သင့်ကလေးဘေးနားက မမြင်နိုင်တဲ့ အန္တရာယ်များ
အို! မဖြစ်နိုင်တာ ကျွန်မသေချာ စောင့်ရှောက်ထားတာပဲလို့ မပြောပါနဲ့။ တချို့အန္တရာယ်တွေကို မျက်စိနဲ့ မြင်လို့ရပေမယ့် မျက်စိနဲ့မမြင်နိုင်တဲ့ အန္တရာယ်တွေ အများကြီး ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိနေပါသေးတယ်။
သင့်ကလေးအပါအဝင် ကျွန်တော်တို့လူသားတွေ အားလုံးဟာ မျက်စိနဲ့မမြင်ရတဲ့ အန္တရာယ်တွေကြားမှာ ရှင်သန်နေထိုင်နေရတာပါ။ မျက်စိနဲ့ မမြင်ရတဲ့အန္တရာယ်ဆိုတာ ဘာလဲ။ မျက်စိနဲ့မမြင်ရတဲ့အန္တရာယ်တွေဆိုတာကတော့ ပိုးမွှားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မြောက်များစွာသော ပိုးမွှားတွေ ရှိလို့နေပါတယ်။ ရှူသွင်းလိုက်တဲ့လေတွေတိုင်းမှာ ၊ စားသုံးလိုက်တဲ့အစားအစာတွေတိုင်းမှာ ၊ ထိတွေ့ကိုင်တွယ်လိုက်တဲ့အရာဝတ္ထုတိုင်းမှာ မမြင်နိုင်တဲ့ပိုးမွှားတွေ သောင်းနဲ့သိန်းနဲ့ချီပြီးတာ့ကိုရှိနေပါတယ်။
တချို့သော ပိုးမွှားတွေမှာ လူကိုအကျိုးပြုပေမယ့်များစွာသော ပိုးမွှားတွေကတော့ လူကိုဒုက္ခပေးတာများပါတယ်။ ဒါကြောင့် သင့်ကလေးမှာ အန္တရာယ်တွေ ဝိုင်းနေတယ်လို့ ပြောရတာပါ။ သင့်ကလေးကို နာမကျန်းဖြစ်စေမယ့် ရောဂါပိုးမွှား အများကြီးဟာ သင့်ကလေးဘေးမှာ ဝိုင်းရံလို့နေပါတယ်။
ရောဂါပိုးဆိုတာ ဆေးရုံဆေးခန်းမှာတင် ရှိတာမဟုတ်ပါဘူး။ လူထူထပ်တဲ့နေရာတွေမှာ ကစားကွင်းတွေမှာ ရှော့ပင်းစင်တာတွေမှာ ယုတ်စွအဆုံး သင့်အိမ်ထဲမှာတင် ရှိနေနိုင်တာပါ။ တချို့ကလေထဲမှာ စောင့်နေကြတယ်။ တချို့က သင့်ကလေးစားမယ့် အစားအစာထဲမှာ။ တချို့က သင့်ကလေး ကစားတဲ့ကိုင်တွယ်လိုက်တဲ့ ပစ္စည်းတွေမှာ။ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ သင့်ကလေးရဲ့ ကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်လျှက် ရှိပါတယ်။
ရှူသွင်းလိုက်တဲ့ လေကနေတဆင့် ခန္ဓာကိုယ်ကို ဘေးဥပဒ်ဖြစ်စေတဲ့ ပိုးတွေထဲမှာ အအေးမိနှာစေးတာ၊ တုပ်ကွေးဖြစ်တာ၊ ရေကျောက်ရောဂါတွေ ဖြစ်စေတာ၊ ပါးချိတ်ရောင်တာ၊ ရက်တစ်ရာ ကြက်ညှာချောင်းဆိုးရောဂါတွေအပြင် လူအများကြောက်ရတဲ့ ဝက်သက်ရောဂါ၊ အဆုတ်အအေးမိတာ၊ တီဘီရောဂါတွေတောင် ဖြစ်စေနိုင်ပါတယ်။ လေဆိုတာကည်း မမြင်ရတော့ ရောဂါပိုး ပါမပါ မသိနိုင်ပါဘူး။ စစ်ထုတ်ပြီး ရှူသွင်းဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။
ဒီလိုပါပဲ အစားအစာတွေ ၊ တခြား မသန့်ရှင်းတဲ့ပစ္စည်းတွေကနေတဆင့် ဝမ်းပျက်ဝမ်းလျှောဖြစ်တာတွေ၊ အူရောင်ငမ်းဖျားဖြစ်တာတွေ၊ အသည်းရောင်အသားဝါဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုတော့ ကိုယ့်ကလေးငယ်ဟာ ဒီပိုးတွေ ဝင်ခံရပြီး တောက်လျှောက်နေမကောင်းဖြစ်နေနိုင်တယ်ဆိုလိုတာ မဟုတ်ပါဘူး။ လူတိုင်းရဲ့ခန္ဓာကိုယ်ထဲမှာ ကိုယ်ခံစွမ်းအားဆိုတာ ရှိပါတယ်။
ကိုယ်ခံစွမ်းအားဟာ ဘာနဲ့တူသလဲဆိုတော့ နယ်နိမိတ်ကြားမှာ စောင့်နေတဲ့ စစ်တပ်တစ်ခုနဲ့ တူပါတယ်။ ခန္ဓာကိုယ်ထဲကို ပိုးမွှားတွေရောက်လာတာနဲ့တိုက်ထုတ်ပေးပါတယ်။ ကိုယ်ခံအားနည်းတဲ့အခါမှာ ပိုးမွှားတွေဟာ ဝင်ချင်သလိုတွေ ဝင်ပြီး သင့်ကလေးကို ဒုက္ခကောင်းကောင်းပေးနေတော့မှာပါ။
ဒီတော့ အမေတွေအနေနဲ့ ကိုယ့်ကလေး ကိုယ်ခံစွမ်းအား ကောင်းအောင်ဘယ်လိုတွေ လုပ်ဆောင်သင့်သလဲဆိုတာ မဖြစ်မနေ သိဖို့လိုအပ်လာပါပြီ။ ကိုယ်ခံစွမ်းအား ကောင်းစေဖို့အတွက် ကလေးကိုအာဟာရ စုံလင်မျှတစွာ ကျွေးဖို့လိုအပ်ပါတယ်။ အိပ်ရေးဝဝအိပ်ဖို့လိုအပ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးဖို့၊ လက်ဆေးတတ်တဲ့အကျင့်လေးတွေ မွေးမြူပေးဖို့လိုပါတယ်။
များသောအားဖြင့် ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ အစားအစာတွေဆိုတာ ဟင်းသီးဟင်းရွက်တွေ၊သစ်ဥသစ်ဖုတွေမှာ ပါတာများပါတယ်။ ကလေးဆိုတာ အစားအသောက်ရွေးတတ်ပါတယ်။ ဒီတော့ကိုယ်ကစားစေချင်တဲ့ သူ့ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာတွေကို ကျွေးလို့ရချင်မှ ရမှာပါ။ ကျွေးလို့မရလို့လည်း စိတ်မညစ်ပါနဲ့။ အခုခေတ်က နည်းပညာတွေ တိုးတက်နေတဲ့အတွက် ကိုယ်ခံအားကောင်းစေတဲ့ ဇင့်ဓာတ်အပါအဝင် တခြားသော ဗီတာမင်အေ၊ ဒီ၊ ဘီ ၆ တွေ အပါအဝင်အာဟာရတွေ ပြည့်စုံတဲ့ နို့မှုန့်တွေ ရှိနေပါပြီ။ နို့မှုန့်တိုင်းမှာ အဲလိုဓာတ်တွေ မပါဝင်ပေမယ့် အဲလိုဓာတ်တွေ ကြွယ်ဝတဲ့နို့မှုန့်တွေကို ရွေးပြီး တိုက်ပေးသင့်ပါတယ်။
ဒီလိုတိုက်ကျွေးခြင်းအားဖြင့် ကိုယ်ခံအားကောင်းစေရုံမကဘဲ တခြားသောကျန်းမာရေး ကောင်းကျိုးတွေလည်း ရရှိနိုင်ပါတယ်။ ပြီးတော့ ကလေးတွေဘဝ အပူအပင်ကင်းတယ်လို့ သင်မထင်ပါနဲ့။ ကလေး တွေမှာလည်း ကလေးအလျှောက် စိတ်ဖိစီးမှုတွေ ရှိတတ်ပါတယ်။ စိတ်ဖိစီးမှုတွေကလည်း ကိုယ်ခံအား လျော့နည်းစေတဲ့အတွက် ကလေးတွေ ဘာကိုစိတ်ဖိစီးနေလဲ၊ အလိုမကျဖြစ်နေလဲသိအောင်လုပ်ပါ ကလေးတွေကိုအချိန်ပေးပြီး သူတို့နဲ့ဆော့ပေးတာမျိုးတွေ ပြုလုပ်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် သင့်ကလေးကို ပျော်ရွှင်စေရုံသာမက ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်လည်းကောင်း၊ ကြီးထွားဖွံဖြိုးမှုတွေလည်း ကောင်းလာပါလိမ့်မယ်။
Author : Dr. မေ