သားသားမီးမီးတို့ရဲ့ ဖေဖေ မေမေတို့အနေနဲ့ မွေးကင်းစကလေးရဲ့ ချက်ပုပ်နာအကြောင်းကို သိထားသင့်ပါတယ်။ ပုံမှန်အားဖြင့် ကလေးချက်သည် ၅ရက် ၁ပတ်ဆို ကြွေတတ်တယ်။ ချက်မကြွေခင် ဖြစ်ဖြစ်၊ ချက်ကြွေပြီးပြီး ဖြစ်ဖြစ် အောက်ပါလက္ခဏာတွေ တွေ့ရင် ချက်ပုပ်နာလို့ ခေါ်နိုင်တယ်။
-ချက်မှာ စိုနေတယ်
-ချက်မှာ ပြည်တည်မယ်
-ချက်ကနေ အနံ့တွေ ထွက်မယ်
-ချက်ပတ်လည် နီမြန်း ရောင်ရမ်းတယ်
ဘာကြောင့် ချက်ပုပ်နာ ဖြစ်ရတာလဲ
-ချက်ကို ဘာမှုန့် ညာမှုန့် အမှုန့်မျိုးစုံ မိမိဘာသာ ထည့်ကြတာ (ဥပမာ-နနွင်းမှုန့်များ ၊ဆေးတို့ဖတ်ကြီးများ)
-ချက်ကို သန့်သန့် ရှင်းရှင်း မထားတာ
-ကလေး မွေးစဉ်က ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းများနဲ့ မမွေးတဲ့အခါ
မသန့်ရှင်းတဲ့ အရာများနဲ့ ချက်ကြိုးချည်ခြင်း
မသန့်ရှင်းတဲ့ ကတ်ကြေးများနဲ့ ချက်ကြိုးညှပ်ခြင်း
မသန့်ရှင်းတဲ့ လက်များနဲ့ ကိုင်တွယ်ခြင်း
မသန့်ရှင်းတဲ့ ရေများနဲ့ ဆေးကြောခြင်း
မသန့်ရှင်းတဲ့ နေရာမှာ ကလေးမွေးခြင်း
ချက်ပုပ်နာ မဖြစ်အောင် ဘာတွေ လုပ်ရမလဲ
-ချက်ကို သန့်သန့် ရှင်းရှင်းထားပါ
-ချက်ကို ဆရာဝန်မညွှန်ကြားဘဲ ဘာမှ မထည့်ရ မလိမ်းရ
ချက်ကို ဘယ်လို သန့်ရှင်းစွာ ထားရမလဲ
-ချက်ကို တစ်နေ့ ၂ကြိမ် ရေသန့်သန့် နဲ့ ဆေးပါ
-ရေစို အဝတ်စ ၊ ဒါမှမဟုတ် ဂွမ်းစနဲ့ သုတ်ပါ
-အညစ်အကြေးတွေ ချက်မှာ ရှိက ညင်သာစွာ ဖယ်ရှားပါ။
(အားနဲ့ဖယ်ရှားက အခန့်မသင့်ရင် သွေးထွက်နိုင်တာ သတိပြုပါ)
-ဆေးကြောတဲ့နေရာမှာ အရက်ပြန်ပါသော အရည်များ မသုံးသင့်ပါ။ ချက်အနာကျက်တာ နှေးနိုင်ပါတယ်။
Author : ခေတ်သစ် ဇီဝက