ဇီဝက့ ကို အမေးများတဲ့ မိဘများရဲ့ အမေးတွေက
“ကလေး ငယ်ထိပ်ဆိုတာ ဘာပါလဲ ။”
“ကလေး ငယ်ထိပ် တဒုတ်ဒုတ်နဲ့ လှုပ်နေတာ ဘာကြောင့်ပါလဲ ။”
“ကလေး ငယ်ထိပ် ဖောင်းလာတာ စိုးရိမ်ရသလား ။”
“ကလေး ငယ်ထိပ် ချိုင့်နေတာ ပုံမှန်ပဲလား ။”
“ကလေး ငယ်ထိပ် ဘယ်တော့ပိတ် ။”
ထိုထိုသော သောကဗျာပါဒများစွာနဲ့ မေးလာတာတွေကို
ဒီဆောင်းပါးလေးမှာ ဖြေပေးလိုက်မယ်နော် ။
“ကလေး ငယ်ထိပ်ဆိုတာ ဘာပါလဲ ။”
ဦးခေါင်းခွံကို အရိုးပေါင်းများစွာနဲ့ တည်ဆောက်ထားတာပါ။ ဦးခေါင်းခွံမှာတင် အရိုးပေါင်း ၈ခု ၊မျက်နှာပြင်မှာ အရိုးပေါင်း ၁၄ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ထိုအရိုးတွေ စုပေါင်းပြီး ပြီးပြည့်စုံတဲ့ လူတစ်ယောက်ရဲ့ ဦးခေါင်းခွံဖြစ်လာပြီး ဦးနှောက်ကို အကာအကွယ်ပေးထားပါတယ် ။
ထိုအရိုးတွေ စုပေါင်းပြီး ဆက်သွားတဲ့အခါ suture အရိုးဆက်တဲ့နေရာများလို့ ခေါ်ပါတယ်။ ဒါပေမယ့် မွေးခါစမှာ ဦးခေါင်းခွံအရိုးတွေဟာ မဆက်သေးပါ။ ဒါမှ မိခင်မွေးလမ်းကြောင်းကနေ လျောလျောရှူရှူ မွေးနိုင်မှာပါ။ ဒါကြောင့် မိခင်ဝမ်းတွင်းမှ ကျွတ်ခါစ လသားကလေးတွေမှာ ထိုsutureတွေ ဆုံတဲ့နေရာ အရိုးမဆက်သေးတဲ့ ခပ်ပျော့ပျော့နေရာကိုဖွန်တန်နယ် Fontanelle ငယ်ထိပ်ရယ်လို့ ခေါ်ပါတယ်။
ထိုငယ်ထိပ်နေရာတွေက ဟနေတယ်ဆိုပေမယ့် အမြှေးပါးနဲ့ဖုံးအုပ်ထားပါတယ်။ အမြှေးပါးဆိုပေမယ့်
ဦးနှောက်မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့အထိ မာပါတယ်။ မွေးကင်းစ ကလေးငယ်တွေမှာ ငယ်ထိပ်အဓိက နှစ်ခု ရှိပါတယ်။ ဦးခေါင်းခွံ ရှေ့ပိုင်းမှာ တစ်ခု ၊နောက်ပိုင်းမှာ တစ်ခု ဆိုပြီးရှိပါတယ်။ ငယ်ထိပ်တွေဟာ ကလေးငယ်တို့ ဦးနှောက်ဖွံ့ဖြိုးပြီးတာနဲ့ ပိတ်သွားပါတယ် ။
“ကလေး ငယ်ထိပ် တဒုတ်ဒုတ်နဲ့ လှုပ်နေတာ ဘာကြောင့်ပါလဲ ။”
တစ်ခါတစ်ရံ ကလေး ငယ်ထိပ် မပိတ်သေးချိန်မှာ တဒုတ်ဒုတ်နဲ့ခုန်တာ မြင်ဖူးကြမှာပါ။ ဒါဟာ ပုံမှန်ပါပဲ။ ဘာလို့လဲဆိုရင် ကလေးနှလုံးခုန်နှုန်းနဲ့အတူ ငယ်ထိပ်က မပိတ်သေးလို့ လိုက်လှုပ်တတ်တာပါ။
“ကလေး ငယ်ထိပ် ဖောင်းလာတာ စိုးရိမ်ရသလား ။”
ကလေး ငယ်ထိပ်သည် ချောင်းဆိုးတဲ့အခါ ၊ထိုးအန်တဲ့အခါ အပြင်ကို ဖောင်းလာတတ်ပါတယ်။ ဒါဟာ တစ်ခါတစ်လေမှသာ ဖြစ်တဲ့အတွက်စိုးရိမ်စရာ မလိုပါ။ ဒါပေမယ့် အမြဲတမ်း အပြင်ကို ဖောင်းနေရင်တော့ မိဘတွေအနေနဲ့ သတိထားရပါ့မယ်။ ဒါဟာ ကလေးရဲ့ ဦးခေါင်းထဲမှာ အရည်တွေများပြီး ဖိအား
များနေတာကို ပြတာပါ။ ဦးခေါင်းထဲ ဖိအားများလာရင် ကလေး ဦးနှောက်ဖွံ့ဖြိုးရာမှာ ထိခိုက်နိုင်ပါတယ် ။
“ကလေး ငယ်ထိပ် ချိုင့်နေတာ ပုံမှန်ပဲလား ။”
ပုံမှန်အားဖြင့် ကလေး ငယ်ထိပ် မပိတ်သေးချိန်မှာ အနည်းငယ် ချိုင့်နေနိုင်ပါတယ်။ ဒါပေမယ့် သိသာစွာ ချိုင့်ဝင်နေရင်တော့ ကလေးငယ် အရည်ဓာတ် ခန်းခြောက်နေသလား(ဥပမာ-ဝမ်းအရမ်းသွားလို့) ဆိုတာ မိဘတွေအနေနဲ့ သတိထားရပါ့မယ်။
“ကလေး ငယ်ထိပ် ဘယ်တော့ပိတ် ။”
ဦးခေါင်း အနောက်ရှိ ငယ်ထိပ်က ကလေး အသက် ၁လ ၊၂လဆိုတာနဲ့ ပိတ်ပါတယ်။ ဦးခေါင်း အရှေ့ရှိ ငယ်ထိပ်ကတော့ ကလေး အသက် ၇လ ၊၁နှစ်ခွဲ၊၂နှစ်လောက်မှ ပိတ်တတ်ပါတယ်။ ဒီထက် နောက်ကျပြီး မပိတ်တတ်ပေမယ့် စောပြီး ပိတ်တတ်ပါတယ်။ ဒါကို craniosynostosis လို့ခေါ်ပါတယ်။
ဒီလိုဖြစ်ရင် မပေါ့ဆသင့်ပါ။ ကလေးအထူးကုတွေနဲ့ အမြန်ပြသင့်ပါတယ်။ ဘာလို့လဲ ဆိုရင် ကလေး ငယ်ထိပ် စောပိတ်တဲ့အခါ ကလေး ဦးခေါင်းခွံထဲမှာ အရည်ဖိအားများလာပြီး ကလေးဦးနှောက် ကြီးထွားမှုကို အဟန့်အတားဖြစ်စေလို့ပါ။
Author : ခေတ်သစ်ဇီဝက