ကလေးတွေ ဒေါသထွက်ရင် ကလေးမိဘတွေက သူတို့ထက် အပြိုင်အဆိုင် ဒေါသပိုထွက်ကြတယ်။ ဒါကိုအချို့မိဘတွေက မှန်တယ်ထင်ကြတယ်။ ကလေးက စိတ်ဆိုးနေတယ်။ မအိပ်ချင်ပဲ အိပ်ခိုင်း၊ ဆော့နေတာ ဖုန်းကနေ “ဂိမ်း” ဆော့တာ စိတ်မပါပဲ အပိတ်ခံရတာတွေ၊ ကလေးက အလိုမပြည့်တာတွေရှိတယ်။ကလေးဒေါသထွက်နေရင် မိဘတွေ ချော့မော့တတ်ရဲ့လား။
ကလေးမှာ သူငယ်ချင်း ပေါင်းသင်းဆက်ဆံရေး မပြေလည်ရင်၊ အနိုင်ကျင့်ခံရရင်၊ အိမ်စာ၊ စာမေးပွဲကိစ္စတွေ အခက်အခဲဖြစ်နေရင် စိတ်ဖိစီးမှုများရင်၊ စိုးရိမ်စိတ်ကြောက်စိတ်ဝင်ရင်၊ ကြီးကောင်ဝင်ချိန်ဟော်မုန်းတွေ ပြောင်းလဲပြီး ပရမ်းပတာဖြစ်ရင်၊ အိပ်ရေးမဝရင် ကလေးတွေ ဒေါသထွက်လွယ်တယ်။ ဒေါသကို ကိုင်တွယ်တတ်ဖို့ လိုပါတယ်။ကိုယ့်ကလေးဟာ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိသင့်တယ်။ မိဘကစည်းကမ်းပေးထားတာထက် ကိုယ့်ကလေးကို ပူးပေါင်းဆောင်ရွက်မှု ရှိစေသင့်တယ်။
ကလေးကို အိမ်မှာ ဆိုးနေတာ ဂုဏ်ယူဖို့မဟုတ်ဘူး။ ပူးပေါင်းဆောင်ရွက်မှု ရှိရမယ်။ ယနေ့ ကလေးတွေ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတတ်ဘူး။ မိဘတွေ ပူးပေါင်းလုပ်ကိုင်တတ်ဖို့လိုတယ်။ ကလေးတွေ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ခြင်း၊ ပေါင်းသင်းခြင်း၊ ခံစားနားလည်ခြင်းတို့ဟာ ကလေးရဲ့စိတ်ဓာတ်ကို ဖွံ့ဖြိုးတိုးတက်စေနိုင်လို့ လေ့ကျင့်ပေးသင့်တဲ့ သင်ခန်းစာပဲဖြစ်တယ်။ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်ရမယ့် ကစားနည်းတွေ ကစားနိုင်ရမယ်။
ခေါင်းဆောင်တစ်ယောက် ရွေးခိုင်းမယ်။ သူ့ရဲ့ဦးဆောင်မှုကို အလှည့်ကျ ခေါင်းဆောင်မှုနဲ့လိုက်ခိုင်းပြီး အခက်အခဲတစ်ခုကို ကျော်ဖြတ်ခိုင်းကြည့်ရမယ်။ ဥပမာ – ကြိုးထုံးနည်း၊ ကြိုးဖြေနည်း ကစားခိုင်းပြီး တီထွင်မှု ပေါင်းစပ်မှုနဲ့ လေ့ကျင့်ပေးသင့်တယ်။အားကစားသဘောတရားကို ကလေးတွေအတွက် အားပေးသင့်တယ်။ ဘောလုံးကစားတာပဲထား၊ တစ်ဖက်(၁၁)ယောက်စီနဲ့ ကွင်းကြီးမှာ ဆော့မှာလား၊ တစ်ဖက် (၅)ယောက်စီနဲ့ ဖူဆယ်ကစားမှာလား။ တစ်ဦးချင်း တာဝန်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှုရှိမှ အောင်မြင်မယ်။ အသင်းစိတ်ဓာတ်ရှိကြရပါမယ်။ အားကစားဟာ ကိုယ်ကာယသာမက စိတ်ဓာတ်စွမ်းအင်ကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပါတယ်။
ကလေးငယ်ငယ်ကတည်းက လုပ်ငန်း (project) သဘောတရား၊ တာဝန်ပေးမှုကို လေ့ကျင့်ပျိုးထောင် ပေးသင့်ပါတယ်။ ကလေးတွေရဲ့ ကိုယ်ကာယလှုပ်ရှားမှု၊ ကစားနည်းတွေ ကစားခိုင်းခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ တကယ့် လက်တွေ့ “အသင်းစိတ်ဓာတ်” (Team Work) မဟုတ်ပါဘူး။ သူတို့ကိုလုပ်ငန်း (Project) စနစ်တကျနဲ့ အစီအစဉ်အတိုင်း ဖော်ဆောင်လုပ်ကိုင်ရတဲ့ သဘောတရားကို လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။ ကလေးတွေရဲ့ စိတ်ကူးက ပေါင်းစုခြင်း နားလည်လိမ့်မယ်။ တစ်ဦးကောင်းမရ အများပူးပေါင်းမှ အကောင်းဆုံးအဖြေရတယ်ဆိုတဲ့ သဘောတရားနည်းလည်း ပေးရမယ်။
ကလေးမိဘတိုင်းက ကိုယ့်ကလေး အသာရစေလိုကြတယ်။ ခေါင်းဆောင်ဖြစ်သလို၊ ငယ်သားလဲဖြစ်ရမယ်။ ကလေးတွေ ကောင်းကောင်းလေ့ကျင့်ပေးနိုင်မှသာ အောင်မြင်လိမ့်မယ်။ သင်ကြားပေးရမယ်။ ဘောလုံးကစားသလို တစ်ဦးချင်းတော်ရုံနဲ့ မရပါဘူး။ အကောင်းတွေ စနစ်တကျ ပေါင်းစုပေးမှပဲ ရလဒ်ကောင်းရတာ၊ သဘောပေါက်နားလည်စေသင့်တယ်။ ဘောလုံးပွဲကြည့်တတ်ရင် အသင်းစိတ်ဓာတ် (Team Work) ရဲ့အရေးပါမှုကို သိသာမြင်သာစေမှာပဲဖြစ်တယ်။ ကစားကွက် တစ်ပုံစံတည်းမရပဲ အဖြေတစ်ခု အနိုင်ရလဒ်ရအောင် ကြိုးစားအားထုတ်ဖို့ လိုတယ်ဆိုတာ တစ်ဦးချင်းအသိပေးသင့်တယ်။
ကိုယ့်ကလေးဟာ မိဘတွေနဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေဖို့လိုတယ်။ ကလေးအလိုမကျရင် အလိုမပြည့်ရင် စိတ်ဆိုးဒေါသထွက်တဲ့ လက္ခဏာပြတတ်တာ လူကြီးမိဘတွေ သတိထားသင့်ပါတယ်။ စိတ်ဆိုးလာရင် သူတို့နှလုံးခုန်နှုန်းတွေ မြန်နေတတ်တယ်။ သူတို့ အကြောတွေတောင့်တင်းနေတယ်။ သူတို့သွားတွေ ကြိတ်လိမ့်မယ်။ လက်သီးတွေ တင်းတင်းဆုပ်ကာ ထားလိမ့်မယ်။ သူတို့ စိတ်ဆိုးပြေဖို့ လုပ်ပေးနိုင်တဲ့နည်းလမ်း လက်တွေ့အကောင်အထည်ဖော်ပေးသင့်တယ်။
တစ်ကနေ တစ်ဆယ်အထိ ရေခိုင်းသင့်တယ်။ ဒေါသဖြစ်နေတဲ့ ဝန်းကျင်ကနေ ခေါ်ထုတ်သွားသင့်တယ်။ အသက်ရှူသွင်းရှူထုတ် အကြိမ်ကြိမ်လုပ်ခိုုင်းသင့်တယ်။ လက်သီးဆုပ်ထားရင် အာရုံပြောင်းအောင် တစ်ခုခုကိုင်နိုင်အောင် လုပ်ပေးသင့်တယ်။ သူတို့ အချစ်ဆုံး၊ အခင်ဆုံးသူတွေနဲ့ စကားပြောဆိုသင့်တယ်။ ကလေးတွေပါဝင်နိုင်မယ့် ပျော်ပွဲရွှင်ပွဲ တစ်ခုခုကိုခေါ်သွားသင့်ပါတယ်။ကလေးငယ် ဘယ်လောက်ငယ်ငယ် သူ့ကို အရေးပေးတာ သဘောကျတတ်တယ်။
မျှဝေခံစားတတ်အောင် ကြိုးစားပြီး ဒေါသကို ဖြေသိမ့်ပေးသင့်တယ်။ ကလေးရှေ့မှာ မိဘနှစ်ပါးရန်ဖြစ်တာ၊ စကားများတာ မလုပ်သင့်ဘူး။ ကလေးစိတ်ထဲ (Mind Set) ခံစားသွားရင် ပုံတူလုပ်ချလာမှာ သဘောမျိုးရှိပါတယ်။ ကလေးကို ကလေးဘဝ လွတ်လပ်စွာ အချိန်ဇယားအတိုင်း လုပ်တာက လုပ်ပေးနိုင်တယ်။ ကလေးအချင်းချင်း ဆော့ကစားတာ ခွင့်ပြုရမယ်။ ဘောလုံးကစားတယ်ဆိုရင် ဘောကန်ဖိနပ်၊ ဘောကန်အဝတ်အစား လဲလှယ်ပေးရမယ်။ ကလေးကို အနိုင်အထက်ပြုတာ မခံစေချင်သလို ကိုယ့်ကလေးက အခြားရွယ်တူ ကလေးတွေအပေါ် အနိုင်အထက်ပြုတာမျိုး မဖြစ်စေသင့်ပါဘူး။
ကလေးစိတ်ပညာကို နားလည်တဲ့မိဘတွေဟာ ကလေးကို စနစ်တကျတွေးခေါ် စဉ်းစားတတ်လာအောင် ဆွဲဆောင် စည်းရုံးနိုင်ရမယ်။ ညအိပ်ရာဝင်ရင် ဘုရားရှိခိုးပြီး မိဘကို ဦးချပြီးမှ အိပ်စေသင့်တယ်။ ကလေးတွေဟာ ဖယောင်းရုပ်တွေလိုပါပဲ။ ကြိုက်သလို ပုံသွင်းနိုင်တယ်။ မိဘရဲ့ ပုံရိပ်လွှမ်းမိုးနေတာထက် ကလေးပီပီ ကလေးတွေးတွေးစေချင်တယ်။ မိဘကမှားနေတာဆိုပြီး ထောက်ပြပေးနိုင်လေ ကလေးတိုးတက်လေဖြစ်တယ်။ မိဘထက်တော်တဲ့ သားသမီး၊ ဆရာထက်တော်တဲ့ တပည့်တွေဖြစ်ရမယ်။ ဒါမှလည်း “လူ့ဘောင်အနာဂတ်” ဆက်လက် တိုးတက်လာမှာပဲဖြစ်တယ်။
Author: ဒေါက်တာလွင်သန့်, Healthcare Journal,vol 8,no 37 (29.9.17)