သားအိမ်ထဲ ပစ္စည်းထည့်ခြင်း
ကလေးယူဖို့ အဆင်သင့် မဖြစ်သေးတဲ့ သူတွေအတွက် သန္ဓေတားတဲ့ နည်းလမ်းတွေ မျိုးစုံ ရှိပါတယ်။ ဒီထဲက ဈေးနှုန်းလည်း သက်သာပြီး အလုပ်မရှုတ်တဲ့ သားအိမ်ထဲ ပစ္စည်းထည့်ခြင်းဆိုတဲ့ နည်းလမ်းအကြောင်းကို ပြောပြချင်ပါတယ်။
သားအိမ်ထဲ ပစ္စည်းထည့်ခြင်းဆိုတာ သေးငယ်တဲ့ ပစ္စည်းလေးတစ်ခုကို သားအိမ်ခေါင်းဝမှာ ထည့်ထားခြင်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့် အင်္ဂလိပ်အက္ခရာ တီပုံစံ ဒါမှမဟုတ် ထီးလို ပုံစံမျိုးကို အသေးလေးတွေပါ။ အရွယ်အစားအားဖြင့် သေးငယ်ပြီး အောက်မှာ ကြိုးလေးတွေ တွဲထားပါတယ်။ ပစ္စည်းလေးတွေဟာ များသောအားဖြင့် ၂ မျိုး ရှိပါတယ်။ ကြေးနီပါတဲ့ တီပုံသဏ္ဍန်ပုံစံမျိုး ရှိသလို ဟော်မုန်းတွေပါတဲ့ ထီးလို ပုံစံမျိုးလည်း ရှိပါတယ်။
ရာသီစလာတဲ့ နေ့ကနေ တစ်ပတ်အတွင်း ထည့်လို့ရပါတယ်။ ကြားချိန်မှာ ထည့်မယ်ဆို ကိုယ်ဝန် ရှိမရှိစစ်ပါ။ မရှိရင် ထည့်လို့ရပါတယ်။ ဒါပေမယ့် တစ်ပတ်တိတိ ကွန်ဒုံးသုံးပေးသင့်ပါတယ်။ ထည့်တဲ့အခါမှာ ခွဲစိတ်တာမျိုးတွေ မရှိပါဘူး။ ကလေးမွေးသလို ဒူးထောင် ပေါင်ကားခိုင်းထားပြီး မိန်းမကိုယ်ကတဆင့် ထည့်ပါတယ်။ အနည်းငယ်တော့ အောင့်သက်သက် ဖြစ်နိုင်ပါတယ်။ ထည့်ပြီးသွားတဲ့အခါမှာ ကြိုးစလေးကို အနေတော်တိုင်းထားခဲ့ပါတယ်။ တစ်လတစ်ခါ ကြိုးစလေးကို စမ်းကြည့်သင့်ပါတယ်။ ထည့်ပြီးပြီးချင်းမှာလည်း သင့်ကို ကြိုးစလေးကို စမ်းခိုင်းပါလိမ့်မယ်။
သေးငယ်တဲ့ ဒီပစ္စည်းလေးတွေဟာ သုက်ပိုးကို သားအိမ်ထဲ ဝင်ရောက်ခြင်းက တားဆီးပေးပါတယ်။ ဒါ့အပြင် မမျိုးဥနဲ့ တွေ့ခဲ့ရင်လည်း သန္ဓေတည်ဖို့ သားအိမ်နံရံကို တွယ်ရပါတယ်။ ဒီပစ္စည်းထဲမှာပါတဲ့ ကြေးနီ ဒါမှမဟုတ် ဟော်မုန်းတွေက သားအိမ်နံရံကို သန္ဓေလာမတည်နိုင်အောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ၉၉ % လောက်တော့ တားဆီးပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ရာမှာ တစ်ယောက်လောက်ကတော့ ကလေးရသွားတာမျိုး ဖြစ်နိုင်ပါတယ်။
သားအိမ်ထဲ ပစ္စည်းထည့်ခြင်းရဲ့ ကောင်းကျိုးတွေကတော့
၁။ တာရှည်ခံပါတယ်။ ပစ္စည်းတော်တော်များများဟာ ၅ နှစ်လောက်တော့ ခံပါတယ်။ တချို့ဆို ၁၀ နှစ်လောက်ထိတောင် သန္ဓေတားနိုင်ပါတယ်။
၂။ ကိုယ်ထုတ်ချင်တဲ့အချိန်မှာ အချိန်မရွေး ပြန်ထုတ်နိုင်ပါတယ်။
၃။ ဆေးသောက်ဖို့ ဆေးထိုးဖို့ မေ့တတ်တဲ့သူတွေအတွက် ဒီနည်းလမ်းက အဆင်ပြေပါတယ်။
၄။ လိင်ဆက်ဆံခြင်းမှာလည်း အကျိုးသက်ရောက်မှု မရှိစေပါဘူး။• ကလေးနို့တိုက်တဲ့အချိန်မှာလည်း သုံးလို့ ရပါတယ်။
၅။ ကြေးနီနဲ့ လုပ်ထားတဲ့ ပစ္စည်းကို အသုံးပြုတဲ့ အခါမှာ ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ ဝလာတာတွေ ၊ အသားအရေ မွဲခြောက်တာတွေကို မခံစားရပါဘူး။
ဆိုးကျိုးတွေကတော့
၁။ ထည့်တဲ့နေရာမှာ မသန့်တဲ့အခါ ပိုးဝင်တာတွေ ဖြစ်နိုင်ပါတယ်။
၂။ ရာသီလာတဲ့အခါမှာ နာကျင်တာတွေ ၊ ရာသီသွေးဆင်း များတာတွေ ဖြစ်လာနိုင်ပါတယ်။
၃။ သားအိမ်ပြင်ပ သန္ဓေတည်တာမျိုး ဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အလွန်ကို ဖြစ်ခဲပါတယ်။
၄။ နေရာရွေ့သွားတာမျိုး ၊ ကြိုးပျောက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
အချုပ်ပြောရရင် သားအိမ်ထဲ ပစ္စည်းထည့်တာဟာ ဆိုးကျိုးနည်းပြီး ကောင်းကျိုးများတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် မွေးလမ်းကြောင်း ဆိုးဝါးစွာ ရောင်ရမ်းဖူးတဲ့သူတွေ ၊ လိင်ကတဆင့် ကူးစက်ထားတဲ့ ရောဂါရှိပြီး ပျောက်ကင်းအောင် မကုထားတဲ့သူတွေ ၊ သားအိမ်နဲ့ သားအိမ်ခေါင်း ပုံသဏ္ဍန် မမှန်တဲ့သူတွေတော့ ဒီနည်းကို အသုံးမပြုသင့်ပါဘူး။
Author : Dr. မေ