ဇီဝကတို့ ပြည်သူများအနေနဲ့ ဘေးစကား အရပ်စကားများကြောင့်
“ကာကွယ်ဆေးများကို မိမိတို့ကလေးကို ထိုးသင့်သလား ၊ ကာကွယ်ဆေးဆိုတာဘာလဲ ၊ ဆေးထိုးပြီးရင် ဘာတွေဖြစ်နိုင်သလဲ ၊ ကလေးကို တစ်ကြိမ်တည်းနဲ့ ကာကွယ်ဆေးအများကြီး ထိုးတာကရော အဆင်ပြေရဲ့လား ၊ ကာကွယ်ဆေး မထိုးဘဲ နဲ့ရော နေလို့ဖြစ်သလား” ထိုထိုသော ဒွိဟ သံသယ အမေးများအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဖြေကြားချက်များကို မှီငြမ်းပြီး ယခုဆောင်းပါးမှာဖော်ပြ
လိုက်ပါတယ်။
Vaccine ကာကွယ်ဆေးဆိုတာ ဘာလဲ
-Vaccine ကာကွယ်ဆေးဆိုတာ ဇီဝပစ္စည်း တစ်ခုပါ။ ထိုပစ္စည်းကို ရောဂါကို ဖြစ်စေတဲ့ ပိုးမွှားကလေးများနဲ့ အတူဆုံးဖြစ်အောင် ပြုပြင်ပြင်ဆင်ထားတာပါ။ ဘယ်လို ပြုပြင်ထားသလဲ ဆိုရင် ထိုပိုးမွှား အသေကောင်လေးများ ၊ ရောဂါ မဖြစ်လောက်တဲ့အထိ အားနည်းအောင် ပြုပြင်ထားတဲ့ ပစ္စည်းများ ၊ထိုပိုးမွှားကလေးများကထွက်တဲ့ ဓာတုပစ္စည်းများနဲ့တူအောင် ပြင်ဆင်ထားတဲ့ ပစ္စည်းများ ၊ပိုးမွှားကလေးများရဲ့ ကိုယ်မှာရှိတဲ့ ပရိုတင်းဓာတ်နဲ့တူအောင် ပြုလုပ်ထားတဲ့ပစ္စည်းများကို ကာကွယ်ဆေးရယ်လို့ ခေါ်တာပါ။ ထိုကဲ့သို့ ပြုလုပ်ထားတဲ့ ကာကွယ်ဆေးများ ထိုးခြင်းဖြင့် သက်ဆိုင်ရာ ကူးစက်
တတ်တဲ့ ရောဂါပိုးများကို ကာကွယ်ပေးပါတယ်။
Vaccine ကာကွယ်ဆေး ထိုးဖို့လိုသလား ၊ မထိုးဘဲ နေလို့ ရမလား
-လူတစ်ဦးနဲ့ တစ်ဦး ကူးစက်တတ် ၊ကူးစက်လွယ် ၊အဖြစ်များတဲ့ ကူးစက်ရောဂါများကို တစ်ကိုယ်ရေ သန့်ရှင်းမှု ၊အိမ်သာသန့် ၊ အစားအသောက်သန့် ၊ ရေသန့်ဖြစ်နေရုံနဲ့ မကာကွယ်နိုင်ပါ။ ဒါကြောင့် လူထုထဲမှာ အဖြစ်များတဲ့ ၊ ဖြစ်ရင် ကျန်းမာရေးနောက်ဆက်တွဲများစွာ ခံစားရနိုင်တဲ့ ကူးစက်ရောဂါပိုးများကို မဖြစ်အောင် ငယ်စဉ်ကတည်းက ကြိုတင်ကာကွယ်ဖို့ လိုတဲ့အတွက် ထိုးရပါတယ်။
ကာကွယ်ဆေးမထိုးရင်ရော ဘာဖြစ်မလဲဆိုရင် ရောဂါပိုးကူးစက်မခံရရင်တော့ဘာမှ မဖြစ်ပေမယ့် ၊ဘေးပတ်ဝန်းကျင်မှာ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ရောဂါများ ဖြစ်ပွားခဲ့ရင် ကာကွယ်ဆေးထိုးပြီးသား သူတွေမှာ ဖြစ်နိုင်ချေနည်းပေမယ့် မထိုးထားရင် ကူးစက်ခံရဖို့ ပိုများသလို အသေအပျောက်နဲ့ ကျန်းမာရေးနောက်ဆက်တွဲ အကျိုးအပြစ်တွေ ခံစားရနိုင်ခြေ ပိုများပါတယ်။
ကာကွယ်ဆေးထိုးပြီး ဘာဆက်ဖြစ်သလဲ
-ကာကွယ်ဆေးထိုးပြီးတဲ့အခါ ဆေးထဲမှာပါတဲ့ အန်တီဂျင် Antigen လို့ခေါ်တဲ့ ပဋိပစ္စည်းဟာ လူသားတို့ရဲ့ ခုခံအားစနစ်မှာပါတဲ့ B lymphocytes လို့ခေါ်တဲ့ ကိုယ်ခံအား ဆဲလ်လေးတွေကို သွားရောက်နှိုးဆွပါတယ်။ အဆိုပါ B lymphocytes ကနေ Antibodies လို့ခေါ်တဲ့ ပစ္စည်းများထုတ်ကာ လူသားတို့ရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
ကာကွယ်ဆေးထဲမှာ တခြား ဘာတွေပါသေးလဲ
-ကာကွယ်ဆေးထဲမှာ ပဋိပစ္စည်းတွေအပြင် တာရှည်ခံအောင် ထည့်ထားတဲ့Thiomersal နဲ့ mercury တွေပါပါတယ်။ ပမာဏအနည်းငယ်သာ ပါတာမို့ကျန်းမာရေး ဆိုးကျိုး မရှိပါ။
Vaccine ကာကွယ်ဆေးတွေသည် ၁၀၀ရာခိုင်နှုန်း စိတ်ချရပါသလား
-ဘယ်ကာကွယ်ဆေးမှ ၁၀၀ရာခိုင်နှုန်း စိတ်ချရပါတယ်လို့ အာမ မခံပါ။
-ဒါပေမယ့် Vaccine ကာကွယ်ဆေးတစ်ခုကို များစွာသော လေ့လာစမ်းသပ်မှုများ လုပ်ပြီးမှ ဈေးကွက်ထဲမှာ လိုင်စင်ရဆေးအဖြစ် အသုံးပြုခွင့်ပြုတာမို့ ရာခိုင်နှုန်းအတော်များများ စိတ်ချရပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးကိုလည်း သက်ဆိုင်ရာ သိပ္ပံပညာရှင်များက ဈေးကွက်ထဲရောက်ပြီးလည်း ဆက်လက်စောင့်ကြည့် သုတေသနပြုပါတယ်။ ဥပမာ-ဆေးထိုးပြီး ဘယ်နှယောက်ဖျားလဲ ၊
ဘာတွေ ဖြစ်လဲ ဆိုတာမျိုးတွေပေါ့။
ကလေးတွေကို တစ်ကြိမ်တည်းမှာ ကာကွယ်ဆေးအမျိုးစုံစွာ ထိုးခြင်းကကောင်းပါသလား
-သိပ္ပံနည်းကျ လေ့လာထားချက်များအရ ကလေးတွေကို တစ်ကြိမ်တည်းမှာကာကွယ်ဆေး အမျိုးစုံစွာ ထိုးပေးခြင်းသည် ကလေးရဲ့ ကိုယ်ခံအားစနစ်ကိုဆိုးကျိုးမဖြစ်စေပါလို့ တွေ့ရှိထားပါတယ်။
-ကာကွယ်ဆေး အမျိုးစုံကို တစ်ကြိမ်တည်း ပေါင်းထိုးခြင်းဖြင့် ဘာတွေ အားသာသလဲဆိုရင် ဆေးအချက်ပေါင်းများစွာ အထိုးမခံရခြင်း ၊ခဏ ခဏ ဆေးခန်းလာပြီးထိုးရတဲ့ အကြိမ်နည်းသွားခြင်း ၊ငွေကုန်ကြေးကျ ပိုမိုသက်သာနိုင်ခြင်း စတာတို့ပဲဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးပြီး ဘေးထွက်အာနိသင် ဘာတွေ ဖြစ်တတ်သလဲ။
-အဖြစ်များတာတွေက
-ထိုးတဲ့နေရာတွေမှာ နာခြင်း ၊ယောင်ခြင်း ၊နီခြင်း
-အဖျားငွေ့ငွေ့ဖျားခြင်း
-ချမ်းတုန်ခြင်း
-ခေါင်းကိုက်ခြင်း
-ကြွက်သားနဲ့ အရိုးအဆစ်များ ကိုက်ခဲနာကျင်ခြင်း စတာတွေပဲဖြစ်ပါတယ်။ ၂-၃ရက်လောက်သာကြာတတ်ပါတယ်။ အကြာဆုံးဆိုရင် ၇ ရက်လောက်အထိတော့ ဖြစ်တတ်ပါတယ်။
ဖျားခြင်း ၊ခေါင်းကိုက်ခြင်း ၊ကြွက်သားနဲ့ အရိုးအဆစ်များ ကိုက်ခဲက aspirin မပါသော အကိုက်အခဲ ပျောက်ဆေးများ သောက်ပေးနိုင်တယ်။ ရေပတ်တိုက်ပေးနိုင်တယ်။ ထိုးတဲ့နေရာမှာ နာခြင်း ၊ယောင်ခြင်း ၊နီခြင်း ဖြစ်က ရေခဲကပ်ပေးပါ။
အဖြစ်နည်းပေမယ့် သတိထားရမယ့် ဘေးထွက်ဆိုးကျိုးတစ်ခုက ဆေးမတည့်ခြင်း Anapyhylaxis ပဲဖြစ်ပါတယ်။ ဘယ်သူတွေမှာ ဖြစ်မလဲဆိုတာ ကြိုတင် မသိနိုင်ပါ။ လူတစ်သန်းထိုးရင် တစ်ယောက်သာ ဖြစ်နိုင်ခြေရှိတာပါ။
ကာကွယ်ဆေးထိုးပြီး ဘယ်လို အချက်တွေရှိရင် သတိထားသင့်သလဲ
-ခန္ဓာကိုယ်မှာ အနီစက် အနီပြင်ထွက်
-ခြေဖျားလက်ဖျားအေးစက်
-သတိလစ် ၊တက်
-သွေးပေါင်ကျ
-ခေါင်းမူး
-အဖျားကြီးက ကျန်းမာရေးဌာနကို ချက်ချင်း ပြန်ပြပါ။
ကာကွယ်ဆေးမထိုးခင် ကျန်းမာရေးဝန်ထမ်းများကို ဘာတွေ ပြောပြထားဖို့ လိုမလဲ
-နာတာရှည် ရောဂါ တစ်ခုခု ရှိက
-ကိုယ်ခံအားကျစေသော ရောဂါများ(ဥပမာ-HIV ၊ ကျောက်ကပ်ရောဂါအချို့စသဖြင့်)
ကိုယ်ခံအားကျစေသော ဆေးများ သောက်သုံးနေသူတွေ( စတီးရွိုက်ဆေးသောက်နေသူ ၊ရင်ကြပ်ပန်းနာအတွက် စတီးရွိုက်ဆေး ရှူနေသူ ၊ကင်ဆာဆေး သောက်နေသူ စသဖြင့်)
-လတ်တလော ဖျားနေက ၊တီဘီဆေး သောက်နေရက
-ဓာတ်မတည့် ရောဂါတစ်ခုခု ရှိက
ကျန်းမာရေး ဝန်ထမ်းများကို ပြောပြပါ။
Author : ခေတ်သစ် ဇီဝက