ရေကျောက်ကို အင်္ဂလိပ်လို Chicken Pox လို့ ခေါ်ပါတယ်။ ရေကျောက်ဟာ Varicella Zoster ခေါ် Human Herpes Virus 3 ဆိုတဲ့ ဒီအင်အေ ဗိုင်းရပ်စ်ပိုး ဝင်လို့ ဖြစ်ရတာပါ။ ဘယ်လိုကနေ ပိုးဝင်နိုင်လည်းဆိုတော့ လေထဲကနေတဆင့် (ဥပမာ ချောင်းဆိုး နှာချေရာကနေ) ကူးနိုင်ပါတယ်။ ဒါ့ပြင်ရေကျောက်ပေါက်နေသူနဲ့ အသားချင်း ထိရာကနေ တဆင့်လည်း ကူးနိုင်ပါတယ်။
အသက် ၁၁နှစ်အောက် ကလေးတွေမှာ အဖြစ်များဆုံးပါ။ သို့သော် လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိူးသမီးတွေမှာ ကိုယ်ဝန်ဆောင်နေစဉ်မှာ ရေကျောက်ဖြစ်ခဲ့ရင် အယောက်၁၀၀မှာ ၁၀ယောက် နီးပါးဟာ ရေကျောက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တဲ့ နမိုးနီးယား ခေါ်အဆုတ်ရောင်ရောဂါကို ခံစားရနိုင်ပါတယ်။ နောက်ပြီး ကလေးပျက်ကျတာ မွေးလာတဲ့ကလေးကချို့ယွင်းချက်တွေ ပါလာတာ စသဖြင့်လည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မိမိဝန်းကျင်မှာ ရေကျောက်ဖြစ်နေတဲ့သူရှိရင် ထိုသူနဲ့ဝေးဝေးနေပါ။
ရောဂါလက္ခဏာတွေကတော့ ပိုးဝင်ပြီး ၂ပတ် ကနေ ၃ပတ်အတွင်းမှာ ပြပါတယ်။ အရင်ဆုံး တုပ်ကွေးလို လက္ခဏာတွေ ပြပါမယ်။ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ အစားပျက်တာ၊ လည်ချောင်းနာတာ၊အသားတွေနာတာ၊ ပျို့အန်ချင်တာ စသဖြင့်ပါ။ အဖျားကတော့ ရှိချင်မှ ရှိပါမယ်။
ထို့နောက်မှာ နီတဲ့ယားတဲ့ အစက်ပျောက်လေးတွေစုပြီး အနီကွက်(အနီပြင်)အဖြစ်နဲ့ ဗိုက်တို့ကျောတို့မှာ အရင်ထွက်မယ်။ ပြီးမှ မျက်နှာတို့ လက်တို့ ခြေထောက်စသဖြင့် တစ်ကိုယ်လုံးမှာ ထွက်မယ်။ ပါးစပ်တို့ နားတို့ နဲ့ လိင်အင်္ဂါတွေမှာလဲ ထွက်မယ်။ အနီဖုလေးတွေ စုထားတဲ့ အနီပြင် တချို့နေရာတွေက နာရီပိုင်းအတွင်းမှာ အရည်ကြည်ဖု ဖြစ်လာနိုင်တယ်။ အရည်ကြည်ဖုကနေ နောက်ဆုံးမှာပြည်တည်ပြီး ပေါက်ထွက်မယ်။ နောက်ဆုံးမှာ အနာဖေးတက်မယ်။ အရည်ကြည်ဖုအဆင့်မှာ ၃ရက်၄ရက်လောက်တော့ ကြာနိုင်ပါတယ်။
ရေကျောက်မှာ တစ်ခုထူးခြားတာက အနီအဖုတွေစုပြီး အနီပြင်ဖြစ်တာ အရည်ကြည်ဖုဖြစ်တာ အနာဖေးတက်တာ စတဲ့အဆင့်တွေဟာ နေရာအားလုံးမှာ တစ်ပြိုင်တည်းဖြစ်တာ မဟုတ်တဲ့အတွက် တချို့နေရာတွေက အနီဖုဖြစ်နေတာ တချို့နေရာတွေက အနီပြင်ဖြစ်နေတာ တချို့နေရာက အရည်ကြည်ဖုဖြစ်နေတာ တချို့နေရာက အနာဖေးတက်နေတာ စတဲ့ အဆင့်အမျိုးမျိုးကို တစ်ချိန်တည်းမှာတွေ့နိုင်ပါတယ်။ အနီစက်တွေ မထွက်ခင် ၂ ရက်ကစပြီး အနီပြင်တွေ ညိုမဲရာကနေ ပျောက်တဲ့အထိ သူများတွေကို ကူးစက်နိုင်တယ်။ အနီစက်ထွက်ပြီး ၄ရက်အတွင်းမှာ တခြားသူကို ကူးစက်နှုန်း အမြင့်ဆုံးပါ။
ရေကျောက်ပေါက်ရင်ဘယ်လိုကုမလဲ။ ဘာဆေးတိုက်မလဲ။
ရေကျောက် ပျောက်ဆေးရယ်လို့တော့ မရှိပါဘူး။ ရေကျောက် ထွက်တာစုံသွားပြီးရင် ၇ရက်ကနေ၁၀ရက်အတွင်းမှာ သူ့ဘာသာ ပြန်ကောင်းလာနိုင်ပါတယ်။ သို့သော် မပေါ့ဆပဲ ရေကျောက် ဟုတ်မဟုတ်ကို ဆေးခန်းပြပြီး စမ်းသပ်စစ်ဆေးဖို့ လိုပါတယ်။
ရေကျောက်ပျောက်ဆေးမရှိပေမယ့် ရေကျောက်ပေါက်ရင် ဘာတွေလုပ်ဖို့ လိုလဲဆိုတော့
ရေကျောက်မှာ အရည်ကြည်ဖုတွေက တအားယားတတ်လို့ ကုတ်ရာကနေတဆင့် ဘက်တီးရီးယားပိုးဝင်တာ အမာရွတ်ကျန်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက် ရေအေးဝတ်ကပ်တာ သို့မဟုတ် ရေနွေးနွေးလေး ချိုးပေးတာ လုပ်ပါ။ ရေကျောက်ပေါက်ရင် ရေမချိုးရဘူး ဆိုတာ မဟုတ်ပါဘူး။ ဘာမီတွန် သို့မဟုတ် စီထရီစင်း စတဲ့ အယားသက်သာတဲ့ ဆေးတွေလည်း တိုက်နိုင်ပါတယ်။ Caladyl Lotion လည်း လိမ်းနိုင်ပါတယ်။ တကယ်လို့ ကလေးက အဖျားရှိရင် အဖျားကျဆေး ပါရာစီတမော တိုက်ဖို့လိုပါတယ်။ ခပ်ပါးပါးနဲ့ ခပ်ပွပွ အဝတ်အထည်များကိုသာ ဝတ်ဆင်ပေးပါ။ အရည်များများတိုက်ပါ။လက်ခဏခဏ ဆေးပေးပါ။
ရေကျောက်ပေါက်တဲ့ ကလေးတိုင်းကို ပိုးသတ်ဆေးတိုက်ဖို့ မလိုပါ။ ဘက်တီးရီးယားပိုးဝင်မှသာ တိုက်ဖို့ လိုတယ်။ ရေကျောက်သည် သူ့ဘာသာသူ ပြန်ပျောက်နိုင်သော ရောဂါဖြစ်သော်လည်း ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အများကြီးရှိပါတယ်။
ရေကျောက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့
-ဘက်တီးရီယားပိုးဝင်ပြီး အရေပြားအနာတွေဖြစ်တာ
-အဆုတ်ရောင်တာ
-ကျောက်ကပ်၊ အသည်းတွေ ရောင်ရမ်းတာ
-ဦးနှောက်ရောင်ရမ်းတာ အာရုံကြောတွေရောင်ရမ်းတာ
-အူအတက်ရောင်တာ
-သွေးယိုတာ စသဖြင့် ဖြစ်နိုင်ပါတယ်။
ဒီလိုဆိုတော့ ရေကျောက်ပေါက်တိုင်း ဒီနောက်ဆက်တွဲတွေ ဖြစ်မှာလားလို့ မေးစရာ ရှိပါတယ်။အတိအကျကတော့ ပြောလို့ မရပါဘူး။ ဖြစ်တဲ့သူလည်း ဖြစ်ပါတယ်။ မဖြစ်တဲ့သူလည်း မဖြစ်ပါဘူး။ အိတ်အိုင်ဗွီရှိတဲ့သူတွေ ကင်ဆာလူနာတွေ အာဟာရချို့တဲ့သူတွေ စိတ်ဖိစီးမှု များတဲ့သူတွေမှာ စတီးရွက်ဆေးတွေ သောက်နေတဲ့သူတွေမှာ ရေကျောက်ပေါက်ခဲ့ရင်တော့ ရေကျောက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ခံစားရနိုင်ခြေများပါတယ်။
ရေကျောက်က သီးသန့် ရေကျောက်ပျောက်ဆေးရယ်လို့ မရှိပေမယ့် ရေကျောက်ကာကွယ်ဆေးတော့ ရှိပါတယ်။ အထက်မှာပြောခဲ့တဲ့ ခုခံအားကျဆင်းတဲ့ရောဂါရှိသူတွေ ကိုယ်ခံအားနည်းတဲ့သူတွေဆိုရင် ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ အသက်ကြီးပြီး ရေကျောက်မပေါက်ရသေးတဲ့သူတွေလည်း ထိုးနိုင်ပါတယ်။ စုစုပေါင်း နှစ်ကြိမ်ထိုးဖို့ လိုပါတယ်။ ပထမတစ်ကြိမ်ထိုးပြီး နောက်၃ပတ်လောက် အကြာမှာ နောက်တစ်ကြိမ် ထပ်ထိုးရပါတယ်။
အဆုံးသတ်အနေနဲ့ အကြံပေးလိုတာကတော့ ရေကျောက်သည် လေထဲကနေတဆင့် အသားချင်းထိရာကနေတဆင့် ဖြစ်နေတဲ့သူရဲ့ အသုံးအဆောင်ကနေတဆင့် ကူးစက်တဲ့အတွက် မိမိကလေး ရေကျောက်ပေါက်ပါက ကျောင်းကိုမလွှတ်ပါနဲ့ ။လူစုလူဝေးရှိတဲ့ နေရာတွေကိုလည်း ခေါ်မသွားပါနဲ့။ မိမိကိုယ်တိုင်ပေါက်ခဲ့ရင်လည်း ထိုနည်းအတိုင်းပဲ ဆင်ခြင်ပါလို့ ပြောချင်ပါတယ်။
Author: Dr. 528