မျက်စိဆိုတာ အာရုံခံအင်္ဂါအစိတ်အပိုင်းတွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အမြင်အာရုံခံစားမှုကောင်းနေတုန်းတော့ မျက်စိရဲ့ အရေးပါတာတွေက အမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ကြတယ်။ မျက်စိအားနည်းလာတာ အမြင်အာရုံ ဝေဝါးလာတော့မှ မျက်စိကို ဂရုစိုက်ဖို့သတိရလာတတ်တယ် ဒါတွေမဖြစ်ခင်တည်းက မျက်စိဆိုတာ ကြိုတင်ဂရုစိုက်စစ်ဆေးနေထိုင်သွားလို့ရပါတယ်။ ဒါကလည်းမျက်စိကျန်းမာရေး စစ်ဆေးပေးတဲ့သဘောပါပဲမျက်စိဆိုတာ ငယ်ရွယ်စဉ်တည်းက ဂရုစိုက်နေရမှာပါ ငယ်ငယ်ကဂရုမစိုက်မိရင် တစ်ခုခုဆိုအသက်ကြီးတဲ့အထိ ပါသွားနိုင်ပါတယ်။
ကလေးဘဝမှာတော့ ကိုယ်တိုင်ဂရုစိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး လူကြီးမိဘတွေက ဝိုင်းပြီး ဂရုစိုက်ပေးကြရမှာပါ ဆော့ကစားတဲ့အခါ မျက်စိမထိခိုက်မိအောင် အန္တရာယ်ရှိတာတွေကို ဘေးနားပတ်ဝန်းကျင်မှာ မရှိစေရပါဘူး ကလေးငယ်တွေ ငြိမ်ရင်ပြီးရောဆိုပြီး TV တွေ ဖုန်းတွေ Game တွေ အချိန်အကြာကြီးမပေးထားရပါဘူး။ ကလေးတွေကို ဒါမျိုးပြမယ်ဆိုလည်း အချိန်သတ်မှတ်ပါ တစ်ခါကိုနာရီဝက်ထက်ပိုမကြာပါစေနဲ့ အလင်းရောင်ကောင်းကောင်းမှာပြပါ screen မျက်နှာပြင်ကြီးပါစေ မျက်စိနဲ့ အရမ်းနီးနေအောင်လည်းမကြည့်ပါစေနဲ့ အနည်းဆုံးတစ်ပေခွာထားပါ လုံးဝမကြည့်တာကတော့ပိုကောင်းပါတယ်။ ကလေးတွေငယ်ငယ်တည်းက ဒီလို TV တွေ ဖုန်းတွေ Game တွေတောက်လျှောက်ကြည့်တဲ့အခါ သူငယ်အိမ်စောင်းတာ အရောင်ကာလာမကွဲပြားတာ မျက်စိပါဝါတိုးလာတာတွေ ကနေ မျက်စိမမြင်တော့တဲ့ အထိဖြစ်လာစေနိုင်ပါတယ်။
ကလေးတွေ ကျောင်းတက်တဲ့အရွယ်ရောက်လာတော့လည်း လူကြီးမိဘတွေကပဲ ဆက်ပြီး ဂရုစိုက်ပေးရဦးမှာပါ စာတော်ရင်ပြီးရော စာပဲကြည့်ရမယ်ဆိုပြီး ထားလို့မရပါဘူး မျက်စိကိုသူ့အချိန်နဲ့သူအနားပေးပါ အိပ်ရေးဝပါစေ စာကြည့်တဲ့အခါ အလင်းရောင်ကောင်းကောင်းမှာ ကြည့်ဖို့လိုပါတယ်။ စာအုပ်နဲ့မျက်နှာလည်းအရမ်းမကပ်ရပါဘူး ခေါင်းကိုတစ်ချိန်လုံးငုံ့ကြည့်နေလို့လည်း မရပါဘူး ဒါဆိုမျက်စိတင်မကဘဲ ဇက်ကြောတွေ ခေါင်းတွေပါ ထိုးကိုက်လာတတ်ပါတယ်။ စာလည်းကြည့် ခေါင်းလေ့ကျင့်ခန်းလည်းလုပ်ရပါမယ် အဝေးမှာရှိနေတဲ့ အစိမ်းရောင်အပင်အရွက်တွေလည်း တစ်လှည့်စီ လိုက်ကြည့်ပေးရပါမယ် အဝေးအနီး တစ်လှည့်စီကြည့်ပေးခြင်းက မျက်စိကို ဒဏ်မပိစေတော့ပါဘူး။
မျက်စိပါဝါကြောင့် မျက်မှန်တပ်နေရတဲ့သူတွေလည်း မျက်မှန်မတပ်ဘဲ မထားပါနဲ့ ပါဝါပိုတိုးလာတတ်ပါတယ်။ တစ်ချို့မျက်မှန်တွေကျတော့ ပါဝါမပါဘဲ စလင်ဒါပဲပါတတ်တယ် သိပ်မများဘူးဆိုရင်တော့မျက်စိဆရာဝန်ပြောထားသလောက်တော့ သေချာတပ်ပေးရပါမယ်။ မျက်စိကိုလည်း သေချာပြန်စစ်ပေးရပါမယ်။
နေပူထဲမှာ အလုပ်လုပ်ရတဲ့သူတွေအနေနဲ့ မျက်စိကို နေရောင်တိုက်ရိုက်မထိရအောင် UV protection ပါတဲ့ နေကာမျက်မှန်တွေ တပ်သင့်တယ်။ မဟုတ်ရင်တောင် လျှာထိုးဦးထုပ်မျိုးတွေဆောင်းသင့်တယ် ဝရိန်ဆော်ရတဲ့သူတွေလည်း အလုပ်ချိန်မှာ မျက်စိကိုကာကွယ်ပေးထားတဲ့ မျက်နှာဖုံးတွေတပ်သင့်တယ်။ လေတိုက်ထဲ အလုပ်လုပ်ရတဲ့သူတွေမှာလည်း မျက်စိကို လေတိုက်ရိုက်မထိအောင်မျက်မှန်တပ်ထားသင့်ပါတယ်။ မျက်သားတွေက နေပူများတာ အပူများတာ လေသလပ်ခံတာတွေများလာတာနဲ့အမျှ မျက်သားခြောက်လာတတ်ကြတယ် မျက်ရည်အထွက်နည်းလာတယ်။
မျက်စိထဲ ယားယံလာတယ် မျက်သားတက်လာတတ်ပါတယ်။ တစ်ချို့ရောဂါတွေက ပြန်မပျောက်ပါဘူး မျက်စိကိုခွဲစိတ်ရတယ်ဆိုရင်တောင် အကောင်းတိုင်းပြန်မဖြစ်ပါဘူးရေနဲ့အမြဲထိတွေ့နေရတဲ့သူတွေလည်း ရေထဲဆင်းတဲ့ အခါ ရေထဲဆင်းတဲ့ မျက်မှန်ကိုတပ်ပါ ရေထဲမှာမသန့်တဲ့ အမှုန်အမွှားတွေ မျက်စိကိုတိုက်ရိုက်မထိခိုက်စေအောင်ပါနွေရာသီတို့ အပူများတဲ့အခါတွေမှာ မျက်စိနာတတ်ကြတယ်။ မျက်စိနာတာက ဘက်တီးရီးယားပိုးတွေ တစ်ခြားသောရောဂါပိုးမွှားတွေနဲ့လည်းဆိုင်တတ်တယ်။ ဒါကြောင့်တစ်ယောက်မှာဖြစ်တယ်ဆိုရင် အတူနေမိသားစုဝင်တွေကို ကူးတတ်ပါတယ်။ မကေ်စိနာတဲ့သူတွေက မျက်စိကို လက်နဲ့ ခဏခဏမပွတ်ပါနဲ့ နာတယ်ယားတယ်။ ခိုးလုခုလု ဖြစ်တယ်ဆို အပေါ်ကနေရေအေးဖတ်ကပ်ပါ မျက်ဝတ်အထွက်များတတ်တာကို အဝတ်သန့်နဲ့ သတ်သတ်မှတ်မှတ်သုတ်ပါ အဝတ်ကိုလည်း တွေ့ကရာ မချပါနဲ့ လက်တွေကို အမြဲ ရေဆပ်ပြာသေချာဆေးပြီးမှ မျက်စိကို ကိုင်ပါ မျက်စိနာနေတုန်းမှာ အပြင်ထွက်တာတွေကို လျှော့ပါ လိုအပ်လာရင်တော့ ဆေးခန်းသေချာပြပါ တစ်ယောက်စကားတစ်ယောက်နားကြားတဲ့ဆေးတွေ မသုံးစေချင်ပါဘူး မျက်စိက အမှားမခံပါဘူး။
နောက်ဆုံးအနေနဲ့ ဆီးချို သွေးတိုး ရောဂါသည်တွေ မှာ သေချာမထိန်းနိုင်ခဲ့ရင် ဖြစ်တဲ့အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲအနေနဲ့ မျက်စိထိခိုက်လာနိုင်ပါတယ် အဆင့်အမျိုးမျိုးရှိပါတယ်။ နောက်ဆုံးအဆင့်မှာတော့ အမြင်အာရုံ ပျက်စီးသွားမှာပါ တစ်ဖြည်းဖြည်းဖြစ်တာရှိသလို တစ်ခါတစ်လေ ရုတ်တရက်မျက်စိမမြင်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးတိုးရောဂါသည်တွေအနေနဲ့ ရောဂါကို သေချာထိန်းဖို့လိုတဲ့အပြင် တစ်နှစ်တစ်ခါ အနည်းဆုံးမျက်စိစစ်ရပါမယ် ပြောင်းလဲလာပုံပေါ် မူတည်ပြီး ကြိုတင်ကုသရပါမယ်။
မျက်စိကျန်းမာရေးကို ဂရုစိုက်နိုင်ကြပါစေ။
Author : Dr. CST