တစ်နေ့သော ညနေခင်းတွင် လွန်စွာ အမေးအမြန်းထူလှသော ဝတ်ဆန်ဆိုတဲ့ ကလေးမ ဇီဝကဆေးခန်းဆီ ခြေဦးလှည့်လာပြန်ချေသည်။
ဝတ်ဆန်။ ။ဆရာ နေကောင်းလား ၊မတွေ့တာကြာပြီနော်။
ဇီဝက ။ ။အေး ၊ကောင်းပါ့။ဆိုစမ်းပါဦး လာရင်း ကိစ္စ။
ဝတ်ဆန်။ ။ညီမလည်း ကိုယ့်အလုပ်နဲ့ကိုယ် ဆိုတော့ ဆရာ့ဆီ မရောက်ဖြစ်တာ။ အခုက ဆရာ့ကို မေးချင်တာလေးတွေ ရှိလို့၊အခု မေးလို့အဆင်ပြေရဲ့လား ၊ဆရာ။
ဇီဝက ။ ။အေးပါ ၊ ရပါတယ်။မေး ၊ မေး။
ဝတ်ဆန်။ ။ဟုတ် ၊ညီမ အမဝမ်းကွဲ တစ်ယောက် ခုမီးဖွားပြီးတာ ၁ပတ်ကျော်ပြီနို့ မထွက်သေးလို့။ အဲတာ ကလေးကို နွားနို့တိုက်တာ ကောင်းမလား၊ နို့ဘူးတိုက်တာ ကောင်းမလား၊ ဘာက ပိုကောင်းမလဲ သိချင်လို့ ပါဆရာ။ အဲ့တာ ဆရာ့ဆီ အပူလာကပ်တာ။
ဇီဝက ။ ။နို့မထွက်လို့ မိခင်နို့အစား တိုက်ရင်လည်း တိရိစ္ဆာန်တွေက ရတဲ့နို့တွေကို မတိုက်သင့်ဘူးဟ။နို့ဘူးက ပိုကောင်းတယ်။ အထူးသဖြင့် ခုလို မွေးစအရွယ် ၊ ၁နှစ်အောက် ကလေးတွေဆို ပိုပြီး မတိုက်သင့်ဘူး။
ဝတ်ဆန်။ ။ဘာဖြစ်လို့လဲ ဆရာ။
ဇီဝက ။ ။ဘာလို့လဲဆိုရင် ကလေးတွေဟာ ဒီအရွယ်တွေမှာ နွားနို့ကို ကောင်းကောင်း မချေဖျက်နိုင်သေးဘူး ဟ။ ဒါ့အပြင် နွားနို့ထဲမှာ ပါတဲ့ များပြားလှတဲ့ ပရိုတင်း အသားဓာတ်တွေနဲ့ minerals လို့ခေါ်တဲ့ သတ္တုဓာတ်တွေဟာ ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ ကလေးရဲ့ ကျောက်ကပ်ကို ဝန်ပိစေတယ် ကွ။
ဝတ်ဆန်။ ။ကျောက်ကပ်ဝန်ပိရင် ဘာတွေ ဆက်ဖြစ်နိုင်သလဲ ၊ဆရာ။
ဇီဝက ။ ။ကျောက်ကပ် ဝန်ပိရင် ဘာတွေဖြစ်မလဲ ဆိုရင် ကြာလာရင် ကျောက်ကပ် ပျက်မယ် ဟာ။ကျောက်ကပ်ပျက်ရင် ဖောမယ် ရောင်မယ် ၊ ဆီးဒုက္ခတွေ ရောက်မယ်။ အထူးသဖြင့် ကလေးဖျားတဲ့အချိန် ၊ ဝမ်းလျောနေချိန်ဆို ကျောက်ကပ် ပိုထိနိုင်တယ်။
ဝတ်ဆန်။ ။ တခြား ရော ဘာတွေ ဖြစ်နိုင်သေးလဲ ၊ဆရာ။
ဇီဝက ။ ။ တခြား ဘာတွေ ဖြစ်နိုင်သေးလဲ ဆိုရင် နွားနို့မှာ သံဓာတ် မပါတဲ့အတွက် သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းမယ်။ ဒါ့အပြင် နွားနို့ထဲက များပြားလှတဲ့ ပရိုတင်း ဓာတ်တွေဟာ ကလေးရဲ့ အူလမ်းကြောင်းနံရံကို စားတဲ့အခါ ဝမ်းသွားသွေးပါပြီး သံဓာတ် ချို့တဲ့ သွေးအားနည်းနိုင်သေးတယ်။
နောက်ပြီး ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးရာမှာ ထောက်ကူပေးမယ့် အဆီဓာတ် အမျိုးအစားဟာ နွားနို့မှာ မပါပြန်ဘူး ဟ။ဒါကြောင့် နွားနို့ ပဲတိုက်ခဲ့တဲ့ ကလေးတွေဟာ သူများတွေထက် ညှက်နေပြန်ရော။
ဝတ်ဆန်။ ။ဒါဆို နွားနို့ကို ဘယ်အချိန်ကျ မှ တိုက်ရမလဲ ၊ဆရာ။ ခု နို့မထွက်သေးတော့ နို့ဘူးပဲ တိုက်ရမလား ။
ဇီဝက ။ ။ တိုက်ချင်ရင် ကလေး အသက် ၁နှစ်ကျော်မှ တိုက်သင့်တယ်။ တိုက်တဲ့အခါ ဖြည့်စွက်စာတွေကို သေချာ ကျွေးပြီးမှ တိုက်။ တိုက်ရင်လည်း တစ်နေ့ကို ၃၂ အောင်စ (၉၃၆ စီစီ) ထက် မပိုသင့်ဘူးပိုရင် ကလေးခံတွင်းပျက်ပြီး တခြား အာဟာရဖြစ်တာတွေ မစားတော့ဘဲ နေမယ်။ ဒါကြောင့်လောလောဆယ်တော့ နို့ဘူးပဲ ဖျော်တိုက်။ နို့မှုန့်ကိုလည်းလသားကလေး တိုက်တဲ့ဟာမျိုးတွေ သေချာ ရှာဝယ်။ ဟုတ်ပြီလား။
ဝတ်ဆန်။ ။ဟုတ်ကဲ့ပါဆရာ။ ခုလို ရှင်းပြတဲ့အတွက် ကျေးဇူးပါပဲ။ ညီမ အမကို သေချာပြန်ပြောလိုက်ပါ့မယ်။ နောက်မှ ညီမ့ အမနဲ့ သူ့ကလေးနဲ့ ဆရာ့ဆီတစ်ခေါက် ပြန်လာခဲ့ပါဦးမယ်။
Author : ခေတ်သစ် ဇီဝက