ပြေးလွှားကစားခြင်းနဲ့ စူးစမ်းဖွေရှာခြင်းဟာ ကလေးများရဲ့ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုနဲ့ လူမှုဆက်ဆံရေးဖွံ့ဖြိုးမှုတို့အတွက် အရေးပါပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ရောဂါပိုးမွှားတွေနဲ့ ထိတွေ့နိုင်ပြန်ပါတယ်။ ကလေးများအနေနဲ့ ကျန်းမာကြံ့ခိုင်ပြီး ရောဂါပိုးမွှားတွေကို ခုခံကာကွယ်နိုင်အောင် ဘယ်လိုဆောင်ရွက်နေလဲဆိုတာနဲ့ပတ်သက်ပြီး မေမေတစ်ချို့ကို မေးမြန်းခဲ့ပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံအားမြှင့်တင်ဖို့ ကျန်းမာရေးအလေ့အကျင့်ကောင်းတွေအကြောင်း ဆွေးနွေးခဲ့တဲ့အခါမှာ အာဟာရမျှတစွာစားသုံးခြင်း၊ ဇင့်၊ ဗီတာမင် (A, D, B6) တို့လို ကိုယ်ခံအားမြှင့်တင်ပေးတဲ့ အကောင်းဆုံးသောအာဟာရဓာတ်တွေပါဝင်တဲ့ နွားနို့သောက်သုံးခြင်းတို့က အဓိကအချက်များဖြစ်တယ်လို့ သူတို့က တညီတညွတ်တည်း ဆိုခဲ့ပါတယ်။
ဒေါ်မြင့်မြင့်ခိုင် ခိုင်မိုဘိုင်းနှင့် Queen Telecom မိုဘိုင်းဖုန်းဆိုင်ပိုင်ရှင် သားလေးယောက်ရှိ၊ အငယ်ဆုံး |
အစ်မမှာက သားယောကျ်ားလေးကြီးပဲ ၄ ယောက်ရှိပါတယ်။ ၃ ယောက်ကတော့ အရွယ်ရောက်နေပါပြီ။ အခုသားအငယ်ဆုံးလေးကတော့ ၈နှစ်ရှိပါပြီ။ သားလေးက ကျန်းမာရေးနဲ့ပတ်သက်ရင် ချူချာတယ်ပြောရမယ်။ မကြာခဏဖျားတတ်တယ်။ အသားငါး၊ နို့နဲ့ ဘယ်ရီသီးတွေမှာ အာဟာရတန်ဖိုးတွေအများကြီးပါမှန်း ကိုယ်တွေကတော့ သိပေမယ့် သူကအစာရွေးတော့ စိတ်ပူရတယ်။ ဒါပေမဲ့လည်း ကိုယ်ခံအားကောင်းနေဖို့ အသီးအနှံ၊ အသားငါးနဲ့ ဥတွေကို စုံအောင်လို့တော့ ချော့ပြီးကျွေးရတာပေါ့။ နွားနို့မှာဆိုလည်း အရိုးကိုသန်မာစေတဲ့ Calcium ဓါတ်လည်းပါသလို နွားနို့တိုက်ရင် ကိုယ်ခံအားကောင်းတယ်လို့မြင်လို့ နွားနို့ကို ခွက်တစ်ဝက်လောက် နေ့စဉ်တိုက်ဖြစ်တယ်။ သူနေထိုင်မကောင်းဖြစ်ပြီဆိုရင်တော့ ပူပူနွေးနွေးလေးလည်းဖြစ် ပျော့တာလည်းဖြစ်တာမျိုး၊ ကလေးခံတွင်းပျက်တဲ့အခါ ကလေးခံတွင်းလည်း တွေ့မယ့်အစားအစာလေးတွေ ရွေးပြီးကျွေးတယ်။ ကလေး ကိုယ်ခံအားကောင်းဖို့ကတော့ အသားငါး၊ အသီးအနှံ၊ နို့နဲ့ဥတွေကို မျှအောင်ကျွေးဖို့လိုသလို အိပ်ရေးဝဖို့လည်း လိုပါတယ်။ ပြေးလွှားဆော့ကစားတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလည်း လိုတယ်လို့မြင်ပါတယ်။
မခင်စုစုလှိုင် မြို့နယ်ဥပဒေအရာရှိ သမီးတစ်ယောက်ရှိ |
အစ်မကလေးက ခဏခဏဖျားလေ့တော့မရှိဘူး။ ဒါပေမဲ့ အိပ်ရေးပျက်တဲ့အချိန်တွေဆိုရင် ကိုယ်ခံအားကျပြီးတော့ နည်းနည်းအအေးပတ်တာမျိုး ဖျားလေ့ဖျားထရှိတယ်။ အထူးသဖြင့် ရာသီဥတုအကူးအပြောင်းတွေမှာ ဖျားတတ်တယ်။ ကလေးဖျားပြီဟေ့ဆိုရင် နို့တိုက်တယ်၊ စွပ်ပြုတ်တိုက်တယ်၊ ဆေးတိုက်တယ်၊ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပေါ့။ ထမင်းစားတဲ့အခါမှာလည်း မုန်လာဥနီ၊ ရွှေဖရုံသီးနဲ့ ကန်စွန်းဥတို့ တစ်ခုခုအမြဲပါအောင် ကျွေးဖြစ်တယ်။ အဲဒီအထဲမှာမှ ရွှေဖရုံသီးက အာဟာရဓာတ်တွေအများကြီးပါတယ်လို့ပြောလို့ သူ့ကို တစ်လမှာ နှစ်ကြိမ်တော့ ရွှေဖရုံသီးနဲ့ပုစွန်နဲ့ရောပြီး ကျွေးတယ်။ ပြီးတော့ အိမ်မှာ လူကြီးတွေ နွားနို့သောက်တဲ့အခါ သူ့ကိုပါတိုက်တယ်။ သူသောက်တယ်။ မငြင်းဘူး။ အစ်မကအလုပ်တစ်ဖက်နဲ့ဆိုတော့ နေ့ခင်းဘက် သူ့ကိုမကြည့်အားပေမယ့် နို့သောက်တတ်အောင် လေ့ကျင့်ပေးထားတယ်။ တစ်နေ့ကို ဖန်ခွက်နဲ့ နှစ်ခွက်သောက်လေ့ရှိတယ်။ မနက်တစ်ခွက် ညတစ်ခွက်။ နို့မှာ ကောင်းကျိုးတွေ အများကြီးပါတယ်လေ။ သူအခုလို ဖွံ့ဖြိုးလာတာကလည်း နို့သောက်လို့လို့ အစ်မထင်တယ်။ နောက်ပြီးတော့ သူကမှတ်ဉာဏ်အရမ်းကောင်းပြီး ဉာဏ်ပြေးတယ်။ ဒါတွေက နို့နဲ့ဆက်စပ်နေတာလားလို့လေ။ ကလေးကိုယ်ခံအားကောင်းအောင်လို့တော့ အိပ်ရေးဝဝအိပ်ဖို့လိုမယ်၊ အာဟာရမျှတအောင်ကျွေးတယ်။ ဒါတွေက ကိုယ်ခံအားစနစ်ကောင်းဖို့ အဓိကအကြောင်းအရင်းနှစ်ခုလို့ မြင်မိပါတယ်။
ယုဇနကိုကို PR Senior Account Executive သားတစ်ယောက်ရှိ |
အစ်မသားလေးက နေထိုင်မကောင်းတာ ဖျားနာတာ ဖြစ်ခဲပါတယ်။ ရာသီတုပ်ကွေးကြောင့်သာ တစ်ခါတစ်လေ ဖျားတယ်၊ ချောင်းဆိုတယ်၊ နှာစေးတယ်။ အဲဒီလောက်ပါပဲ။ နောက်ပြီး သူက G6PD အားနည်းတယ်။ G6PD ဆိုတာက သွေးနီဆဲလ်တွေကို ပုံမမှန်ဖြစ်စေပြီး သွေးအားနည်းစေတဲ့အရာပါ။ အထူးသဖြင့် ပဲကြီးတို့လို အစားအစာအချို့ စားမိတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူစားတဲ့အစာအစာတွေကို ဂရုစိုက်ပေးရပါတယ်။ အမြဲကျန်းမာနေအောင်လို့ပေါ့။
သူက တစ်နေ့ကို ထမင်းသုံးကြိမ်ပုံမှန်စားတယ်၊ ကြားထဲမှာလဲ နှစ်နာရီ သုံးနာရီကြားတစ်ခါက ကွတ်ကီး၊ အသီးဖျော်ရည်၊ သစ်သီးနဲ့ ချောကလတ်နို့ဖျော်ရည်တို့လို သရေစာတွေ စားသေးတယ်။ အစ်မတို့ကလည်း အသားငါးနဲ့ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ အသီးဖျော်ရည်နဲ့ အသီးအနှံတွေပါအောင် ထည့်ကျွေးတယ်။ မိဘတစ်ယောက်အနေနဲ့ သူ့အတွက် လိုအပ်တဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ပတ်သက်ပြီး သူ့ကိုရှင်းပြထားတယ်။ အိပ်ချိန်မှန်ဖို့ ကစားဖို့ လိုက်ကြည့်ပြီး လိုက်ပြောပေးရတာပေါ့။
သူဖျားတဲ့အခါမှာလည်း ကိုယ်ခံအားပြန်ကောင်းလာအောင် ကြက်ပေါင်းတို့၊ ဗီတာမင် C တို့ ပရိုတင်းတို့ ကျွေးဖြစ်တယ်။ နို့က အရိုးနဲ့သွားအတွက် ကောင်းပြီးတော့ ကြွက်သားတွေ ပြန်လည်တည်ဆောက်ပေးတာမျိုး ခွန်အားတွေပေးတာမျိုး အစရှိသည်ဖြင့် အာဟာရအကျိုးကျေးဇူးအများကြီးပါတာကို သတိပြုမိတယ်။ တစ်ခါတစ်လေကျ နွားနို့နဲ့ အကျိုးကျေးဇူးတူတဲ့ ဖော်မြူလာနို့ ဒါမှမဟုတ် ချိစ်နဲ့ နို့ထွက်ပစ္စည်းတွေကို တိုက်တယ်။ နို့ကို 360ml လောက် နေ့တိုင်းသောက်တယ်။ ဒါကြောင့်လည်း ဒေါင်ဒေါင်မြည်နေတာလို့ အစ်မတော့မြင်တယ်။
နန္းညီ PR Manager သားတစ်ယောက်ရှိ |
အစားမှန်မှန်စားတာ၊ အိပ်ရေးဝဝအိပ်တာ၊ ပြေးလွှားလှုပ်ရှားကစားတာက ကိုယ်ခံအားမြှင့်တင်ပေးတဲ့နေရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ ပါတယ်။ သူ့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုလေးလည်း ဂရုစိုက်ပေးရတာပေါ့။ တစ်ခုပဲ အစ်မစိတ်ပူတာက သူက အစာရွေးတယ်။ အသားကိုချက်ထားရင် သူကမစားတော့ဘူး။ အသားမှာပရိုတင်းဓာတ်တွေ အများကြီးပါဝင်မှန်းသိလို့ အမြဲတမ်းချက်ကျွေးပေမယ့် ငါးကြော်တစ်ခုပဲ စားတယ်။ ဒါပေမဲ့ နို့ကြိုက်တတ်လို့ နည်းနည်းတော်သေးတယ်။ နိုု့မှာလည်း အရည်အသွေးမြင့်တဲ့ ပရိုတင်းဓာတ်တို့၊ ကယ်လ်ဆီယမ်နဲ့ အခြားသောအာဟာရအကျိုးကျေးဇူးတွေ ပါတယ်လေ။ နို့ကိုတော့ တစ်နေ့ 500 ml လောက် သောက်လေ့ရှိတယ်။ အစာရွေးပေမဲ့ ပြောင်းဖူးတို့၊ ဥတို့၊ နို့တို့၊ အသီးအနှံနဲ့ ရေညှိတို့ ကြိုက်တယ်။ သူစားတာလေးတွေက အာဟာရအုပ်စုတွေထဲမှာ ပါဝင်တဲ့အစားအစာတွေမလို့ အာဟာရလုံလောက်တယ်လို့ ထင်တာပဲ။ သူကြီးလာရင်တော့ တခြားအစားအစာတွေပါ စားလာမယ်လို့ မျှော်လင့်ရတာပဲ။
သက်ထားနွယ် Assistant HR Manager သားတစ်ယောက်ရှိ |
အစ်မကလေးမှာ G6BD နည်းလို့ သူဘာစားသင့်တယ် မစားသင့်ဘူး အစရှိသည်ဖြင့်ပေါ့ ပြောပြထားရတယ်။ ဥပမာ – ပူရှိန်း တို့ တောင်ကြီးပဲလှော်လို ပဲအမျိုးမျိုး တို့ပေါ့။ သူ့ပုံမှန်ကျန်းမာရေးအတွက်ကတော့ လုံလောက်တဲ့အာဟာရဓာတ်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့ ဂရုစိုက်ပေးပါတယ်။ ကလေးတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကောင်းမွန်ဖို့ အရေးပါတဲ့အချက်နှစ်ချက်ဆိုတော့လေ။ နောက်ပြီး နို့က ကျန်းမာရေးအတွက်ရော အရိုးအတွက်ရော ကောင်းတဲ့အတွက် အနည်းဆုံးနို့တစ်ခွက် ပုံမှန်တိုက်တယ်။ နို့မှာပါတဲ့ အာဟာရဓာတ်တွေက အစုံပဲ။ ခုသူ ၆ နှစ်ပြည့်ပြီဆိုတော့ လူကြီးတွေလို စားနိုင်နေပြီ။ အထူးအထွေပြင်ပေးစရာ သိပ်မလိုတော့ဘူး။ ဟင်းသီးဟင်းရွက်ကလွဲရင် များသောအားဖြင့်တော့ ဘာကျွေးကျွေးစားပါတယ်။ အဲဒီလိုလေးစားလို့ တော်သေးတာပေါ့လေ။