၂၀၀၈ ခုနှစ်က ကမ္ဘာတစ်ဝှမ်း ပွက်လော ရိုက်ခဲ့တဲ့ ကျန်းမာရေးသတင်း တစ်ပုဒ်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ထိုသတင်းကတော့ တရုတ်ပြည်မှာ အရည်အသွေးနိမ့် နို့မှုန့်တွေ သောက်ပြီး ကလေးများ အသက် ဆုံးရှုံးခဲ့ကြရတဲ့သတင်းပါ။ ထိုနို့မှုန့်တွေမှာ မယ်လမင်းများ ထည့်သွင်း ထုတ်လုပ်ထားတာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကြီးဖြစ်တဲ့ WHO ရဲ့ မယ်လမင်းနဲ့ ပတ်သက်တဲ့ အမေးအဖြေများကို ကိုးကားပြီး ရေးဖွဲ့ထားပါတယ်။
မယ်လမင်း ဆိုတာ ဘာပါလဲ ။
-မယ်လမင်းဆိုတာ အော်ဂင်းနစ် ဓာတုပစ္စည်းတစ်မျိုးပါ။
-မယ်လမင်းမှာ နိုက်ထရိုဂျင်ဓာတ် ပေါကြွယ်ဝပါတယ်။
မယ်လမင်းကို ကလေးနို့မှုန့်တွေထဲ ဘာလို့ ထည့်သွင်း အသုံးပြုကြသလဲ။
-တရုတ်နိုင်ငံမှာ ဝိသမလောဘနဲ့ နွားနို့ထဲ အလေးချိန်စီးအောင် ရေရောကြတယ်။ ထိုအခါ နွားနို့မှာ ကျဲ ပြီး ပရိုတင်းဓာတ်နည်းသွားတယ်။
-ထိုပရိုတင်းဓာတ်နည်းနေတဲ့ နို့ကို ကလေးနို့မှုန့်အဖြစ် ဆက်လက် ထုတ်လုပ်ကြတယ်။ ဒါပေမယ့် ကလေး နို့မှုန့်တွေကို ပရိုတင်းဓာတ် လုံလောက် ၊ မလောက် စစ်တဲ့ အခါ နိုက်ထရိုဂျင်ဓာတ်ကို တိုင်းရတယ်။ ဒါကြောင့် လောဘဇောတက်နေတဲ့ ထို ကုမ္ပဏီတွေက နိုက်ထရိုဂျင်ဓာတ် ပေါကြွယ်ဝတဲ့ မယ်လမင်းတွေကို ထည့်သွင်း ထုတ်လုပ်ခြင်းဖြင့် ပရိုတင်းဓာတ်ကြွယ်ဝသောနို့မှုန့်များအဖြင့် ဈေးကွက်ထဲ တင်သွင်းကြပါတယ်။
မယ်လမင်းကို တခြား အစားအသောက်တွေမှာရော တွေ့ရသေးလား။
-၂၀၀၇ ခုနှစ်မှာ တရုတ်နိုင်ငံကနေ အမေရိကန်နိုင်ငံသို့ တင်သွင်းသော ဂျုံမှုန့် ၊ ဆန်မှုန့်များ ၊တိရိစ္ဆာန် အစာများတွင် မယ်လမင်းများ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ထို pet foodများကြောင့်အိမ်မွေးတိရိစ္ဆာန်ပေါင်းများစွာ အသက်ဆုံးခဲ့ကြပါတယ်။
-ဒါ့အပြင် ယနေ့ခေတ်မှာ မယ်လမင်းကို ကလေးနို့မှုန့်များ ၊ဒိန်ချဉ်များ ၊ကော်ဖီမစ်များမှာလည်း တွေ့နေရဆဲပါ။
မယ်လမင်းကို စားသုံးမိရင် ဘာတွေ ဖြစ်နိုင်သလဲ။
-မယ်လမင်းရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုကို လူသားတွေ အပေါ် စမ်းသပ် ထားမှု မရှိသေးပါ။
-တိရိစ္ဆာန်များအပေါ် လေ့လာထားချက်များအရ မယ်လမင်း ခရစ်စတယ် ကလေးတွေဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်နိုင်ပါတယ်။
-ထိုခရစ်စတယ် အမှုန်လေးများ ကျောက်ကပ်ရှိ ဆီးပြွန်ကလေးများမှာ မတော်တဆ ပိတ်မိရင် ကျောက်ကပ် အလုပ်မလုပ်တော့တဲ့ အထိ ဖြစ်နိုင်တယ်။
-မယ်လမင်းသည် ကင်ဆာဖြစ်စေတယ်လို့လည်း တချို့သော လေ့လာမှုများအရ သိရပါတယ်။ သေချာစွာတော့ သက်သေ မပြနိုင်သေးပါ။
မယ်လမင်း အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေပါလဲ။
-ဆီးနည်း ၊ဆီးမထွက်
-ဖောရောင်
-ဆီးသွားရင် သွေးပါ
-ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်တော့
-သွေးပေါင်တက်
-ဂဏာမငြိမ် ၊ကြောင်တောင်တောင်ဖြစ်တတ် ၊သတိမေ့တာ သတိလစ်တာ ဖြစ်တတ်
ဒါကြောင့် နို့စို့အရွယ်ကလေးများကို ကလေး အသက် ၆လအထိမိခင်နို့တစ်မျိုးတည်းသာ တိုက်ပါ။အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့မတိုက်နိုင်ကလည်း အရည်အသွေးနိမ့် ကလေးနို့မှုန့်များကို ရှောင်ကြဉ်သင့်ပါတယ်။
Author : ခေတ်သစ် ဇီဝက