weight အတိုင်းဖြစ်နေလို့ လင်းတို့ စိုးရိမ်နေတယ်။ ဆရာဝန်သွားပြတော့ ကလေးကို အစာပုံမှန်ကျွေးပါလို့ပြောတယ်။ အမေတို့က လည်း သူတို့ ကလေးကို အစာပုံမှန်ကျွေးနေတာပဲလို့ပြောတယ်။ ဒါပေမဲ့ ကလေးက weight တက်မလာဘူး”
လင်းလင်းပြောစကားကြောင့် စုတစ်ယောက် မျက်လုံးပြူးသွားတော့သည်။ ” ကလေးတစ်ယောက် ခြောက်လတိတိ weight တက်မလာဘူးဆိုရင် ပေါ့လို့မဖြစ်ဘူး နော် လင်း။ ကလေး ဆရာဝန်တစ် ယောက်ယောက်နဲ့သေသေချာချာ တိုင်ပင်ကုသသင့်တယ်။ ကလေး တစ်ယောက် အစားပုံမှန်မစားလို့လားဆိုတာကိုလည်း စဉ်းစားကြည့်သင့်တယ်။ လင်း အိမ်မှာ ရှိတဲ့အချိန်မှာ ရော ကလေးက အစားစားလား။ ”
” စားတော့ စားပါတယ်။ ဒါပေမဲ့ ကလေးက ထမင်းထက် သားရည်စာတွေ ပိုကြိုက်တယ်။ အအေးတွေလည်း ကြိုက်တယ်။ ရေခဲရည် အအေးတို့ဆိုတာ သူ့အကြိုက်တွေပေ့ါ။ ”
“ကလေးကို သားရည်စာကျွေးလို့ရပါတယ်။ ဒါပေမဲ့အလွန်အကျွံမကျွေးရဘူး လင်း။ စုတို့အိမ်ဘေးမှာလည်း ကလေးတစ်ယောက်ရှိတယ်။ ကလေးမိဘနှစ်ပါးစလုံးက စုတို့လိုပဲ ရုံးသမားဆိုတော့ ကလေးကို ကလေးထိန်းနဲ့ အိမ်မှာ ထားခဲ့ရတယ်။ ကလေးထိန်းကလေး ကလည်း ကလေးကို အရမ်းချစ်ပါတယ်။ ကလေးကို လည်း ဂရုစိုက်ပါတယ်။ ကလေးကို လည်း ထမင်းတွေ ဘာတွေ ကျွေးပါတယ်။ ဒါပေမဲ့ ကလေးထိန်းဆိုတော့ ပညာလည်း သိပ်မတတ်ဘူးလေ။ စုတို့လို ကလေးကို အာဟာရ ရှိအောင် မကျွေးတတ်ဘူးပေါ့။ ကလေးကို ထမင်းနဲ့ဟင်းနဲ့ အမြဲကျွေးတယ်။
ကလေးအမေက မနက်ပိုင်းချက်ထားခဲ့တယ်။ နေ့လည်ဖက်ဆိုရင် ကလေးကို သားရည်စာတွေ ကျွေးတယ်။ ငါးမုန့်ကြော်တို့ အာလူးကြော်တို့ကို သိပ်စားတာပေါ့။ပြီးတော့လည်း ကလေးက လင်းက လေးလိုအချိုရည်တွေသိပ်သောက်တယ်။ ကလေးက အာဟာရသိပ်မရှိတော့ခဏခဏဖျားတယ်။ ကလေးက ကိုယ်အလေးချိန်တိုးမလာတဲ့အပြင် ကိုယ်အလေးချိန်တောင် ကျသွားတယ်။ ” စုကား ဘေးအိမ်မှ ကလေးအကြောင်းပြောပြနေမိသည်။
“လင်းသမီးက ကိုယ်အလေးချိန် ကျတော့ မသွားပါဘူး။ တိုးမလာတာပဲရှိတာ။ ”
” ကိုယ်အလေးချိန် ကျသွားတာတော့ ပိုဆိုးရိမ်ရတာပေါ့။ တိုးမလာတာလည်း သိပ်တော့မကောင်းဘူး။ ဆရာဝန်တွေ ပြကြည့်ပါဦး”
” လင်းဒီတစ်ပတ် ရုံးပိတ်ရက်ကျရင် ကလေးကို ဆေးခန်းသွားပြလိုက်ပါဦးမယ် စုရေ။ ခုလိုအကြံပေးတဲ့ အတွက် ကျေးဇူးပါ”
” ရပါတယ်။ လင်းရယ်။ ဒီခေတ်ကြီးထဲမှာ ကိုယ်တွေက အလုပ်လုပ်နေရတော့ ကလေး တွေကို ပြုစုဖို့ တခြားသူတွေကို အားကိုးရတာပဲ။ ကိုယ့်ကလေးကို မိခင်တိုင်း ကိုယ်ကိုယ်တိုင်ပဲ ပြုစု ပျိုးထောင်ချင်တာပါ။ ဒါကို စုနားလည်ပါတယ်။ ဒါပေမဲ့ ဘဝမှာ ဒီလိုပဲ ကြိုးစားရတာပေါ့။ ကလေးတွေအတွက် နည်းနည်းလောက် အပင်ပန်းခံလိုက်ရင် အားလုံး အဆင်ပြေသွားမှာပါ။
အခုလိုမျိူး ဖြည့်စွက်စွာ ကျွေးတဲ့အချိန်မှ သတိထားရတယ် လင်းရယ်။ အာဟာရ ပြည့်စုံမှ ကလေးတွေက မဖျားမနာကြမှာ”
“လင်းလည်း စုလိုမျိုး သမီးကို လုပ်ကျွေးကြည့်ပါဦးမယ် စုရယ်။ ကြိုးစားပြီးလုပ်ကြည့်ရမှာပဲ ”
“ကြိုးစားကြည့်ပေါ့လင်းရယ်။ အအေးတွေလည်း မတိုက်နဲ့ဦးနော် ”
” ဟုတ်ကဲ့ပါ စုရေ လင်းကြိုးစားကြည့်ပါမယ်။”
လင်းကား စုကို ကတိပေးပြီး သူ့စားပွဲသို့ပြန်သွားသည်။ စုကား ညနေ ရုံးဆင်းလျှင် သားအတွက် ဝယ်စရာရှိသည်များကို ဝယ်ရန်တွေးတောနေမိသည်။ လင်းကား အိမ်တွင်အမေနှင့်အဒေါ်များကို ပြောရန် စကားလုံးများ စဉ်းစားနေသည်။ လင်းတစ်ယောက် ရင်မော၍ သက်ပြင်း ခဏခဏ ချနေသံကို စုတို့အားလုံး အတိုင်းသားကြားနေမိသည်။
Author : Dr. အေးချမ်းမိုး