အနာဂတ်ကြယ်ပွင့်များဖြစ်သော ကလေးများ၏ ကျန်းမာရေးသည် လွန်စွာအရေးကြီးပါသည်။ ကျန်းမာရေးကောင်းမှသာ ပညာရေးကို ကောင်းစွာသင်ကြားနိုင်ပါမည်။ ကလေးများ ကျန်းမာစေရန်အတွက် တစ်ကိုယ်ရေ သန့်ရှင်းရေးသည်လည်း များစွာလိုအပ်ပါသည်။ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ကလေးငယ်များ၏ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်ရန်လိုအပ်ပါသည်။
(၁) အိပ်ရာထချိန် သန့်ရှင်းရေး
ကလးငယ်များ အိပ်ရာထလာပါက မျက်နှာသစ်ပေးခြင်း၊ သွားတိုက်ပေးခြင်း၊ လက်ဆေးပေးခြင်းနှင့် ခေါင်းဖြီးပေးခြင်း စသည့်သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ပေးရပါမည်။ ကလေးများကိုလည်း မနက်စောစော အိပ်ရာထကတည်းက ကိုယ်တိုင်လုပ်ကိုင်နိုင်ရန် လေ့ကျင့်ပေးရပါမည်။
(၂) လက်သန့်ရှင်းရေး
ကလေးငယ်များအား ငယ်စဉ်ကတည်းကပင် လက်ဆေးခြင်းကို စနစ်တကျ ဆောင်ရွက်လာတတ်စေရန် သင်ပေးရပါမည်။ လက်ကိုရေဆေး၊ ဆပ်ပြာတိုက်၊ သန့်စင်စေရန် လက်နှစ်ဖက်ပွတ်တိုက်ခြင်းကို လက်တွေ့ပြပြီး သင်ပေးရပါမည်။ အစားမစားမီနှင့် အစာစားပြီးတိုင်း၊ အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ပြီးတိုင်း၊ အညစ်အကြေးစွန့်ပြီးတိုင်း၊ လက်ဆေးသော အလေ့အကျင့်ကိုလည်း လုပ်ဆောင်ပေးရပါမည်။ ကလေးကိုယ်တိုင် လက်ဆေးတတ်အောင် အကျင့်ရအောင် အားပေးသင်ကြားရပါမည်။ ရေချိုးခန်းတွင်ဖြစ်စေ၊ လက်ဆေးကြွေခွက်မှာဖြစ်စေ ကလေးလက်ဆေးနိုင်အောင် စီစဉ်ထားရန်လည်း အရေးကြီးပါသည်။ လက်ဆေးပြီးနောက် ကလေးအတွက် လက်သုတ်ပဝါ (သို့မဟုတ်) တစ်ရှူးအလုံအလောက် ထားပေးရပါမည်။
(၃) ခံတွင်းသန့်ရှင်းရေး
ကလေးငယ်များ သွားပေါက်လာပြီဆိုပါက သွားတိုက်ပေးရပါမည်။ နေ့စဉ် အနည်းဆုံး (၂) ကြိမ် သွားတိုက်ပေးရပါမည်။ ညနေစာကျွေးပြီးတိုင်း သွားတိုက်သော အလေ့အကျင့် ပြုလုပ်ပေးခြင်းဖြင့် အစားအသောက် အကြွင်းအကျန်များ ကင်းစင်နိုင်ပါမည်။ ကလေးငယ်များအား ကိုယ်တိုင်သွားတိုက်တတ်စေရန်လည်း သင်ပေးရပါမည်။ အစားစားပြီးတိုင်းလည်း ပလုတ်ကျင်းပေးရပါမည်။
ကလေးငယ်များအား အသုံးပြုသော သွားပွတ်တံသည် နူးညံ့ပြီး သေးငယ်ပျော့ပျောင်းရပါမည်။ ဖလိုရိုဒ်ပါဝင်သော သွားတိုက်ဆေးကိုလည်း အသုံးပြုရပါမည်။ သွားပွတ်တံကို ပါးစပ်အတွင်းထည့်ပြီး အပေါ်အောက် ရွေ့လျားနည်းဖြင့် ပွတ်တိုက်ပေးရပါမည်။ ကလေးငယ်၏ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် သွားဘက်ဆိုင်ရာဆရာဝန်များဖြင့် သွားကျန်းမာရေး ပုံမှန်စစ်ဆေးပေးရန် လိုအပ်ပါသည်။ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ခြင်းဖြင့် သွားနှင့်ခံတွင်းနှင့် ပတ်သက်သော ရောဂါများကင်းဝေးနိုင်ပါမည်။
(၄) ဦးခေါင်းသန့်ရှင်းရေး
ကလေးငယ်များ၏ ကျန်းမာရေးအတွက် ဦးခေါင်းနှင့် ဆံပင်သန့်ရှင်းရေးကို ဆောင်ရွက်ပေးရပါမည်။ ကလေးဆံပင်ကို တိုတိုထားနိုင်ပါက ကောင်းပါသည်။ ကလေးငယ် ဆံပင်အရှည်ထားပါက နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပေးရပါမည်။ ကလေးအများစုသည် ခေါင်းလျှော်ခြင်းကို မခံချင်ကြပါ။ သို့ရာတွင် ခေါင်းလျှော်မည်ဆိုပါက ကလေးများအတွက် အထူးထုတ်လုပ်ထားသော ခေါင်းလျှော်ရည် အမျိုးအစားကိုသာ အသုံးပြုရပါမည်။ ခေါင်းလျှော်ရည်များ ကလေး၏ မျက်နှာနှင့် မျက်စိကို စီးမကျစေရန် ကာကွယ်ထားရပါမည်။
(၅) လက်သည်းနှင့်ခြေသည်းများ သန့်ရှင်းရေး
ကလေးငယ်များ၏ လက်သည်းနှင့် ခြေသည်းများ သန့်ရှင်းရေးသည်လည်း လွန်စွာ အရေးကြီးပါသည်။ ငယ်စဉ်ကတည်းကပင် လက်သည်းနှင့် ခြေသည်းများကို တိုတိုတိတိ ဖြတ်ထားပေးရပါမည်။ သို့ရာတွင် ကလေး၏ လက်သည်းထိပ်၊ ခြေသည်းထိပ်များကို မညှပ်မိစေရန် သတိထားရပါမည်။
(၆) တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်း၍ ဖြစ်တတ်သောရောဂါများ
ကလေးငယ်များသည် အိမ် (သို့မဟုတ်) ကျောင်းတွင် လူငယ်သဘာဝအရ ဆော့ကစားကြပါသည်။ ဆော့ကစားပြီး ပြန်လာပါက တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ရန်လိုအပ်ပါသည်။ လက်ဆေးခြင်း၊ ရေချိုးခြင်း၊ သန့်ရှင်းသော အဝတ်အစားများ ဝတ်ဆင်ခြင်းစသည့် တစ်ကိုယ်ရေ သန့်ရှင်းမှုများ အားနည်းပါက ရောဂါများရရှိနိုင်ပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောခြင်း၊ သန်ကောင်စွဲကပ်ခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ ပွေး၊ ဝဲ၊ ယားနာစသည့် အရေပြားရောဂါများဖြစ်ခြင်းနှင့် တိရစ္ဆာန်မှ ကူးစက်တတ်သော ရောဂါများရရှိခြင်းများ ခံစားရနိုင်ပါသည်။
(၇) သန့်ရှင်းသော အဝတ်အစားများ ဝတ်ဆင်ပေးခြင်း
ကလေးငယ်များအား ရေချိုးပြီးတိုင်း ၎င်းတို့အတွက် အလှအပပြင်ဆင်နိုင်ရေးအတွက် စီစဉ်ပေးထားရပါမည်။ အလှအပပြင်ဆင်ပြီးပါက လျှော်ဖွပ်သန့်စင်ထားသော၊ မီးပူတိုက်ထားသော အဝတ်အစားများကို ဝတ်ဆင်ပေးရပါမည်။ နေ့စဉ်အဝတ်အစားလဲခြင်းကိုလည်း ကလေးများသိစေရန် သင်ပေးထားရပါမည်။ ၎င်းတို့ ဝတ်ပြီးသား လျှော်ဖွပ် အဝတ်အစားများ ထည့်ရန် ခြင်းလေးတစ်ခုကို သီးသန့်စီစဉ်ပေးထားရပါမည်။
(၈) အကြံပြုချက်
ကလေးများ၏ ကျန်းမာရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုကို မိဘအုပ်ထိန်းသူတိုင်းက ဂရုစိုက်ရပါမည်။ တစ်ကိုယ်ရေ သန့်ရှင်းစေရန် မည်သို့မည်ပုံ ပြုလုပ်ရမည်ကိုလည်း စိတ်ရှည်စွာ အချိန်ကုန်ခံပြီး ထပ်ကာထပ်ကာ သင်ကြားပေးရပါမည်။ တိရစ္ဆာန်နှင့် ဆော့ကစားပြီးတိုင်းနှင့် အစားအသောက် မကိုင်တွယ်မီအချိန်တွင် လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပေးရပါမည်။ အိမ်မွေးတိရစ္ဆာန်များနှင့်အတူတူ ဆော့ကစားရာတွင် ပါးစပ်၊ နှာခေါင်းများနှင့် နမ်းရှုပ်ခြင်းကို မပြုလုပ်ရန် သတိပေးရပါမည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။
Author: ဒေါက်တာမြင့်သန်းထွန်း, Healthcare Journal, vol 8,no 44 (17.11.18)